ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

မဒေးကျွန်းလို့ ကြားမိလိုက်တာနဲ့ ဘယ်နေရာ၊ ဘယ်ဒေသမှာ ရှိတယ်ဆိုတာကို မသိရင်တောင် တရုတ်-မြန်မာ ရေနံပိုက်လိုင်းစီမံကိန်း တည်ရှိတဲ့ နေရာတစ်ခုဖြစ်တယ်ဆိုတာကို သိထားပြီးသား ဖြစ်ကြပါလိမ့်မယ်။ ဒီဒေသဟာ ဆိုရင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းမှာ တည်ရှိတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေထဲမှာ သဘာဝသယံဇာတတွေကို ထုတ်ရောင်းတဲ့ဝင်ငွေက အများဆုံး ဖြစ်ပါတယ်။ အဲဒီထဲမှာ သဘာဝဓာ တ်ငွေ့ရောင်းလို့ရတဲ့ ဝင်ငွေကလည်း အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်ပါတယ်။ ကျောက်ဖြူမြို့နယ်အတွင်းမှာ ရွှေသဘာဝဓာတ်ငွေနဲ့ ရေနံပို က်လိုင်းစီမံကိန်းတို့တည်ရှိနေတဲ့အနက် ရေနံစိမ်းသိုလှောင်ကန်နဲ့ ရေနံဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းဆိုရင် မဒေးကျွန်းမှာတည်ရှိနေတာပါ။

ဒီလိုဆိုရင် နိုင်ငံတကာကိုတင်ပို့နေတဲ့ ရေနံပိုက်လိုင်းစီမံကိန်းတည်ရှိတဲ့ မဒေးကျွန်းဒေသကရော ဘယ်လိုရှိနေပါပြီလဲ။ ဒေသခံတွေကေ ကာ အကျိုးခံစားခွင့် ဘယ်လောက်ရရှိနေကြပါသလဲ။ ဒီအကြောင်းအရာတွေကို ဒေသခံတွေနဲ့ သွားရောက်တွေ့ဆုံ မေးမြန်းထားတာတွေ ဒီသီတင်းပတ်မှာ တင်ပြပေးလိုက်ပါတယ်။

မဒေးကျွန်းစီမံကိန်းကို ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး အခုဆိုရင် အစိုးရနှစ်ဆက်တိုင်ရှိခဲ့ပါပြီ။ ဒါပေမယ့် လယ်ယာမြေအငြင်းပွားမှုတွေ၊ ရေလုပ်သားတွေကန့်သတ်ခံရတာတွေ အခုထိတိုင်ရှိနေဆဲဖြစ်ပြီး အလုပ်အကိုင်တွေလည်းရှား ပါးလာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

၂၀၀၉ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့တဲ့ မဒေးကျွန်းစီမံကိန်းကို ရေနံသိုလှောင်ကန်တွေ၊ ပိုက်လိုင်းတွေ တည်ဆောက်လို့အပြီး ၂၀၁၇ ခုနှစ်မှာ တရုတ်နိုင်ငံကို ရေနံတွေ စတင်ပို့လွှတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလို မပို့လွှတ်နိုင်ခင်မှာ ရေနံစိမ်းသိုလှောင်ကန်တည်ဆောက်ဖို့နဲ့ ပိုက်လိုင်းသွယ်တန်းဖို့၊ နောက်ပြီး အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ အာဖရိကတို့က ရေစူးအနက် ၂၇ မီတာနဲ့ တန်ချိန် ၃ သိန်းဆံ့ ရေနံတင်သင်္ဘောတွေ မဒေးကျွန်းကို ဝင်ရောက်လာနိုင်ဖို့ သင်္ဘောလမ်းကြောင်းတွေကို ကနဦး တည်ဆောက်ခဲ့ရပါတယ်။

