Arakan Yoma|

ရခိုင်ပြည်နယ် ဂွမြို့နယ်က မြေယာနှင့် အိမ်ရာနစ်နာသူတွေကို ပြည်နယ်အစိုးရအဖွဲ့က နစ်နာကြေးပေးအပ်သွားမယ်လို့ သတင်းရရှိပါတယ်။

ဂွ-မကျေးငူတံတားတည်ဆောက်ရာ တံတားချဉ်းကပ်လမ်းမှာ မြေယာပါဝင်သွားတဲ့ ဦးပိုင် (၁၁) ခုက မြေယာနဲ့ သက်ဆိုင်သူ ၂၆ ဦး၊ နေအိမ်အဆောက်အဦး ပါဝင်သွားသူ ၉ ဦးတို့ကို နစ်နာကြေးပေးဖို့အတွက် စိစစ်မှုတွေကို လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

အဲဒီအကြောင်းကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ဇွန်လ ၂၀ ရက်နေ့မှာ ရေးသားထုတ်ပြန်ခဲ့တာပါ။ ဒါပေမယ့် စိစစ်မှုတွေလုပ်ဆောင်နေတယ် ပြောပေမယ့်လည်း ငွေကြေးပမာဏ ဘယ်လောက်စီ ပေးမယ်ဆိုတာကိုတော့ ထည့်သွင်း ဖော်ပြခဲ့တာ မတွေ့ရပါ။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကတော့ ဒီတံတားတည်ဆောက်တာဟာ ဂွမြို့နယ် ပြည်သူလူထု အတွက် သာမက ဒေသခံလူထု အတွက်ပါ ရခိုင်ပြည်နယ်အတွက်ပါ အရေးပါတဲ့ စီမံကိန်းဖြစ်တယ်လို့ ဆိုပြီး နစ်နစ်သူတွေအပေါ် ဥပဒေဘောင်ကျော်လွန်ပြီး လုပ်ဆောင်ခဲ့တာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။

ဝန်ကြီးချုပ်အပါအဝင် ဂွမဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်ဝန်ကြီးတချို့နဲ့ မြို့နယ်၊ ခရိုင်စီမံခန့်ခွဲရေးကော်မတီ တာဝန်ရှိသူတို့ဟာ ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ပြည်သူတွေနဲ့ ဇွန်လ ၂၀ ရက်နေ့မှာ တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။ တွေ့ဆုံမှုအတွင်း ပြည်နယ်ဝန်ကြီးချုပ်က အဲဒီလို ပြောကြားခဲ့တာပါ။

သတင်းဓာတ်ပုံ – ဇွန် ၂၀ ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဂွလူထုတို့ တွေ့ဆုံမှု (ဓာတ်ပုံ – ဦးညီပု၏ ဖေ့စ်ဘွတ်စာမျက်နှာ)

 597 total views,  1 views today