Arakan Yoma |

ရခိုင်ပြည်နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုတစ်ခုကို ပြည်နယ်ပညာရေးနှင့် ပြည်နယ်ကျန်းမာရေးဌာန နှစ်ခုက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

သြဂုတ်လ တတိယသီတင်းပတ် ရက်တစ်ခုဖြစ်သည့် ၂၁ ရက်နေ့တွင် စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အခမ်းအနားတွင် ကျောင်းကျန်းမာရေးနှင့် ပတ်သတ်သည့် တစ်ကိုယ်ရည်သန့်ရှင်းမှုအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှု၏နောက် ဆက်တွဲ ဆိုးကျိုးများနှင့် စားသုံးအပ်သည့်၊ မစားသုံးအပ်သည့် အစားအစာများစသည့် အကြောင်းအရာများကို  အဆိုပါ ဌာနဆိုင်ရာများ၏ တာဝန်ရှိသူများက ဟောပြောပို့ချမှုများပြုလုပ်ခဲ့သည်။

လက်ရှိကျောင်းတွင် ရောင်းချနေသော ဆိုင်တန်းများမှာရောင်းချနေကြသည့် အစားအစာများသည် သန့်ရှင်းမှုမရှိသလို အာဟာရမပြည့်ဝခြင်းများကို တွေ့ရပြီး ယင်း အစားအစာများကို စားမိပါက နောက်ဆက်တွဲအနေဖြင့် ဝမ်းပျော့ဝမ်းလျှော၊ သွေးဝမ်းကိုက်နှင့် အသည်းရောင်အသားဝါရောဂါများ ဖြစ်လာနိုင်သောကြောင့် ပူးပေါင်းထိန်းသိမ်းကွပ်ကဲကြဖို့ လိုအပ်နေပြီဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာက မိန့်ခွန်းတွင် ထည့်ပြောခဲ့သည်။

ဒေါက်တာချမ်းသာက “ကျောင်းတွေမှာရှိတဲ့ မုန့်ဈေးတန်းတွေဟာ စနစ်တကျ ဆောင်ရွက်ထားတာတွေ မဟုတ်ဘဲနဲ့ ပျံကျလာရောင်း တာတွေတွေ့ရပါတယ်။ အဲဒီလို လာရောင်းတဲ့အခါမှာ မသန့်ရှင်းတဲ့အစားအသောက်တွေကို တွေ့ရမှာဖြစ်ပါတယ်။ အဖုံးအကာမရှိဘူး။ ယင်နားတာတွေကအစတွေ့ရတယ်။ ရောင်းချတဲ့အစားအသောက်တွေကလည်း အာဟာရနဲ့ ညီညွှတ်တဲ့ အစားစာတွေ ဟုတ်ချင်မှလည်း ဟုတ်မယ်။ မဟုတ်တာတွေပိုများတယ်။ အဲတော့ မုန့်စားတန်းတွေကို ထိမ်းသိန်းဖို့ လိုအပ်လာပါတယ်။ ဘယ်သူ့မှာ တာဝန်ရှိလည်းဆိုတော့ အကုန်လုံးမှာ တာဝန်ရှိပါတယ်။”ဟု ပြောဆိုခဲ့သည်။

ပြည်နယ်ပညာရေးဌာနတာဝန်ရှိသူများကတော့ ရခိုင်ပြည်နယ်အတွင်းက စာသင်ကျောင်းများတွင် ပြည်နယ်အစိုးရ၏ လမ်းညွှန်မှုနှင့် အ တူ ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သွားရန် ရှိနေကြောင်း ဆိုသည်။

“အသိပညာပေးတယ်ပေါ့။ မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေ စာစီစာကုံးပြိုင်ပွဲတွေ လုပ်ပေးတယ်။ ကလေးတွေ တော်တော်စိတ်ဝင်စားလာ တယ်။ ကျနော်တို့ကတော့ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့ ပြည်သူတွေ၊ ဒေသဆိုင်ရာအာ ဏာပိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာရှိတယ်။”ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံး ကာယ၊ ကျောင်းကျန်းမာ၊ စာကြည့် တိုက် ဦးစီးအရာရှိ ဦးအောင်ကျော်ငြိမ်းက ပြောသည်။

အခမ်းအနားတွင် ဦးဆောင်ပြုလုပ်ကြသည့် ပညာရေးနှင့် ကျန်းမာရေးဌာနက တာဝန်ရှိသူများအပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး တစ်ချို့၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးနှင့် သက်ဆိုင်တဲ့ စာစီစာကုံး၊ ပန်းချီစသည့် ကဏ္ဍများတွင် ထူးချွန်ကျောင်းသားကျောင်းသူများကို ဆုချီးမြှင့်ခဲ့သည်။

 1,023 total views,  1 views today