ဒီလို တည်ဆောက်ခဲ့ချိန်မှာတော့ ဒေသခံတွေအနေနဲ့ ဆုံးရှုံးနစ်နာမှုတွေများစွာ ရှိလာခဲ့ပါတယ်။ Arakan Yoma က သွားရောက်၊ လေ့လာခဲ့ရာမှာတော့ ဒေသခံတွေအနေနဲ့ လက်ရှိမကျေမနပ်မှုရှိနေတာက အဓိကနှစ်ပိုင်းရှိနေတာကို သူတို့ပြောပြလို့ သိခဲ့ရပါတယ်။ ပထမ တစ်ပိုင်းက လယ်ယာမြေ အသိမ်းဆည်းခံတာနဲ့ လယ်ယာမြေပျက်စီးသွားကြတာဖြစ်ပြီး ဒုတိယတစ်ပိုင်းကတာ့ ပင်လယ်ပြင်ထွက် ငါးဖမ်းသမားတွေရဲ့ အခဲအခက်ဖြစ်ပါတယ်။

လယ်ယာမြေဆုံးရှုံးမှုနဲ့ ပတ်သတ်ပြီး ပြောရမယ်ဆိုရင်တော့ ဒေသခံတွေက ထိုက်သင့်တဲ့လျော်ကြေးငွေတွေ မရတဲ့အပြင် တချို့မှာဆိုရင် ပိုက်လိုင်းစီမံကိန်းကြောင့် လယ်ယာမြေတွေ ဖုံးလွှမ်း သွားတာတွေလည်း ရှိပါတယ်။ လယ်ယာမြေ ၁ ဧကနီးပါးဆုံးရှုံးနေတဲ့ မဒေးကျွန်း၊ ကျောက်တန်းရွာက ဦးမောင်မြင့်သိန်းက သူဟာ ကျပ်သိန်း ၁၀၀ ကျော်လောက်ရမှာဖြစ်ပေမယ့် အခုအချိန်ထိ ကျပ်သိန်း ၃၀ ကျော်သာ ရရှိသေးတယ်လို့ ပြောပါတယ်။

“ဘယ်လို မလိမ့်တပတ်လုပ်သလဲဆိုရင် လျော်ကြေးသုံးနှစ်စာလို့ရေးထားတယ်။ တကယ့်စာအုပ်မှာ ၅ နှစ်စာ။ ၅ နှစ်စာမှာလည်း သူတို့ ဖြတ်စားထားပါတယ်။ ကျနော်ရမယ့်ငွေဟာ တွက်ကြည့်လိုက်ရင်ရမယ့် ငွေကြေးကသိန်း ၁၀၀ ကျော်ရမယ်။ အခုက ၁၈ သိန်းကျော်နှစ် ခါဆိုတော ၃၆ သိန်းကျော်ပေါ့။ ၂၀၁၂ နှစ်က ပေါက်စျေးတောင် သိန်း ၁၀၀ ရမယ်။ ဆုံးရှုံးနေတာက လယ်မြေဧက ၀ ဒသမ ၈၇ (၀.၈၇) ပါ။ ဒီလျော်ကြေးတွေက သူတို့ကို ပေးတာမဟုတ်ပါ။ တရားဝင်ပေးတာက ကျနော်တို့ကိုပါ။ သူတို့က ကြားကနေဖြတ်စားထားတော့ ကျနော်တို့ရမယ့် ငွေပမာဏကသိန်း ၁၀၀ ကျော်လေ။ ခုက သိန်း ၃၀ ကျော်ပဲရတယ်။ ဆိုတော့ ကျနော်တို့ ဘယ်လောက်နစ်နာပါသလဲ။”

