Htoo | Arakan Yoma

ဗုဒ္ဒဘုရားရှင် သက်တော် ထင်ရှား ရှိခဲ့စဉ်က တာဝတိံသာနတ်ပြည်မှာ  ၃ လတိုင်တိုင်သီတင်းသုံးခဲ့တဲ့ ဝါးတွင်းကာလရဲ့ နောက်ဆုံးလဖြစ်တဲ့ သီတင်းကျွတ်လက ဗုဒ္ဒဘာသာဝင်တွေအတွက် အထွဋ်အမြတ်လတွေထဲကတစ်လ ဖြစ်ပါတယ်။ အဲဒီနေ့ဟာဆိုရင် အဘိဓမ္မာအခါတော်နေ့လည်းဖြစ်ပါ တယ်။

ဒီလို ရက်ကြီးနေ့ကြီးမှာတော့ ဗုဒ္ဒဘာသာဝင်တိုင်းဟာ ကုသိုလ်ယူလေ့ရှိကြပါတယ်။ ကုသိုလ်ယူတဲ့အချိန်မှာလည်း နေရာဒေသအလိုက် မြို့၊ ရွာအလိုက် ကွဲပြားလေ့ရှိပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာတော့ ဆွမ်းတော်ကြီးလောင်းတာ၊ မီးထွန်းပွဲတော်လုပ်တာတွေဟာ ထင် ရှားပါတယ်။ မထင်မရှားပေမယ့်လည်း အင်မတန်မှ ချစ်စရာကောင်းတဲ့ ဓလေ့တွေနဲ့ ကုသိုလ်ယူကြတဲ့ ဒေသတွေလည်း ရှိပါတယ်။

အခုတင်ပြမယ့် ဓလေ့တွေဟာ တောဓလေ့၊ တောသဘာဝဖြစ်ပြီး အဲဒီနေ့မှာ သက်ကြီးရွယ်အိုတွေက ဘာလုပ်ကြတယ်။ လူလတ်ပိုင်းနဲ့ ကလေးငယ်တွေက ဘာလုပ်ကြတယ်။ ဘယ်လိုဓလေ့တွေ စရိုက်တွေရှိတယ်။ ကုသိုလ်ယူပြီးချိန်မှာ ဘယ်လို ပျော်ပွဲရွှင်ပွဲတွေထည့်သွင်း ကျင်းပကြတယ်။ စသဖြင့် ချစ်စရာကောင်းတဲ့ ဓလေ့တွေအကြောင်း ပြောပြပေးပါ့မယ်။

တောရွာမှာ နေထိုင်သူတွေဟာ သတင်းကျွတ်လပြည့် မရောက်မှီ တစ်ရက်အလိုကနေ အလုပ်တွေကို လက်စသတ်ထားကြပြီး သီတင်း ကျွတ်လပြည့်နေ့ကို ရောက်တဲ့အခါမှာ ဘုရားကျောင်းကန်သွားပြီး ကုသိုလ်ယူလေ့ ရှိကြပါတယ်။ သီတင်းကျွတ်လပြည့်နေ့ မနက်ပိုင်းမှာ ကျေးရွာအတွင်းက ရှိရှိသမျှသက်ကြီးရွယ်အိုတွေ အကုန်လုံးက ရွာဦးဘုန်းတော်ကြီးကျောင်းကို သီလဆောက်တည်၊ ကုသိုလ်ယူဖို့သွား ကြပါတယ်။ နေအိမ်အတွင်းမှာတော့ သား၊ သမီး၊ မြေး၊ မြစ်တွေက ဥပုသ်သီလဆောက်တည်ဖို့ သွားကြတဲ့ အဖေနဲ့ အမေ၊ အဘိုးနဲ့ အဘွားတို့အတွက် တစ်အိမ်တစ်အုပ်ကျ ဆွမ်းချက်ကျန်ရစ်ခဲ့ကြရပါတယ်။

