Htoo | Arakan Yoma

ဒီတစ်ပတ်မှာတော့ ရခိုင်ကမ်းရိုးတန်းဒေသမှာ နေထိုင်သူတွေ အနေနဲ့ အချိန်အခါမရွေး၊ ဥတုရာသီမရွေးလုပ်ကိုင်စားသောက်လျှက်ရှိ ကြတဲ့ ရေလုပ်ငန်းငယ်လေးတစ်ခုအကြောင်းကို ပြောပြပေးချင်ပါတယ်။

ဒီလုပ်ငန်းကိုတော့ ရခိုင်ပြည်နယ်အတွင်းက မြစ်၊ ချောင်းတွေမှာ တော်တော်များများတွေ့မြင်ရမှာ ဖြစ်ပါတယ်။ မြစ်လယ်၊ ချောင်းလယ် တွေမှာ ဝါး ၂ လုံးထောင်ပြီး ပါးစပ်ကြီးသဖွယ်ကျယ်ကားနေတဲ့ ပုံစံမြင်းကွင်း ဖြစ်ပါတယ်။ ဒေသမှာတော့ အာထောက်ပိုက်၊ ကျားပိုက်၊ ပိုက်ကြီးစသဖြင့် ခေါ်ဝေါ်ကြပါတယ်။

ဒီပိုက်ကို လုပ်ရတဲ့ ပုံစံကတော့ တစ်ခြားပိုက်တွေလို မဟုတ်ဘဲ ရေထဲမှာပဲ ရက်ပေါင်း ၁၀ ကျော်လောက် နစ်မြုပ်ထားရပြီး  အချိန်ကျရင် လှေနဲ့သွားပြီးဆည်ရတဲ့ လုပ်ငန်းဖြစ်သလို အန္တရာယ်ကြီးတဲ့လုပ်ငန်းလည်းဖြစ်ပါတယ်။ သူတို့ ဘယ်လိုပုံစံမျိုးနဲ့ လုပ်ကိုင်ကြသလဲ။ ဘယ် လိုအန္တရာယ်တွေ ကြုံတွေ့ကြသလဲ။ တစ်နေ့မှာ ဘယ်နှစ်ကြိမ်လောက် သွားဆည်ရလဲ။ သူတို့ရဲ့ ဝင်ငွေတွေက ဘယ်လောက်ရှိနိုင်သလဲ စတဲ့ အကြောင်းအရာတွေကို ယခုသီတင်းပတ်မှာ တင်ပြသွားမှာပါ။

အဲဒီပိုက်ချဖို့အတွက် မြစ်ထဲမှာ နေရာယူပြီး တိုင်သွားစိုက်ရပါတယ်။ တိုင်စိုက်ပြီးမှ အဲဒီနေရာကို မြင်ရအောင် အမှတ်အသားလုပ်ခဲ့ပြီး ပိုက်နဲ့ တိုင်ကို ကြိုးနဲ့ ဆက်ပြီး ရက်မလို့ခေါ်တဲ့ လက်လံ ၁၂ လံ၊ ၆ လံစသဖြင့် အရွယ်အစားရှိတဲ့ ဝါးကို ပိုက်အရွယ်အစားကို လိုက်ပြီး ပိုက်ရဲ့ အပေါ်နဲ့အောက်မှာ ထောက်ထားရတာပါ။ အသက် ၁၅ နှစ်သားကတည်းက ဒီလုပ်ငန်းကို လုပ်ကိုင်လာတဲ့ ကိုဦးသန်းဝင်က အ ခုလို ပြောပြပါတယ်။

