ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ ရေချမ်းပြင်ကားလမ်းမအတိုင်း မိနစ် ၂၀ လောက်သွားရင် ပြည်နယ်လွှတ်တော်ကို မရောက်ခင် အောင် မင်္ဂလာရပ်ကွက်လမ်းထိပ်မှာ “ဝါးတဲ” ဆိုတဲ့အကင်ဆိုင်တစ်ဆိုင်ရှိပါတယ်။ အဲဒီဆိုင်လေးဟာ အချိန်တိုလေးအတွင်းမှာပဲ နာမည်ရလာခဲ့ ပြီး စစ်တွေမြို့ပေါ်မှာ နေထိုင်သူတွေအဖို့ အပန်းဖြေရာ စိတ်ထွက်ပေါက်တစ်ခုဖြစ်လာခဲ့ပါတယ်။

 “ခုံ ၄ ခုံနဲ့ စခဲ့တာ။ အစတည်းက ကားရေဆေးခုံလုပ်တဲ့အခါကျတော့ တဲရှိပြီးသား။ တဲရှိပြီးသားဆိုတော့ စစချင်းမှာပဲ အလုပ်က အကျိုး ဖြစ်တယ်လို့ ပြောရမှာပေါ့။ ပထမ ၁ ရက်၊ ၂ ရက်မှာတင် အရမ်းကို ရောင်းရတယ်ပေါ့။ ထိုင်းမှာ ဆိုလို့ရှိရင် ညနေ ၄ နာရီနောက်ပိုင်းမှ ဒီ အစားစာ စားတာ။ အဲဒီခါကျတော့ ဒီမှာ ၃ နာရီလောက်မှ ကိုယ်က ဖွင့်မယ်ပေါ့။ ဒါပေမဲ့ ၂ နာရီလောက် စပြီးရောင်းတယ်။ ရောင်းတဲ့အ ချိန်မှာ အလုပ်က မနိုင်ဘူးဖြစ်တယ်။ စားတဲ့လူတွေက သူ့ဟာနဲ့သူ သိသွားတယ်။ ကိုယ်ကြော်ငြာတာ မဟုတ်ဘူး။”

သူကတော့ ဝါးတဲအကင်လုပ်ငန်းကို ဦးစီးဦးဆောင်လုပ်နေတဲ့ အသက် ၅၀ အရွယ် ဒေါ်သန်းသန်းနွယ် ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့အ တူ ထိုင်းနိုင်ငံမှာ သွားရောက်နေထိုင်စဉ်မှာ ဒီလိုမျိုးအစားသောက်တွေကို စားသောက်ရင်းနဲ့ သင်ယူခဲ့တာလို့ ဆိုပါတယ်။

“အသားမှန်သမျှဆိုရင်တော့ ကြက်သား၊ ဝက်သား၊ အမဲသားပေါ့နော်။ နောက်ပြီးတော့ ဝက်လျှာထည့်ထားတယ်။ ပုဇွန်ထည့်တယ်။ ကင်းမွန်ထည့်တယ်။ နောက် ငါးအသားပြားထည့်တယ်။ ငါးအသားပြားက ငါးတန်ပဲသုံးတယ်။ တစ်ခြားငါးတွေအဆင်မပြေဘူးသုံးလို့။ အဲဒါကြောင့်မို့ ငါးတန်သုံးတယ်။ ငါးတန်ကျတော့ အသားပြားထုတ်လို့ကောင်းတယ်။ နောက် ငါးဆုပ်ကျတော့ ငါးညို့တစ်မျိုးတည်းပဲ သုံးတယ်။ ကျန်တာကကျတော့ ကြက်သားလုံး၊ ဝက်သားလုံးတွေ ကိုယ်တိုင်လုပ်ပါတယ်။ နောက်ပြီး ဝါးတဲအထူးကြက်ကြော်ဆိုပြီးတော့ အန်တီကလုပ်တာ။ ကိုယ်ကလည်း အရသာရှိအောင် လုပ်တယ်လေ။ အန်တီဆီမှာ စားနိုင်တဲ့အရာတွေပေါ့နော်။ လာစားတဲ့လူတွေက တောင်းဆိုကြတယ်။ အသုပ်တောင်းဆိုတယ်။ အန်တီမှာက ကြက်ခြေထောက်အရည်ခွံသုပ်က နိုင်ငံခြားမှာဆိုရင်တော့ Ready Made သုံးတယ်။ ဒါမဲ့ အန်တီမသုံးဘူး။ ကိုယ်တိုင်ကို ကြက်ခြေထောက်အရည်ခွံထုတ်တယ်။ နောက် ဝက်ခေါက်သုပ်၊ ခရမ်းချဉ်သီးသုပ်၊ ဆေး ဘဲဥသုပ်ဒါတွေကျတော့ ဒီကစတိုင်နဲ့ မသုပ်ဘူး။ ဒါပေမဲ့ ဒီကအရသာကိုထည့်တယ်။ ဟိုကပုံစံနဲ့သုပ်တယ်။ အရသာချင်းတော့ မတူဘူး။ အဲလိုမျိုးသုံးထားတယ်။ တစ်ခုရောင်းပြီဆိုရင် အန်တီက အဲဒီတစ်ခုကို အရင်ဆုံးစားကြည့်တယ်။ ဒီကလူတွေကလေ အချဉ်အစပ်အရ သာသုံးတယ်။ ငပိစားတဲ့သူတွေဆိုတော့ လေးလေးပင်ပင်ကြိုက်တယ်။ အဲဒီအတွက်ကို ဒီအရပ်ဒီဒေသနဲ့လိုက်အောင် အန်တီက သုံးရ တယ်။”