ကျောက်တန်းကျေးရွာမှာနေထိုင်တဲ့ အဖွားဒေါ်သန်းသန်းတို့ မိသားစုမှာတော့ ဦးမောင်မြင့်သိန်းတို့လို့ လယ်ယာမြေတွေသိမ်းဆည်းခံခဲ့ရ တာ မဟုတ်ပေမယ့် လယ်မြေ ၂ ဧကလောက်ဟာ ပိုက်လိုင်းစီမံကိန်းကြောင့် လူတစ်ရပ်လောက်ရှိတဲ့ သဲမြေဖုံးလွှမ်းသွားတာကြောင့် အရင်ကလို လုံလောက်တဲ့လယ်မြေမှာ လုပ်ကိုင်စားသောက်ခွင့် မရတော့တာကြောင့် အသက်အရွယ်ကြီးလာပြီဖြစ်တဲ့ သူတို့ လင်မယားနှစ်ဦးက ဒုက္ခရောက်နေတယ်လို့ ဆိုပါတယ်။ သူတို့ဟာလည်း တခြားလူတွေနည်းတူ ကျပ်သိန်း ၂၀ လျော်ကြေးရခဲ့ပေမယ့် အဲဒီငွေကြေး ဟာ သူတို့အတွက် မလုံလောက်ဘူးလို့ ဆိုပါတယ်။

ဒေါ်သန်းသန်းရဲ့ခင်ပွန်းက “ပိုက်လိုင်းမှာတော့ ပါမသွားဘူး။ ကျနော်တို့လယ်က တောင်စောင်းကဆင်းတဲ့ ပိုက်လိုင်းနားမှာ ရှိတဲ့အတွက် သူတို့မြေတွေဟာ ကျနော့်လယ်ကို အကုန်လုံး ဖုံးလွှမ်းသွားတယ်။ ခုတောင် လုပ်မစားရသေးတာ အများကြီး ရှိပါသေးတယ်။ ပျက်စီးနေ တာ။ ဖောက်ဖဲပင်၊ ရှက်ပင်တွေပေါက်လို့။ ၂ ဧကနီးပါလောက်ပေါ့။ အဲဒီတွေကို ကျနော်ကမြို့နယ်အုပ်ချုပ်ရေးမှူးကိုတင်ပြတော့ လျော် ကြေးရမယ်လို့ပြောတယ်။ ရလည်း ရတယ်။ ပိုက်ဆံ ၂၀ ရတော့ ကျနော်တို့မှာ လယ်ဆီကို မရောက်လိုက်ဘူး။ အကြွေးတင်နေတာတွေ ကို ဆပ်လိုက်တော့ ကုန်သွားရော။ သူတို့ကတော့ လယ်ကိုလုပ်မလို့ ပေးတာလားမသိဘူး။ ဆိုတော့ ဒီနေ့တိုင်ထိလုပ်စားလို့ မရသေး ဘူး။”လို့ ပြောပါတယ်။

လယ်မြေတွေအသိမ်းခံရပြီးနောက်ပိုင်း ဒေသခံတွေရဲ့ လယ်ယာမြေတွေကို လယ်ယာမြေဆိုရင် သိန်း ၉၀၀၊ စားကျက်မြေဆိုရင် သိန်း ၇၀၀ နဲ့ သီးနှံစိုက်ပျိုးမြေဆိုရင် သိန်း ၅၀၀ စသဖြင့် လျော်ကြေး ပေးမယ်ဆိုတာကြောင့် ဒေသခံတွေက လက်ခံခဲ့ကြတာဖြစ်ပါတယ်။ ဒါ ပေမယ့် လက်တွေ့မှာတော့ ဒေသခံတွေက လုံလုံလောက်လောက်မရရှိတဲ့အပြင် ကြားက မသမာသူတွေကလည်း တဆင့်ခံဖြတ်တော က်ထားကြသလားဆိုပြီး မေးခွန်းထုတ်နေကြသလို တချို့ကလည်း အခိုင်အမာပြောဆိုကြတာရှိပါတယ်။

ခက်တာက ဒီကာလတွေကြားထဲမှာ သူတို့ဒေသမှာလုပ်ကိုင်နေတဲ့ CNPC ကုမ္ပဏီတာဝန်ရှိသူတွေက ဒေသခံတွေနဲ့ ထိတွေ့ပြောဆိုဆ က်ဆံတာနည်းပါးသလို လျော်ကြေးပြဿနာတွေကို ဖြေရှင်းပေးနေတဲ့ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တွေဟာလည်း အဆက်ဆက်ပြောင်းလဲ သွားခဲ့ကြတာပါ။