ချက်ပြုတ်ပြီးတဲ့အခါ နေ့လည်ဆွမ်းသုံးချိန်အမှီ ဆွမ်းလာကပ်ရပြီး မိမိတို့ နေအိမ်က ဘုန်းတော်ကြီးကျောင်းကို တစ်ယောက်သွားတယ် ဆိုရင် ဆွမ်းတစ်အုပ်၊ ၂ ယောက်သွားတယ်ဆိုရင် ဆွမ်း ၂ အုပ် အဲဒီလို ကပ်ကြရပါတယ်။ ဥပုသ်သည်တွေအတွက် လာကပ်တဲ့ ဆွမ်း ကို ရွာအတွင်းက လူပျိုအပျိုတွေက ကျောင်းပေါ်မှာပဲ သိမ်းဆည်းထားလိုက်ကြပြီး ဥပုသ်သည်မတွေအတွက် ဆွမ်းချိုင့်ကိုတော့ သူတို့ နေထိုင်တဲ့ ကျောင်းသင်္ခန်းကိုပဲ ယူသွားကြရပါတယ်။

အသက် ၄၀ ကျော်အရွယ် ဒေါ်သန်းနုက အခုလို ပြောပြပါတယ်။

“ကျောင်းကို သွားကြတယ်။ ကျောင်းကိုရောက်ရင် ၈ ပါးသီလယူတယ်။ ဥပုသ်သည်မအခန်း သီးသန့်ရှိတယ်။ အမျိုးသားတွေအတွက်ဆို ရင် ကျောင်းပေါ်မှာပေါ့။ သီလယူပြီးကြရင် တရားထိုင်ထိုင် ပုတီးစိပ်စိပ် အဲဒီလိုနေကြတယ်။ ဆွမ်းသုံးချိန်ကျတော့ ဥပုသ်သည်မတွေကို ဆိုရင် သင်္ခန်းမှာ သွားကပ်ရတယ်။ အမေဆိုအမေ၊ အဖွားဆိုအဖွားပေါ့။ ယောက်ျားမှာဆိုရင်လည်း အဖေဆိုအဖေ၊ အဖိုးဆိုအဖိုး အဲလို ကပ်တယ်။ ဆွမ်းသုံးချိန်ကျတော့ ဟိုဥပုသ်သည်ဆီက တစ်ဇွန်း၊ ဒီဥပုသ်သည်ဆီက တစ်ဇွန်းယူပြီးတော့ ဆွမ်းကပ်တယ်။ ဥပုသ်သည်မ တွေမှာဆိုလည်း ဒီအတိုင်းပဲ။”

ဆွမ်းကပ်ရာမှာတော့ အထူးသဖြင့် ကလေးငယ်တွေ လာရောက်ကပ်လေ့ရှိကြပြီး ကလေးမရှိတဲ့ အိမ်တွေကမှ အိမ်မှာ ကျန်ရစ်ခဲ့တဲ့ လူ ကြီး၊ လူလတ်ပိုင်းတွေက ကပ်ကြပါတယ်။ ဥပုသ်သည်၊ ဥပုသ်သည်မတွေဟာ ဆွမ်းလာကပ်တဲ့သူတွေအတွက် ငွေအကြွေတွေဖျက်ပြီး အသင့်ပြင်ဆင်ထားကာ (အထူးသဖြင့် ကလေးငယ်တွေအတွက်) မုန့်ဖိုးအဖြစ် ပေးကမ်းလေ့ရှိကြပါတယ်။

“ဆွမ်းလာကပ်တဲ့ကလေးတွေကို အဖွားတွေကဖြစ်ဖြစ်၊ အမေတွေကဖြစ်ဖြစ် ရှေ့လာခိုးရင် အဲဒီတုန်းကဆိုရင် ပိုက်ဆံ ၅၀၊ ၁၀၀ အဲဒီလို ပေးကြတယ်။ မုန့်ဖိုး စရိတ်ပေါ့လေ။ ဆိုတော့ ဆွမ်ချိုင့်လေးနဲ့ ပြန်ယူလာကြတယ်။ ဆွမ်းသုံးလို့ပြီးတာနဲ့ တစ်ခါပြန် ရှေ့ခိုးပြီးတော့ အကုန်လုံးသိမ်းပြီးတော့ဆင်းလာကြတယ်။”

ဆွမ်းသွားကပ်လို့ အပြန်လမ်းမှာတော့ ချိုင့်ထဲပါလာတဲ့ ဆွမ်းလက်ကျန်တွေကို သစ်ရိပ်၊ ဝါးရိပ်မှာခိုပြီး ကလေးငယ်တွေက အုပ်စုဖွဲ့ ဝိုင်းဝန်းစားသုံးကြတာကလည်း ပျော်စရာတစ်ခုပါ။ နေ့လည်ပိုင်းလောက်ကျရင်တော့ ဘုန်းတော်ကြီးကျောင်းကို ရောက်ရှိနေကြတဲ့ ဥပုသ်သည်ကြီးငယ်တွေဟာ သီလဆောက်တည် တရားထိုင်နဲ့ ကျောင်းမှာပဲ တစ်နေကုန် အချိန်ဖြုန်းကြပါတယ်။

