Arakan Yoma|

မကြာခင် ကျင်းပတော့မှာ ရှိနေတဲ့ အထွေထွေရွေးကောက်ပွဲကို ယှဉ်ပြိုင်ဖို့ ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေး ပါတီတချို့ စတင်ပြင်ဆင်နေကြပါပြီ။

ရခိုင်အမျိုးသားပါတီဆိုရင် ကိုယ်စားလှယ်လောင်းတွေ စိစစ်ရွေးချယ်ရေးကော်မတီတွေ ဖွဲ့စည်းဖို့ ဗဟိုကနေ မြို့နယ်များကို ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ ကော်မတီမှာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ဖို့ အဆိုပြုမယ့်သူ မဟုတ်ဘဲ ပါတီဝင် ငါးဦးနဲ့ ဖွဲ့စည်းရမှာ ဖြစ်သလို အဲဒီစာရင်းတွေကိုလည်း ဇွန် ၂၅ နောက်ဆုံးပေးပို့ကြဖို့ ရခိုင်အမျိုးသားပါတီ ဗဟို အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ဇွန် ၁၂ ရက်မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရခိုင်ပြည်နယ်အတွင်းမှာတော့ လက်ရှိ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် စည်ပင်ဝန်ကြီး ဦးဝင်းမြင့်တို့က ထပ်မံယှဉ်ပြိုင်ဖို့ ပြောထားပါတယ်။ သူတို့ အရင် ၂၀၁၅ ရွေးကောက်ပွဲတုန်းက ယှဉ်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်များကပဲ ဖြစ်တယ်လို့ ဆိုပေမယ့် ပါတီဗဟိုကနေ အတည်ပြုဖို့ လိုအပ်နေပါသေးတယ် ဆိုပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ ၂၀၂၀ ကို နိုဝင်ဘာမှာ လုပ်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတိအလင်း ကြေညာထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်နဲ့ “ဝ” ဒေသမှာ ကျင်းပဖြစ်မဖြစ်ကို ဘယ်သူကမှ တိတိပပ မပြောနိုင်သေးဘူးဆိုတာ တွေ့ရပေမယ့် ကျင်းပဖြစ်ဖို့ ကြိုးစားနေကြတဲ့ သဘောပါ။

အဲဒီလို အခြေအနေတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက ကျန်တချို့ပါတီများကတော့ ပြင်ဆင်မှု စတင်ဖို့ အချိန်ယူနေကြရတယ်လို့ ဆိုပါတယ်။

 504 total views,  1 views today