“ဦးစီး မီတာ ၂၀ မှာ ဦးမောင်ဘသိန်းလယ်ကွင်းလည်း ပါလာပါတယ်။ ကျနော်တွက်ချကြည်လိုက်ပါမယ်လို့ တွက်ကြည့်လိုက်တဲ့အခါ မီ တာ ၂၀ မှာ ၆၆ ကွက်ပါတယ်။ ဒီဟာကိုဘာလုပ်ဖို့ ယူထားတာလည်းပြောတော့ ဒီဟာကို ကျနော်တို့ ယူလိုက်တော့ အကိုတို့ မြေကွက် ဘာဖြစ်မှာ မို့လိုလဲ။ ဒီအတိုင်းကျန်ရှိမှာပဲတဲ့။ ဒီမြေကွက်တွေ တူးလိုက်လို့ ကုမ္ပဏီပြိုလဲသွားရင်လည်း မြေကြီးကျန်ခဲ့မှာပဲတဲ့။ အဲဒီမှာ ကျ နော်နဲ့ ကြီးကြီးကျယ်ကျယ်စကားများကြတယ်။ စကားများကြတာ ဒီတစ်ခါမဟုတ်ဘူး။ ဆန္ဒပြမယ်ပြောတဲ့ အခါမှာလည်း ဆန္ဒပြမယ့်ဟာ ရုပ်သိမ်းပေးပါဆိုပြီးတောင်းဆိုလာပြီး ရုပ်သိမ်းပေးလိုက်ပါတယ်။ ဒုတိယအသုတ်လျှော်ကြေးပေးလာမှုမှာလည်း ဒီလိုပါပဲ။ အကိုတို့က ကုမ္ပဏီကပေးတာကို ကျေနပ်ပါတယ်။ မကျေနပ်တာက မြို့နယ်အုပ်ချုပ်ရေးမှူး ကြားက ဖြတ်တောက်ယူထားတယ်။ မြေတိုင်းစာရေး တွေ ဘာလုပ်ဖို့ ဖြတ်စားတာလဲ။ ဒီပိုက်ဆံတွေက ကျနော်တို့ရမယ်ဟာတွေ။”လို့ ဦးမောင်မြင့်သိန်းက ပြောပါတယ်။

နောက်တစ်ခါ ငါးဖမ်းသမားတွေအနေနဲ့ နစ်နာနေရတာက မဒေးကျွန်းစီမံကိန်းဆောက်လုပ်ပြီးလို့ နိုင်ငံခြားက ရေနံတင်သင်္ဘောတွေဝင် ရောက်လာတဲ့အခါ ပြဿနာကစခဲ့တာပါ။

ရေနံတင်သင်္ဘောတွေ ဝင်ရောက်နိုင်ဖို့အတွက် ရေလမ်းကြောင်းသတ်မှတ်ခဲ့ပြီး ငါးဖမ်းသမား တွေကိုလည်း ကန့်သတ်ချိန်အတွင်းသာ ငါးဖမ်းထွက်ကြဖို့ စစ်တပ်က ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ကို ခေါ်ပြီးပြောတယ်။ ည ၆ နာရီမထွက်နဲ့။ နောက်တစ်နေ့ကျတော့ ပိုက်သမားတစ်ဦးကိုခေါ်သတ်လိုက်သေးတယ်။ အစိုးရ သင်္ဘောက။ ကျနော်တို့ရေလုပ်သားတွေဖက်က ကျူးလွန်တာ ဘာမှမရှိဘူး။ ကျနော်တို့မှာ ကိုယ့်ပိုက်ကိုယ်သွားဖော်တယ်။ ခေါ်ရင်သွား ကပ်တယ်။ ငါးလေးဘာလေးတောင်းတယ်။ သူတို့သတ်မှတ်ထားတဲ့အတိုင်း ၆ နာရီမထွက်ဆိုလို့မှ မရတာ။ သေနတ်တွေနဲ့ လှမ်းပစ်တာ တော့မရှိဘူး။”လို့ ကျောက်တန်းရွာက ရေလုပ်သားတစ်ဦးက ပြောပါတယ်။ သူ့နာမေကိုတော့ မဖော်ပြဖို့ မေတ္တာရပ်ခံထားပါတယ်။