ညနေပိုင်းရောက်တဲ့အချိန်မှာလည်း တစ်ချို့က ကျောင်းမှာပဲ ညအိပ်လေ့ရှိကြသလို တစ်ချို့ကတော့ အိမ်ပြန်အိပ်ကြပါတယ်။ သူတို့တွေ အတွက် ညအိပ်ဖို့ စောင်တွေ၊ ခေါင်းအုံးနဲ့ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေကိုလည်း အိမ်မှာကျန်ရစ်ခဲ့တဲ့ သား၊ သမီး၊ မြေး၊ မြစ် တွေက သွား ပို့ကြရပြန်ပါတယ်။

“နေ့လည်ရောက်ရင် တရားထိုင်သူထိုင်၊ ပုတီးစိပ်သူစိပ် ကိုယ့်အယူဆနဲ့ ကိုယ့်အယူဆနေကြတယ်။ ညနေဖက် ၃၊ ၄ နာရီလောက်ဆိုရင် ဆရာတော်က ၈ ပါးသီလထပ်တယ်။ တရားနာတယ်။ ပြီးတော့ ကျောင်းမှာနေကြတယ်။ ကျွန်းမှာဆိုရင် ကျောင်းမှာ အိပ်ကြတာပဲလေ။ မြို့မှာလို မဟုတ်ဘူး။ ဒီမှာကတော့ ကျောင်းသွားရင် လိုအပ်တဲ့ စောင်တွေယူသွားကြတယ်။ ယူမသွားတဲ့သူတွေမှာလည်း ကလေးတွေ က အချိုဘူးတို့၊ ဘာတို့နဲ့အတူ သွားပို့ရတယ်။”

ဒါကတော့ လပြည့်နေ့တစ်နေ့တည်းမှာ ပြုလုပ်ကြတာပါ။ လပြည့်ကျော် ၁ ရက်နေ့မှာတော့ ဒီထက်မက များပြားတဲ့ ဓလေ့တွေ ကျန်ပါ သေးတယ်။ တောဓလေ့ သဘာဝအရတော့ လပြည့်နေ့ကို သက်ကြီးရွယ်အိုတွေအတွက်လို့ ဆိုနိုင်ပြီး လပြည့်ကျော် ၁ ရက်နေ့ကတော့ လူပျို၊ အပျိုတွေအတွက်လို့ပြောရင်တောင် မမှားနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီနေ့မှာကာလသားတွေဟာ ရွာထဲသွားပြီး အသံချဲ့စက် တွေနဲ့အော်ပြီး ဒေသအခေါ်အရ အုပ်ပတ်(ကျောင်းတက်)ဖို့၊ ဆရာကန်တော့ဖို့အတွက် ပဒေသာပင်တွေကို လိုက်လံဖြန့်ဝေရပါတယ်။

“ဒီနေ့ကျောင်းတက်ရမယ့်နေ့လို့ဆိုရင် မနက်ပိုင်း နေ့လည်စာစားပြီးတာနဲ့ ကျောင်းကိုတက်ရပြီ။ ကျောင်းကိုတက်ပြီးတာနဲ့ အုပ်(ပဒေ သာ) ယူကြတယ်။ အရင်ကဆိုရင် အုပ်ယူတယ်။ ကြက်လျှာကို သုံးရောင်ဆိုသုံးရောင် ယူပြီးတော့ တစ်အုပ်စီမှာ တစ်ကိုက်ဆိုတစ်ကိုက်၊ ကိုက်ခွဲဆိုကိုက်ခွဲ ခွဲပြီးတော့ ဇရပ်မှာဖြစ်ဖြစ်၊ ကျောင်းသင်္ခန်းမှာဖြစ်ဖြစ် ကိုယ့်အုပ်ကိုကိုယ်လုပ်ရတယ်။ နှီးကိုသုံးဆင့် ဝိုက်တယ်။ ပိုက် ဆံတွဲဖို့အတွက် ပြီးတော့ ကြက်လျှာကပ်လို့ ရှင်ပြုပွဲတွေမှာပါတဲ့ ပဒေသာပုံစံမျိုးပေါ့။”

