ရိုးမရေဒီယိုမဂ္ဂဇင်း

ပြည်ထောင်စု ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေအနေဖြင့် အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်း ပါဝင်လာအောင် ဆောင်ရွက်ပေးဖို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်မှာ မူဝါဒ ချမှတ်ထားပါတယ်။

ဒါပေမယ့် လက်တွေမှာ ပါဝင်မှု အားနည်းနေပြီး မူဝါဒကို အခြေခံတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေ ပြန်ပြီးချမှတ်ဖို့ လိုနေတယ်လို့ ရခိုင်အမျိုးသမီးအစည်းအရုံး ဒုဥက္ကဌ ဒေါ်စောစံငြိမ်းသူက ပြောပါတယ်။

“မူဝါဒတစ်ရပ်အနေနဲ့ လက်ခံတဲ့သဘောရှိမယ့် အဲဒီမူဝါဒတွေက စာရွက်မှာပဲရှိတယ်။ အရေးကြီးတာက ချမှတ်ထားတဲ့ မူဝါဒကို လက်တွေ့ အကောင်ထည်ဖော်ဆောင်ဖို့ အရေးကြီးတယ်။ ဒါကိုဖော်ဆောင်တဲ့အခါ NCA မှာကတည်းက အမျိုးသမီး သုံးဆယ်ရာခိုင်နှုန်း ပါဝင်ရေးကို ဖော်ဆောင်သွားမယ်ဆိုပြီးတော့ ညွန်းသွားတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပံ့ပိုးပေးမယ့် CSO အဖွဲ့စည်းတွေ စသဖြင့်ပေါ့။ ဒီအုပ်စုတစ်ခုချင်းစီမှာ မူဝါဒကိုအခြေခံတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေ ပြန်ပြီးချမှတ် လက်တွေ့ပါဝင်လာအောင် ကြိုးပမ်းမှ သုံးဆယ်ရာခိုင်နှုန်းမူဝါဒဖော်ဆောင်ရန် မူဝါဒက အထမြောက်မှာဖြစ်ပါတယ်။”

စက်တင်ဘာလ ၂၁ ရက်နေ့က စစ်တွေမြို့ ခိုင်သဇင်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ဒေါ်စောစံငြိမ်းသူက အဲဒီလို ထည့်သွင်းပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ အစိုးရအပါဝင် နိုင်ငံရေးပါတီနှင့် အရပ်ဖက်အဖွဲ့စည်းများက ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပူးပေါင်းပါဝင်ရေးကို ဖော်ဆောင်နေပေမယ့်လည်း အရည်အချင်းရှိပြီး ပူးပေါင်းပါဝင်နိုင်သည့် အမျိုးသမီးများကို ကမ်းလှမ်းမှုက အားနည်းနေသေးကြောင်း ဒေါ်စောစံငြိမ်းသူက ပြောပါတယ်။

ကျင်းပပြုလုပ်ခဲ့တဲ့ အဲဒီအခမ်းအနားကိုတော့ နိုင်ငံစနစ်ကို တိုးတက်ပြောင်းလဲစေမယ့် ဥပဒေ၊ မူဝါဒများနှင့် တည်ငြိမ်အေးချမ်းတဲ့ စနစ်တစ်ခုပေါ်ထွန်းလာရေးကို သတိမူစေဖို့ ရည်ရွယ်ပြီး သူ့ရဲ့ မိခင်အဖွဲ့အစည်း ရခိုင်အမျိုးသမီးအစည်းအရုံးက ဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့တာပါ။

အခမ်းအနားကို ရခိုင်အမျိုးသမီးများအစည်းအရုံး RWU တာဝန်ရှိသူများ၊ အမျိုးသမီးငယ်များအပါဝင် ခမီတိုင်ရင်းသား စုစုပေါင်း ၂၀၀ နီးပါးလောက်က တက်ရောက်ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးများ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ပါဝင်လာနိုင်ဖို့ အမျိုးသမီးများကို ဖယ်ချန်မထားဘဲ အားလုံး တန်းတူညီမျှ ငြိမ်းချမ်းရေးအတွက် လက်တွဲမြင့်တင်ပေးရန် လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ မဝါဝါစိုးက ပြောပါတယ်။

“အမျိုးသမီးအဖွဲ့အစည်းကပြုလုပ်တဲ့ ငြိမ်းချမ်းရေးပွဲမှာ ငြိမ်းချမ်းရေးဘာလဲဆိုတာကို ဗဟုသုတရအောင် လာတက်တာ ဖြစ်ပါတယ်။ ဒီလိုပွဲတွေက ဗဟုသုတရတယ်လေ။ နောက်ပြီးပြောရရင် ဒီခေတ်မှာဆို မိန်းကလေးတွေဟာ အကြမ်းဖက် ခံရတာတွေကို ကြားနေရတယ်ပေါ့။ ဒါတွေမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ။ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာလဲ အမျိုးသမီးတွေကို လက်တွဲမြင့်တင်ပေးသင့်တယ်လို့ ထင်ပါတယ်။”

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ကမ္ဘာကုလသမ္မဂက ၁၈၈၁ ခုနှစ်တွင် သတ်မှတ်လိုက်ခြင်းဖြစ်ပြီး အထိမ်း အမှတ်နေ့ အခမ်းအနားများကိုတော့ ၂၀၁၃ ခုနှစ်လောက်ကနေ စပြီး ကျင်းပလာကြတာပါ။

 538 total views,  1 views today