ဘာပဲလုပ်လုပ်အကောင်းဆုံးလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ကို လက်ကိုင်ထားတဲ့ ဒေါ်သန်းသန်းနွယ်ရဲ့ ခံယူချက်တွေကြောင့် အကင်ဆိုင် လေးဟာ နေ့ချင်းရက်ချင်းမှာတင် စစ်တွေမြို့သားတွေရဲ့ ကြိုက်နှစ်သက်ခြင်း ခံခဲ့ရပြီး ညနေဖက်မှာပဲရောင်းတဲ့ အဲဒီဆိုင်ကို တစ်နေ ကုန်ဖွင့်တဲ့ ဆိုင်အဖြစ် တဖြည်းဖြည်းတိုးချဲ့လုပ်ကိုင်ခဲ့ရပါတယ်။

“ကြားရက်တွေမှာဆိုရင် ပျော်ဖို့ကောင်းပါတယ်။ ဂစ်တာတွေနဲ့လာမယ်။ သူငယ်ချင်းတွေအုပ်စုလိုက် သီချင်းတွေအော်ဟစ်ဆိုကြမယ်။ မွေးနေ့လုပ်ကြမယ်။ ဒီမှာက နေရာလည်းအကျယ်အဝန်းရှိတယ်။ သူတို့အတွက်လည်း လွတ်လွတ်လပ်လပ်ရှိတယ်ဆိုတော့ အဲဒီလိုမျိုး လာပြီးတော့ လုပ်တာများတယ်။ စနေ၊ တနင်္ဂနွေမှာဆိုတော့ နည်းနည်းရောင်းရတယ်။ အုပ်စုလိုက်တော့ လာကြတယ်။ မွေးနေ့တွေက တော့ နည်းသွားတယ်။”

ထိုင်းနိုင်ငံမှာ ဖူးစာဆုံခဲ့ကြတဲ့ ရန်ကုန်သူနဲ့ စစ်တွေသားတို့ နှစ်ယောက်သားဟာ လက်ထပ်လို့ပြီးတဲ့ နောက်ပိုင်းမှာတော့ သားလေးတစ် ယောက်ရလာတာကြောင့် သူရဲ့အနာဂတ်အတွက်ဆိုပြီး မြန်မာနိုင်ငံကို လှည့်ပြန်လာခဲ့ကြတာ ဖြစ်ပါတယ်။ ပြန်လာခဲ့ကြပြီးနောက်ပိုင်း မှာတော့ ရန်ကုန်မှာပဲ သူတို့ကျွမ်းကျင်တဲ့ လုပ်ငန်းတစ်ချို့ကို လုပ်ခဲ့ကြပါသေးတယ်။