“စက်လှေတွေနဲ့ သွားရင် မြင်ကြလိမ့်မယ်။ ဝါးတွေထောင်ပြီးတော့လေ။ အဲဒါကို အာထောက်ပစ်လို့ခေါ်တာ။ စစ်တွေမြစ်တွေမှာ မြင်ဖူး ကြလိမ့်မယ်။ ဖောင်တော်က ကြည့်လိုက်ရင်။ အကိုတို့မှာတောင် ငယ်သေးတယ်။ သူတို့မှာက ကတယ့်အကြီးကြီး။ ၁၂ လံဝတွေ။ အကို တို့ ဒီမြစ်မှာချတာက ၆ လံဝ။ အဲဒီပိုက်ချဖို့အတွက် မြစ်ထဲမှာတိုင်ထိုးရတယ်။ စက်နဲ့လည်း ထိုးသူထိုးတယ်။ အကိုတို့မှာတော့ စက်နဲ့ထိုး တယ်။ တိုင်ကို ရေထဲမှာ မြုပ်ထားလိုက်တယ်။ ဟိုဖက်တစ်လုံး။ ဒီဖက်တစ်လုံးပေါ့လေ။ အဲဒီတိုင်ဟာ မြေထဲမှာဝင်သွားပြီ။ ဝင်သွားတာနဲ့ ကြိုးကိုအပေါ်က ချည်တယ်။ ဒီဖက်တိုင်မှာ တစ်ဖက်ချည်တယ်။ ဟိုဖက်တိုင်မှာ တစ်ဖက်ချည်တယ်။ပြီးရင် အလယ်က ဝါး ၂လုံးထောက် တယ်။ ဝါးကတော့ ၁၆တောင် ၁၇တောင်လောက်ပေါ့။ ရေပြင်းလာတာနဲ့ မြုပ်သွားတယ်။ မြုပ်သွားတော့ မမြင်ရတော့ဘူး။ ရေဒီရေတက် မှ ပေါ်လာတယ်။”

အဲဒီနေ့ကတော့ ပိုက်သွားဖော်ရမယ့်နေ့ဖြစ်ပေမယ့် ရာသီဥတုအခြေအနေ မကောင်းတာကြောင့် ရက်မဝါးကိုပိတ် ထားခဲ့တဲ့အတွက် သွားစရာမလိုတော့လို့ အိမ်မှာပဲ ဆေးဆေးအနားယူနေရင်း သူက ပြောပြတာပါ။

ကိုဦးသန်းဝင်းကတော့ စစ်တွေမြို့နယ် အုန်းရည်ဖော်ကျေးရွာကဖြစ်ပြီး အဲဒီရွာဟာ စစ်တွေမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်ကို စည်းခြား ထားတဲ့ မယူမြစ်ကမ်းဘေးမှာ တည်ရှိတာလည်း ဖြစ်ပါတယ်။ သူတို့ရွာမှာ တစ်ခြားရွာတွေမှာလို လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့ အဆင်မ ပြေတာကြောင့် ရေလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပါတယ်။ ရေလုပ်ငန်းကိုလည်း စိတ်မဝင်စားတဲ့သူတွေကတော့ နိုင်ငံခြားကိုသွား ရောက် အလုပ်လုပ်ကြရတယ်လို့ ပြောပါတယ်။

တစ်လမှာ လဆန်းတစ်ခါ၊ လဆုတ်တစ်ခါ နှစ်ကြိမ်စီ ပိုက်ကိုတပ်ရပြီး။ တစ်ကြိမ်စီမှာ ၁၀ ရက်လောက်စီ ကြာမြင့်တတ်ပါတယ်။ သူတို့ ပိုက်တပ်ထားချိန်မှာတော့ ဒီရေရဲ့အလျဉ်းအတိုင်း အတက် ၂ ခါ၊ အကျ ၂ ခါ စုစုပေါင်း ၁ ရက်မှာ ၄ ကြိမ်သွားဖော်ရတယ်လို့ ဆိုပါ တယ်။