လက်ရှိ ရေလုပ်သားတွေဟာ ငါးဖမ်းချိန်ကန့်သတ်ခံထားရတဲ့အပြင် သင်္ဘောဝင်ခိုက်နဲ့တိုးလို့ ရှောင်နိုင်ရင်ရှောင်၊ မရှောင်နိုင်ရင် သင်္ဘော ပန်ကာတွေမှာ ပိုက်တွေငြိပြီးပျက်စီးကုန်ကြရတာလည်း အခါခါပါ။

“နစ်နာတာက သံဇစ်မြစ်က ဘော်ယာ(ရေလမ်းကြောင်းသတ်မှတ်ရာတွင်အသုံးပြုထားသည့်ရေလုံး)တွေနဲ့ အများကြီး နစ်နာတယ်လေ။ ကျနော်တို့ ဒီပိုက်ချတဲ့ဖက်မှာ ၄၁ တစ်လုံးရှိတယ်။ ၃၉ တလုံးရှိတယ်။ အစိမ်း။ ၄၁ ဆိုတာကအနီ။ အဲဒီနှစ်လုံးနဲ့က လုပ်စားလို့ကိုမရဘူး။ လုံးဝကိုမရတာ။ ငါးကလည်း အဲဒီလမ်းကြောင်းမှာပဲ နည်းနည်းပေါ်တာ။ သင်္ဘောလမ်းကြောင်းကလည်း အဲဒီကြောမာဘဲ ချထားတာ။ တခြားကြောင်းတွေမှာဆိုတော့ ရေတိမ်တယ်။ အဲဒီလမ်းကြောင်းမှာမှ ရေကနက်တယ်။”လို့ ပြိန်ကျေးရွာသား ဦးမောင်မြင့်ခိုင်က ပြောပါ တယ်။

တချို့ငါးဖမ်းသမားတွေကတော့ ရေစူးအနက် ၂၇ မီတာနဲ့ တန်ချိန် ၃ သိန်းထိတင်ဆောင်နိုင်တဲ့ နိုင်ငံခြားသင်္ဘောတွေ ဝင်ရောက်နိုင် အောင် လမ်းကြောင်းပြုလုပ်ရာမှာ ရှိရင်းစွဲ သဘာဝသန္တာကျောက်တန်းတွေကို ဖျက်ဆီးပစ်လိုက်ရတာ၊ အဆိုပါသင်္ဘောတွေဝင်လာတဲ့ အခါ တုန်ခါမှုတွေဖြစ်ပေါ်တာတွေကြောင့် ရေနေသတ္တဝါတွေရှားပါးလာတယ်လို့ ယူဆနေကြပါတယ်။