ပဒေသာတွေ ဖြန့်ဝေပြီးနောက်မှာတော့ ရွာထဲက ကွန်းတောင်ကိုင်၊ ပန်းတောင်ကိုင်လေးတွေဟာ အကြွေဖျက်ထားတဲ့ ငွေတွေ၊ ကြက် လျှာတွေနဲ့ ပဒေသာပင်ကို အလှဆင်ကြတယ်လို့ ဆိုပါတယ်။ နောက်ပြီးတော့ ညနေပိုင်းမှာ အချိန်တစ်ခုသတ်မှတ်လိုက်ပြီးတော့ ရွာဇ ရပ်မှာ စုပြီး ကိုးကွယ်တဲ့ ဘုန်းတော်ကြီးကျောင်းကို စီတန်းလှည့်လည်သွားကြပါတယ်။ ဒီလို အခိုက်အတန့်တွေဟာဖြင့် အပျိုဘဝရဲ့ မ မေ့နိုင်တဲ့ ပျော်ရွှင်မှုတွေပါ။ သူတို့ ငယ်ငယ်က ပဒေသာပတ်ခဲ့တဲ့ အကြောင်းကိုလည်း ဝမ်းသာအားရစွာနဲ့ ဒေါ်သန်းနုက အခုလို ပြောပြပါတယ်။

“ညနေဖက် ၄ နာရီဆိုရင် ကျောင်းတက်ဖို့သွားကြပြီ။ ဆရာကန်တော့ဖို့ပေါ့။ အကုန်လုံးသော အပျိုလူပျိုတွေက ဇရပ်မှာစုတယ်။ စုလို့ပြီး တော့ ရှေ့ကပဒေသာဆိုရင် အညွှန့်အုပ်ပြီးတော့ တန်းစီလို့ ကြီးစဉ်ငယ်လျောက်တန်းလို့ ဆရာကန်တော့ကြတယ်။ ကျမတို့ ငယ်ငယ်က ဆိုရင် တအားပျော်စရာကောင်းတယ်။ အဲဒီတုန်းက သဲခုံနဲ့ ဂြင်းချောင်းနဲ့ တစ်ရွာတည်း။ ဂြင်းချောင်းပြီးရင် သစ်ခေါင်းတော၊ ယာတိုက်၊ မင်းတဲ၊ ချောင်းဝ ၅ ရွာမှာ။ တစ်ဖွဲ့က ချောင်းဝက။ နောက်တစ်ဖွဲ့က တစ်ခြားရွာကဆိုရင် စကားပုံမှာ ကျမတို့ရွာသား မြန်သွားတယ်ဆိုရင် ကျမတို့ရွာသား အရင်ပတ်ရတယ်။ အကုန်တန်းစီပြီးတော့ တရွာပြီးတစ်ရွာ ပတ်ကြတယ်။”

ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတည်းကို တစ်ရွာတည်းက ကိုးကွယ်တယ်ဆိုရင် ပြဿနာမရှိပေမယ့် ဘုန်းတော်ကြီးကျောင်းတစ် ကျောင်းတည်းကို ၃၊ ၄၊ ၅ ရွာလောက်က ကိုးကွယ်ပြီဆိုရင်တော့ ပဒေသာပတ်ဖို့ ရွာအလှည့်ကျစောင့်ဆိုင်းရပါတယ်။

စောင်းဆိုင်းပြီးလို့ ဆီမီးပူဇော်၊ ဘုန်းတော်ကြီးကျောင်းပေါ်တက်ပြီးရင်တော့ ဆရာကန်တော့ပြီး အိမ်ပြန်ကြပါပြီ။

“အရင်ဆုံးရောက်သွားတဲ့ ရွာသားဆိုရင် လူပျိုတွေက နောက်ကနေ တအားကပြီး လိုက်ကြတာ။ တီးဝိုင်းတွေနဲ့။ လောစပီကာခေတ်မို့လို့ ဆောင်းတွေလည်း မပေါ်သေးဘူး။ (လော်စပီကာ) ကလဝတွေနဲ့ပေါ့။ နောက်ကျတဲ့ ရွာသားဆိုရင် မိုးချုပ်သွားတယ်။ ကနေကြလို့ တိုးမရွှေ့တော့ဘူး။ ၄၊ ၅ ရွာဆိုတော့ မိုးချုပ်သွားလို့ တစ်ရွာကိုတစ်ရွာတောင် စိတ်ဆိုးကြသေးတယ်။ ကျောင်းပေါ်တက် တရားနာတယ်။ ဆရာကန်တော့ပြီး ရင်တော့ အိမ်ပြန်ကြပြီပေါ့။”