“ရာသီတော့ မရွေးဘူး။ အချိန်ပြည့်ချတယ်။ မုန်တိုင်းလေးဘာလေးရှိတယ်ဆိုရင်တော့ မထွက်ဘူး။ ဒီရေသေချိန်ဆိုတာရှိတယ်။ ဒီရေအ တက်ကနည်းလာတယ်။ အဲဒီအချိန်ဆိုရင် ပိုက်ကိုအိမ်ပေါ်မှာတင်ထားရတယ်။ ဘာလို့လဲဆိုရင် အဲဒီအချန်မှာက ငါးကလည်း မပါတော့ ဘူးလေ။ ဘယ်လဆန်းပဲဖြစ်ဖြစ် ၁၁ ရက်၊ ၁၂ ရက် ဆိုရင် ဒီရေက ပြန်ကြီးလာပြီ။ ပြန်ကြီးလာရင် ပြန်တပ်ပြီ။ အဲဒီအချိန်ကနေ ၁၂၊ ၁၃၊ ၁၄၊ ၁၅ ၊ ပြီးရင် ၁ ရက်၊ ၂ ရက်၊ ၃၊ ၄၊ ၆၊ ၅၊ ၆၊ ၇ ရက်ဆိုရင် ဒီရေက ပြန်ငယ်လာပြီ။ အဲဒီနေ့ဆိုပြန်တင် အိမ်မှာနေ။ နောက်ထပ် အိမ်မှာ ၄ ၊ ၅ ရက်နေ။  နောက်ထပ် ၁၂ ရက်နေ့လောက်ဆိုပြန်ချတယ်။ လဆန်း ၁၂ ရက်၊ လဆုန် ၁၂ ရက်ဆိုရင် ဘယ်လမဆို တပ်ပြီ။ တော် သလင်းလဆုပ်ဖြစ်ဖြစ်။ တော်သလင်းလဆန်းဖြစ်ဖြစ်။ လတိုင်းလတိုင်း အဲဒီလိုပဲ။ ၇ ရက်၊ ၈ ရက်လောက်ဆိုတင်ပြီပေါ့။ ဘယ်လပဲဖြစ် ဖြစ်။” လို့ သူတို့စက်လှေရပ်တဲ့နေရာကို လိုက်ပြရင်းနဲ့  ကိုသန်းဝင်းက ပြောပါတယ်။

မြန်မာလတစ်လစီရဲ့  ဘယ်လဆန်းဖြစ်ဖြစ်၊ ဘယ်လဆုတ်မှာဖြစ်ဖြစ် ၇ ရက်၊ ၈ ရက်နေ့လောက်ဆိုရင် ဒီရေအားပျော့လာပြီး ငါးပါနှုန်းက လည်း နည်းသွားတတ်တဲ့အတွက် ပိုက်တွေကိုလည်း ရုတ်သိမ်းလေ့ရှိပါတယ်။ အဲဒီနောက်မှာတော့ သူတို့က တစ်ချိန်လုံးရေထဲမြှုပ်ထား ရတဲ့ ပိုက်တွေရဲ့ အနာအဆာတွေကို ဖာထေးပြုပြင်ဖို့၊ အနားယူကြဖို့အတွက် အချိန်ကောင်းပါပဲ။

အသက် ၃၀ အရွယ် ကိုလင်းချေကလည်း အုန်းရည်ဖော်ရွာသားပါပဲ။ အာထောက်ပိုက် ၂ ဖောင်ကို တစ်ယောက်တည်းနေချတာပါ။ ရက် မကို စေ့ထားခဲ့ပေမယ့် ကိုလင်းချေက အနားယူချိန်မရသေးဘဲ ငိုနေတဲ့ နှစ်သားအရွယ်ကလေးငယ်ကို ချီရင်းနဲ့ သူတို့လုပ်ငန်းအကြောင်း ကို ရှင်းပြပါတယ်။

“ကျနော်ကလည်း ပိုက်ချတာပဲ။ ကျားပိုက် ၂ လက်ချတယ်။ ကျနော်တို့က လဆန်း ၁၂ ရက်လောက်ဆိုရင် မနက် ၈ လောက်မှာ အလုပ် စဆင်းတယ်။ ၉ နာရီခွဲလောက်ပြန်ရောက်တယ်။ နောက် ၁၂ နာရီခွဲ၊ ၁ နာရီလောက် ပြန်သွားတယ်။ ၂ နာရီလောက် ပြန်ရောက်တယ်။ ည ဖက်ဆိုင်ရင် ၈ နာရီလောက် ပြန်ဆင်းတယ်။ ၉ နာရီလောက် ပြန်ရောက်တယ်။ ညဥ့် ၁ နာရီလောက် ပြန်ဆင်း။ ၂ နာရီလောက် ပြန် ရောက်။ တစ်ရက်မှာ အလုပ် ၄ ချိန်လုပ်ရတယ်။ ကျနော်တို့က မယူမြစ်မှာချတာလေ။ ဒီကနေတော့ ဝေးသေးတယ်။ တစ်ယောက်တည်း ပဲလုပ်တာလေ။ လူတစ်ယောက်ငှားရင် အများကြီးပေးရတယ်။ သူ့ကိုကျွေးမွေးရတယ်။ အဆင်မပြေဘူး။ တစ်ယောက်တည်းဆို ကိုယ့်အ တွက်လည်း နည်းနည်းကျန်တယ်။ ဒီရေကြီးရင် အလုပ်မဖြစ်ဘူး။ ထိုင်နေရတော့ အလုပ်မလုပ်ရရင် အငှားသားငှားထားလို့ ငွေကြေးက အခက်ခဲဖြစ်တယ်လေ။”