အသက် ၁၅ နှစ်အရွယ်ကနေ သံဇစ်မြစ်အတွင်းမှာ ပိုက်ချလာတဲ့ ပြိန်ကျေးရွာသား ကိုမောင်မောင်သန်းက “ကျနော်တို့ သံဇစ် မြစ်ထဲမှာ လူဦးရေ ၃၀၀၀ ကျော်နေတဲ့ထဲက လူဦးရေထက်ဝက်လောက်က မှီခိုပြီးနေထိုင်စားသောက်နေကြတယ်။ အခု လွတ်လွတ်လပ်လပ် ငါးဖ မ်းလို့မရတော့ဘူး။ ရေနံတင်သင်္ဘောတွေအထွက်၊ အဝင်ပေကတော့ သုံး၊ လေးဆယ်လောက် အောက်ကိုနက်တယ်လို့ ခန့်မှန်းရတယ်။ တိတိကျကျတော့ ခန့်မှန်းလို့မရဘူး။ သူတို့ဘင်္ဘောတွေဝင်ထွက်နေတာကြောင့် ရေတုန်ခါမှုတွေဟာ ငါးတွေကိုလန့်စေနိုင်တယ်။ ဒါကြောင့် ကျနော်တို့ အရင်ကလို ငါးတွေပေါပေါရှင်ရှင်ရှာ မရတော့ဘူး။ သူတို့ရောက်လာကတည်းက ကျနော်တို့မိသားစုစားဝတ်နေရေး အဆ င်မပြေတဲ့ အနေအထားတရပ်ကို ရောက်လာကြတာလေ။ ငါးတွေလည်းလန့်ပြီးတော့ ဒီသံဇစ်မြစ်ထဲကို မလာရဲတဲ့ အနေအထားကို ရောက်နေ တယ်လို့ ခန့်မှန်းရတယ်ပေါ့။ ကျနော်တို့မှာ သေချာတဲ့ သုတေသနလုပ်ချက်တွေကတော့ ဘယ်ရှိမလဲ။”လို့ ပြောပါတယ်။

ဒီလိုအခြေအနေအမျိုးမျိုးကြောင့် ဒေသခံတွေဟာ စားဝတ်နေရေး မပြေမလည်မှုတွေကို တစ်နေ့ထက်တစ်နေ့ ပိုမိုကြုံတွေ့လာရတာ ကြောင့် သူတို့ရဲ့အခက်အခဲတွေကို အစိုးရတာဝန်ရှိသူတွေကို တင်ပြကြသလို ဆန္ဒဖော်ထုတ်မှုတွေလည်း ဆင်နွဲခဲ့ကြပြီဖြစ်ပါတယ်။ ဒါ ပေမယ့် သူတို့အတွက် သေချာတဲ့ အဖြေတွေမရရှိခဲ့ကြပါဘူး။ ဒါကြောင့် သူတို့ဟာ ဒီစီမံကိန်းဟာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ အတွက် ဘယ်လောက်ပဲ အသုံးဝင်တဲ့ စီမံကိန်းတစ်ခုပဲဖြစ်နေပါစေ သူတို့ကတော့ အယုံအကြည် မရှိကြတော့ပါဘူး။

“ရှေ့ကိုကြိုတွေးလိုက်ရင် ကျနော်တို့ဒေသအတွက် ပိုစိုးရိမ်လာတယ်။ ကျနော်တို့ မဒေးကျွန်းဒေသတစ်ခုလုံးဟာ ဒီစီမံကိန်းကြောင့် တ ဖြည်းဖြည်းနဲ့ အလုပ်အကိုင်ရှားပါးလာပြီးတော့ ရပ်တည်လို့မရဘူး။ မိသားစုနေထိုင်မှုအဆင့်အတန်းတွေ နှိပ်ပါးကျဆင်းလာတယ်။ ကျ နော်တို့ ဒေသတစ်ခုလုံးတောင်မှ နောက်ဒေသတစ်ခုကိုပြောင်းရွှေ့လို့နေရမယ့် အနေအထားတောင်ရှိနေတယ်ဆိုတာကိုမြင်နေရတယ်။” လို့ ကိုမောင်မောင်သန်းက ဆိုပါတယ်။

ဒီစီမံကိန်းမတည်ဆောက်ခင်မှာ ရွာပေါင်း ၄ ရွာတည်ရှိပြီး လူဦးရေ ၃၀၀၀ ကျော်လောက်နေထိုင်ကြတဲ့ မဒေးကျွန်းဒေသကို ဒုတိယစင် ပူဖြစ်အောင် လုပ်ဆောင်မှာဖြစ်ပြီး ဒေသနေလူနေမှုအဆင့်အတန်းတွေကို မြင့်မားအောင်လုပ်ဆောင်ပေးမှာဖြစ်ကြောင်း နယ်ခံတွေကို ဦးစားပေးပြီး အလုပ်အကိုင်ပေးအပ်သွားမှာဖြစ်ကြောင်း၊ လမ်းတံတားတွေ၊ လျှပ်စစ်မီးတွေ၊ ဆက်သွယ်ရေးတွေကအစ အဆင်ပြေအော င်လုပ်ပေးမှာဖြစ်ကြောင်း ကတိကဝပ်တွေ အမျိုးမျိုးပေးခဲ့ပြီး ဒေသခံတွေနားချခဲ့တာဖြစ်ပါတယ်။