ပဒေသာလှည့်လည်ပတ်ကြရာမှာလည်း ရွာမှာရှိနေပါလျှက်သားနဲ့ အပျိုဖြစ်ဖြစ်၊ လူပျိုဖြစ်ဖြစ် မလိုက်ဘူး၊ မလာဘူးဆိုရင် သူတို့ကို ဒဏ် ခတ်တဲ့ စနစ်တွေလည်း ရှိပါတယ်။

“ဒဏ်ကြေးသတ်တယ်ဆိုတာက ကိုယ့်ရွာမှာသီတင်းကျွတ်နေတယ်။ သင်္ကြန်ကျနေတယ်ဆိုရင် အပျိုတွေကတော့ သိပ်မသွားဘူး။ လူ ပျိုတွေက တစ်ခြားရွာတွေကို ပတ်ပြီးသွားနေကြတယ်။ အဲဒီရွာမှာ ပျော်မြူပြီးသွားနေတယ်ဆိုရင် သူ့သူငယ်ချင်းနဲ့ သူ့ပေါ့လေ။ ပျော် ပျော်ပါးပါး ထမင်းချက်စားပြီးတော့ နေကြတယ်။ ကျောင်းတက်မယ့်နေ့သာ မရောက်ဘူးဆိုရင် အဲဒီလူပျို၊ အပျိုကို သူတို့ထည့်ဝင်ထား တဲ့ စရုက်ကို ပြန်ပေးလိုက်တယ်။ သူတို့ကို အရာမသွင်းတော့ဘူး။ ဘယ်လိုဆိုရမလဲ။ ပါမဝင်တော့ဘူး။”

ဒါပေမဲ့ တစ်ချို့ကတော့ စီးပွားရေးအရသော်လည်းကောင်း၊ လူမှုရေးအရသော်လည်းကောင်း တစ်ခြားတစ်နေတစ်ကျေးကို ရောက်နေ တယ်ဆိုရင်တော့ အလှူငွေဖြစ်ဖြစ် ထည့်ဝင်လိုက်ရုံနဲ့ ရတယ်လို့ ဆိုပါတယ်။ ဒီလို ပဒေသာလှည့်တဲ့ ကိစ္စအပြီးမှာတော့ အိမ်ပြန်ကြပြီး တော့ ရွာထဲက လူကြီးသူမတွေကို ပစ္စည်းတွေနဲ့ ဖြစ်ဖြစ်၊ လက်ဗလာနဲ့ ဖြစ်ဖြစ် လိုက်လံကန်တော့ကြပါသေးတယ်။

ဒီလိုကန်တော့ရင်တော့ တစ်ချို့လူကြီးတွေကလည်း စားစရာပစ္စည်းဖြစ်ဖြစ်၊ ငွေသားပဲဖြစ်ဖြစ် အပြန်အလှန်အနေနဲ့ ပြန်လည်ပေးကမ်း လေ့ရှိကြပြီး အဲဒီလို ကန်တော့လို့ ရတဲ့ငွေနဲ့ ထည့်ဝင်ကြတဲ့ ငွေတွေနဲ့ ပျော်ကောင်းပျော်ဖွယ် ထမင်းပေါင်းချက်စားကြတယ်လို့ ဆိုပါ တယ်။

ဗုဒ္ဒဘာသာဝင်တွေကတော့ ဝါတွင်းကာလမှာ အိမ်ထောင်ပြုတဲ့ အယူတွေကို လက်ခံလေ့ မရှိကြပါဘူး။ ဒါကြောင့် ဝါးတွင်းကာလရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ သီတင်းကျွတ်ပွဲတော်ပြီးချိန်ဟာတော့ ချစ်သူစုံတွဲတွေအတွက် လက်ထက်ဖို့ အချိန်ကောင်းပါပဲ။

“တရားတွေဘာတွေ နာပြီးရင် ဆင်းလာကြပြီ။ သီတင်းကျွတ်ပြီလေ။ သီတင်းကျွတ်တော့ လူပျိုမှာလည်း ခိုးချင်သူကိုခိုး။ အပျိုမှာလည်း လိုက်ချင်သူနဲ့လိုက်။ အဲဒီခေတ်က အဲဒီလိုပဲ။ သီတင်းမကျွတ်ဘဲ မယူရဘူး။ ”

 2,110 total views,  3 views today