တကယ်တော့ ပိုက်တစ်ဖောင်ကိုတောင် တစ်ယောက်တည်းလုပ်ကိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ နောက်ပြီးတော့ သူတို့အလုပ်က  များများလုပ်ရပေမယ့် နည်းနည်းသာရတဲ့ လုပ်ငန်းဖြစ်လို့ သူတို့အဆင်မပြေတဲ့ လတွေမှာဆိုရင် ငွေချေးပြီးရတဲ့အခါ ပြန်ဆပ်ရင်း ဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။

“ဒီအချိန်ဆိုရင်တော့ ငါးများများရတဲ့အချိန်လေ။ ဆောင်းရာသီလို မဟုတ်ဘူး။ အခုရာသီမှာက ပိုက်တစ်ကြိမ်ချရင် ၂ သိန်း၊ ၃ သိန်း လောက်တော့ရတယ်။ အဲဒီငွေနဲ့ အဆင်တော့ မပြေဘူးလေ။ မပြေရင်လည်း ပြေအောင်လုပ်ရတာပဲ။ ချေးငှားလို့လုပ်တာပဲ။ ရတဲ့အချိန် ပြန်ဆပ်လိုက်တယ်။” လို့ ကိုလင်းချေက သူတို့အခက်ခဲတွေကို ပြောပြပြန်ပါတယ်။

သူတို့ရဲ့ ဘဝတွေမှာ ငွေရေးကြေးရေးအဆင်မပြေမှုတွေကို သာမက သဘာဝဘေးအန္တရာယ်တွေကိုလည်း  ခဏခဏကြုံရတတ်တယ် လို့ ကိုဦးသန်းဝင်းက သူ့လုပ်ကိုင်လာတဲ့ သက်တမ်းတစ်လျှောက်ကြုံခဲ့ရတဲ့ထဲက ဆိုးဝါးတဲ့ ဖြစ်ရပ်တစ်ခုကို အခုလိုပဲ စိတ်မကောင်းစွာနဲ့ ပြန်ပြောင်းပြောပြပါတယ်။

“အကိုကတော့ အခါခါ ခံဖူးတယ်။ လေမုန်တိုင်းတွေရှိတယ်လို့ ကြေညာထားရင် ဘယ်အချိန်မှာ မုန်တိုင်းလာမယ်ဆိုရင် အကိုတို့က အ ချိန်နဲ့ကိုက်ထားတယ်။ နောက်ထပ်ဘယ်အချိန်မှာ မုန်တိုင်းလာနိုင်တယ်။ အဲဒီအချိန်မကျခင် သွားထားရတယ်။ အဲဒီအချိန်မကျခင် အိမ် ကိုလာနိုင်တာပေါ့။ တစ်ခါတစ်လေတော့လည်း ပိုက်ဆယ်နေတုန်းနဲ့လည်း မြစ်ထဲမှာလာလို့ မရောက်တော့ဘူး။ တစ်ခါကဆိုရင် ပိုက်က ဝါးကို ဖြုတ်ပြီး ဝါးကိုဖက်ပြီးတော့ မြှောခံလိုက်ရတယ်။ အဲဒီဝါးသာ မဖြုတ်လိုက်ရင် ရေပြင်းလာတာနဲ့ ပိုက်က မြုပ်သွားမယ်။ မြုပ်ရင် အ ကိုသေပြီလေ။ အကိုက ဝါးကိုဖြုတ်ပြီး တစ်ညနဲ့ တစ်ရက် မြောနေခဲ့တယ်။ လေငြိမ်သွားမှ အိမ်ကလူတွေ လှေတွေနဲ့  လိုက်ရှာကြတာ။”