“ကျနော်တို့က ဒီစီမံကိန်းဟာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ မြင်တယ်။ ဘာလို့ဆိုတော့ ဒီစီမံကိန်းအကောင်ထည် မပေါ်ခင် သူတို့က သ ဘာဝပတ်ဝန်းကျင် စမ်းသတ်ချက်တွေလည်း မလုပ်ခဲ့ဘူး။ ဒေသခံတွေနဲ့ ဆွေးနွေးတိုင်ပင်မှုလည်း မလုပ်ခဲ့ဘူးဆိုတော့ မဒေးကျွန်းကို သူများနိုင်ငံက ဘယ်လောက်ပဲ တိုးတက်နေပြီလို့ထင်နေပါစေ။ အခုလက်ရှိကတော့ ကျနော်တို့ဒေသဟာ ခါးစည်းပြီးခံနေရတဲ့အနေအ ထားနဲ့ ကြုံတွေ့နေရတယ်။ ဒီစီမံကိန်းဟာ နိုင်ငံတကာမှာ ဘယ်လောက်ပဲ ကောင်းတယ်လို့ ပြောပါစေ ကျနော်တို့ ဒေသအတွက်တော့ အထောက်အကူပြုနိုင်တဲ့ စီမံကိန်းမဟုတ်ဘူးလို့ပဲ ကျနော်တို့က မြင်ပါတယ်။”လို့ ကိုမောင်မောင်သန်းက ပြောပါတယ်။

မဒေးကျွန်းရေနံသိုလှောင်စက်ရုံတည်ဆောက်ထည်းတဲ့ ကျောက်မော်ကြီးဖက်ကိုသွားတဲ့ လမ်းကတော့ ကောင်းနေပေမယ့်လည်း တခြား ကျေးရွာချင်းဆက်လမ်းတွေ၊ ဆိပ်ကမ်းတွေဟာ လက်ရှိအချိန်ထိ ဘာတိုးတက်မှုမရှိပဲ ပဂတိမြေသားလမ်းတွေအတိုင်းသာဖြစ်ပြီး ဖုန်းလို င်းကလည်း တော်ရုံနေရာမှာမမိတာကို သွားရောက်လေ့လာစဉ် ကိုယ်တိုင်ကြုံတွေ့ခဲ့ရပါတယ်။

“ကျနော်တို့ဒေသအတွက် MPT တိုင်ပေးပါတယ်။ အမေရိကန်ဒေါ်လာဘယ်လောက်ဖိုး ဆိုလဲမသိဘူး။ အချိန်ကြာသွားတော့ သိပ်လဲ မမှတ်မိတော့ဘူး။ ပထမပိုင်းမှာတော့ နေရာတော်တော်များများက မဟုတ်၊ တဟုတ်လေး ဖုန်းဆက်လို့ရတယ်။ ခုနောက်ပိုင်း ကျနော် တို့ဒေသမှာတော့ ဖုန်းဆက်သွယ်ရေးအပိုင်းက လုံးဝကိုအဆင်မပြေတော့ဘူးလေ။ မပြေတော့ဘူးလို့လည်း ပြောလို့ရပါတယ်။ ကျနော် တို့မှာလေးရွာရှိတာတောင် ကွက်ကြားကွက်ကြားပဲရတယ်။”

သူတို့ကတိပေးခဲ့တဲ့အတိုင်း ဒေသခံတွေကိုလည်း သူတို့စီမံကိန်းထဲမှာ အလုပ်ပေးထားတာ အတော်လေးနည်းပါးသလို ကျေးရွာတွေကို ပေးထားတဲ့ သောက်ရည်တွေဟာလည်း သံချေးရေတွေလို နီရဲနေတာကြောင့် ရွာသားတွေက အန္တရာယ်ဖြစ်မှာစိုးရိမ်ပြီး မသောက်သုံးရဲ ကြဘူးလို့ ဆိုကြပါတယ်။

“CNPC က တာဝန်ရှိသူတွေကတော့ ကျနော်တို့လူထုကို အများကြီးပြောခဲ့တာတွေရှိတယ်။ ဒီစီမံကိန်းက တကယ့်ကို ရေနက်ဆိပ်ကမ်းစီ မံကိန်းဖြစ်တယ်။ ဒေသခံတို့ရဲ့အနေအထိုင်၊ လူနေမှုအဆင့်အတန်းတွေကို ဒီထက်မက မြင့်မားလာနိုင်တဲ့ စီမံကိန်းတစ်ခုဖြစ်တယ်လို့ ပြောတယ်။ လက်ရှိအခြေအနေမှာ ကျနော်တို့ ပြန်ကြည့်လိုက်တော့ သူတို့ကုမ္ပဏီထဲမှာ လူ ၅၀ လောက်တော့ ကိုယ့်ဒေသကလူတွေ အလုပ်လုပ်လို့ရှိတယ်။ ကျန်တဲ့ဒေသခံတွေကတော့ ဘာမှ အလုပ်မရကြဘူး။”လို့ ကိုမောင်မောင်သန်းက ဆက်ပြောပါတယ်။

ဦးမောင်မြင့်ခိုင်က “(မဒေးကျွန်းရေနံသိုလှောင်စက်ရုံနဲ့ ရွာတွေအခြေအနေ) အကြီးအကျယ်ကွာခြားတယ်။ မိုးနတ်မြေလောက်ကွာခြား တယ်။ သူတို့ ကွင်း ထဲမှာရှိတဲ့လမ်းက ကျောက်ဖြူမြို့မှာတောင် မရှိဘူး။ မီးလည်း ၂၄ နာရီ။ အချိန်ပြည့်။ သူတို့မှာ အကုန်လုံးတိုးတက် တယ်။ မီး၊ ကျန်းမာ ရေး စောင့်ရှောက်မှုတွေ အားလုံးကောင်းတယ်။ ဒီကဟာတွေကို သူတို့စားလည်းမစား။ သုံးလည်း မသုံးဘူး။ နောက်ပြီး ရေ။ ကျနော်တို့ မြေမှာ ကန်ကိုဆည်ထားတယ်။ အဲဒီကန်မှာ သူတို့ဖက်ကိုသွားတာကို ဖိုင်ပါပိုက်နန့် ယူထားတယ်။ သန့်စင်ရေစက်တာ။ ၂ လုံးတည်လို့ ရှိတယ်။ သူတို့ကသပ်သပ်။ သူတို့ အဲဒါကိုတောင် မသုံးသေး။ မန္တလေးကလာတာကို မြို့ကတင်တယ်။ ကျနော်တို့ရွာကိုလာရင်မြင်ခဲ့လိမ့် မယ်။ ရေဟာ သံချေးတက်လို့။ ရေစင်တွေမှာ။ ကြွီပြားဖြူဖြူကပ်ထားတာ။ ရဲရဲဖြစ်နေတယ်။ ကွာတာမှာ အဲဒီလောက်ကွာတယ်။ သူတို့ ဖက်ကို သွားတဲ့လမ်းက မွေ့နေတယ်။ လမ်းမှာလည်း အကုန်လုံးပြောင်လင်းနေတယ်။ အဲဒီအပိုင်းတော့ စင်ကာပူနဲ့ တူတယ်လို့ပြောတ ယ်။ ကျနော်တို့ဖက်က တောမှာ တောပဲ။”လို့ ပြောပါတယ်။

 561 total views,  1 views today