ငါးပါနှုန်းက တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာတာကြောင့် စီးပွားရေးအဆင် မပြေဖြစ်ရပေမယ့် အခုလို မိုးရာသီမှာကတော့ သူတို့အ နေနဲ့ တွက်ခြေကိုက်နေကြလို့ ဝမ်းသာနေကြပါတယ်။

ကိုလင်းချေက “ဒီအချိန်ဆိုရင် တစ်ကြိမ်ချရင် ၂၊ သိန်း ၃ သိန်းရတယ်။ ဆောင်းရာသီဆို မရတော့ဘူး။ အဓိကတော့ ပုစွန်ပေါ့လေ။ ကျန် တဲ့ငါးတွေက တန်ဖိုးမရှိဘူး။ ပုစွန်နည်းနည်းပါလို့ ခံသာနေတာ။ ငါးအကြီးကြီးတွေလည်း အရင်လို မပါတော့ဘူး။ အရင်က ငါးအကြီးကြီး တွေ ၁ လမှာ ၁ ခါ၊ ၂ လမှာ ၁ ခါပါတယ်။ အခုဆိုရင် တစ်နှစ်နေလို့တောင် တစ်ကောင်မပါတော့။ ပုစွန်  ၄၊ ၅၊ ၆ ပိဿရတော့ ပိုက်ဆံ ၁ သိန်း၊ ၂ သိန်းရတယ်။ အဲလောက်ပဲ။”လို့ ဆိုပါတယ်။

ဒီလို ဘဝကို ရုန်းကန်နေသူ အမျိုးသားတွေရဲ့ နောက်ကွယ်မှာတော့ သူတို့ရဲ့ ဇနီအမျိုးသမီးတွေရဲ့ ကဏ္ဍကလည်း အရေးကြီးပါတယ်။ လင်ယောက်ျားတွေက မြစ်ကိုသွား ပိုက်တွေဆယ်လို့ ရောက်ရင်၊ နေ့မှာရောက်ရောက်၊ ညမှာပဲ ရောက်ရောက် ရောက်တဲ့အချိန်မှာပဲ အ မျိုးသမီးတွေက အသင့်ဖြစ်နေကြရပါတယ်။

“ရောက်တဲ့အချိန်မှာ ထရွေးရတယ်။ အဲဒီအတိုင်းပုံထားလိုက်လို့ရှိရင် ပုပ်သွားတယ်။ ငါးကို ငါးသပ်သပ်၊ ပုစွန်ကို ပုစွန်သပ်သပ် ခွဲထားရ တယ်။ ငါးဆိုရင် အနီးက ရွာနားတွေမှာ သွားရောင်းရတယ်။ ပုစွန်ဆိုရင် နေပူလို့ရှိရင်ပြုတ်တယ်။ ရွှေပုစွန်လုပ်တယ်။ မျှင်တွေကျတော့ နေပူရင် လှမ်း။ မြို့ကိုသွားဖို့ အချိန်မှီရင် သွား။ သွားဖို့ အချိန်မရှိတော့ရင် လွှင့်ပစ်လိုက်ရတယ်။”လို့ ပြောလာသူကတော့ ကိုလင်းချေရဲ့ ဇနီး မစိုးစိုးရီ ဖြစ်ပါတယ်။

အုန်းရည်ဖော်ကျေးရွာသူ ဒေါ်သန်းအေးကြည်ကတော့ ကလေး ၄ ယောက်အမေပါ။ သူ့ယောက်ကျားကတော့ လောလောစဉ် နိုင်ငံခြား ကို သွားရောက်အလုပ်လုပ်နေတာကြောင့် အိမ်မှာ ကျန်ခဲ့တဲ့ အာထောက်ပိုက် ၂ ဖောင်ကို ၁၆ နှစ်အရွယ် သားနဲ့ လူတစ်ယောက်ငှားပြီး လုပ်ကိုင်နေပါတယ်။ သားက ပိုက်ချလို့ရောက်လာပြီဆိုရင်တော့ ကျန်တဲ့အပိုင်းတွေကို သူကပဲ အကုန်တာဝန်ယူရတာ ဖြစ်ပါတယ်။

ထမင်းလည်းချက်၊ တစ်နှစ်အောက်အရွယ် ကလေးငယ်လေးကိုလည်း ချီရင်းနဲ့ ဒေါ်သန်းအေးက “အဆင်တော့ ဘယ်ပြေပါ့မလဲ။ မပြေ ရင်လည်း အတိုးနဲ့ချေးငှားပြီး လုပ်စားနေရတယ်။ ငါးတွေဘာတွေရောက်ရင် ကလေးကို ရင်ခွင်မှာ တင်ပြီးတော့ နောက်လက်တစ်ဖက်နဲ့ လုပ်ရတာပေါ့။ နောက်ထပ် ၂ ယောက်မှာ တစ်ယောက်ကတော့ ကျောင်းတက်တယ်။ တစ်ယောက်က အသက်မပြည့်သေးဘူး။ ပိုက် တပ်စဆိုရင်တော့ ကိုယ်က ငါးတွေကို ရေချမ်းပြင်သွားရောင်းလို့ မှီတယ်။ လာခါမှ ထမင်းချက်လို့ မှီတယ်။ နေပူတဲ့အချိန်တွေဆိုရင် မျှင် တွေလည်း လှမ်းရတော့ မအားဘူး။ လက်ဝယ်တွေကို ရောင်းလိုက်တယ်။”လို့ ဘဝမှာ ဘယ်တော့မှ အရှုံးမပေးဘူးဆိုတဲ့ ခွန်အားတွေ မွေးထားတဲ့ အမူအယာနဲ့ ပြောပြပါတယ်။

သူတို့ရဲ့ ဘဝမှာ ဘယ်လိုပဲ အခက်ခဲကြုံကြုံ၊ ဘယ်လို လောကဒဏ်မျိုးရင်ဆိုင်ရရ သူတို့ရဲ့ ဘဝတွေကို ပေးဆပ်ရင်းနဲ့ သူတို့ရဲ့ သား၊ သ မီးတွေကို ဒီလိုဘဝမျိုးက ရုန်းထွက်ဖို့ ထွက်ပေါက်ရအောင် ဆောင်ကျဉ်းပေးမယ့် ခံယူချက်ကတော့ မိဘတိုင်းမှာ ရှိနေကြပါတယ်။

“ပညာတတ်မှ သူတို့အနာဂတ်က လှပမယ်လေ။ ကျမတို့က ပညာအခြေခံလုံးဝမရှိခဲ့ဘူး။ ကျမတို့ ငယ်ငယ်ကဆိုရင် ရွာမှာက လမ်းတွေ အခက်ခဲရှိတယ်။ ဆရာ၊ ဆရာမတွေလည်း မရောက်တဲ့ နေ့တွေကများတယ်။ လမ်းက သိပ်ဆိုးတော့လေ။ လှေတွေနဲ့ သွားတင်ရတယ်။ တံတားလည်း မရှိသေးဘူးလေ။ ဒါကြောင့် ကျမတို့ စာသင်မခဲ့ရတာ။ ကိုယ့်သား၊ သမီးတွေကိုတော့ အဲလို ဖြစ်သွားမှာ စိုးရိမ်တယ်။ ဖြစ် အောင်လုပ်ဖို့အတွက်လည်း ဆန္ဒရှိတယ်။ တတ်နိုင်သလောက် သင်ပေးမယ်။”

တကယ့်တော့ ပင်လယ်ထဲသွားပြီး ပိုက်လုပ်ငန်းသွားရောက်လုပ်ကိုင်နေကြတဲ့ အမျိုးသားတွေ သာမက အိမ်တွင်းကနေပြီး လိုအပ်ချက် တွေ ဖြစ်ဆည်းပေးနေတဲ့ အမျိုးသမီးတွေဟာလည်း လိုရာဘဝကိုရဖို့ အတူတူကြိုးပမ်းနေကြသူတွေဖြစ်တဲ့ သူတို့အကုန်လုံးကတော့ ဘဝကို ရေဆန်ချီတက်နေသူတွေပါ။

 554 total views,  2 views today