နောက်ပိုင်းမှာတော့ ရန်ကုန်သူ ဒေါ်သန်းသန်းနွယ်ဟာ ခင်ပွန်းသည်ရဲ့ လိုအင်ဆန္ဒကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ရောက်ရှိလာခဲ့ ရပါတယ်။ အဲဒီမှာ သူတို့နှစ်ဟာ ကားရေဆေးလုပ်ငန်းလေးတစ်ခု လုပ်ကိုင်ထူထောင်လုပ်ကိုင်ခဲ့ကြပါတယ်။ လုပ်နေရင်းနဲ့ အခက်ခဲတစ် ချို့ကြောင့် အဲဒီလုပ်ငန်းကိုရပ်ပြီး အကင်ရောင်းချတဲ့လုပ်ငန်းလေးကို တစ်ပိုင်တစ်နိုင်လေး စတင်ခဲ့ကြတာပါ။

အဲဒီတုန်းက ဆိုင်မှာနာမည်လည်း မရှိသေးပါဘူး။ ဒါပေမဲ့ အဲဒီနောက်မှာတော့ ဝါးတဲလို့ နားမည်ပေးဖြစ်ခဲ့တဲ့အကြောင်းကိုလည်း အခုလို ပြောပြပါတယ်။

“ဝါးတဲဆိုတဲ့ ဆိုင်လေးကို အမတို့နာမည်ပေးရတာက စစတုန်းက ကားရေဆေးခုံလုပ်တာက ဝါးတဲလေးဆောက်ထားတယ်။ ဝါးတဲလေး မှာက ကားရေဆေးဖို့လာတယ်။ နားမယ်။ ကိုယ်တွေကလည်း ဒီနားမှာ နားနားနေနေ အရိပ်လေးတစ်ခုပေါ့နော်။ အဲလိုနဲ့ ဝါးတဲရုံတစ်ရုံ ဆောက်ထားပါတယ်။ လာစားတဲ့ လူမှန်သမျှက ကိုယ့်နာမည်လည်း သိတာမဟုတ်ဘူး။ အမျိုးသားနာမည်လည်း သိတာမဟုတ်ဘူး။ ရေ ချမ်းပြင်သွားတဲ့ လမ်းဆိုတာပဲသိတယ်။ သူတို့က အကင်ဆိုင်ကို ဝါးတဲလေးနားဆို ရောက်ပြီ။ အဲဒီလိုနဲ့ ဝါးတဲလို့ နာမည်ပေးဖြစ်တာ။”

နှစ်ယောက်တစ်ဘဝကို ထူထောင်လို့ အောင်မြင်ခြင်းရဲ့ အရသာတွေကို မခံစားရသေးချိန်မှာပဲ ဒေါ်သန်းသန်းနွယ်နဲ့ လူမမည်သေးတဲ့ သားငယ်လေးတို့ရဲ့ဘဝကို အဆိုးရွားဆုံးသော မုန်တိုင်းတစ်ခုဝင်လာခဲ့ပါတယ်။ ဒါဟာ ခင်ပွန်းဖြစ်သူ လူ့လောကထဲက စွန့်ခွာသွားခြင်း ပါပဲ။

“အမအမျိုးသားက ဆုံးသွားပြီလေ။ တစ်နှစ်ပြည့်တော့မယ်။ နှစ်ယောက်က အလုပ်လုပ်နေရင်းနဲ့ပေါ့နော်။ တက်ညီလက်ညီလုပ်တယ်။ ကြိုးကြိုးစားစားအလုပ်လုပ်ကြတယ်။ ကိုယ့်ရဲ့ရည်မှန်းချက်တွေနဲ့ပေါ့နော်။ ဒီလိုလုပ်လာတဲ့အခါမှာ အမျိုးသားက သူကျိုက်ထီးရိုးသွား ချင်တယ်ဆိုလို့ အမက ကျိုက်ထီးရိုးပို့လိုက်တာ။ အဲဒီမှာ သူကရှက်တတ်တော့ လမ်းမှာ  အိမ်သာမတက်တာကနေ ဖြစ်သွားတာ။”လို့ လည်း ဝမ်းနည်းစွာနဲ့ ပြောပြပြန်ပါတယ်။

ဆက်လက်ပြီးတော့ သူမက “ကိုယ့်အမျိုးသား မရှိတဲ့အတွက် နှစ်ခေါင်းနေရာမှာ တစ်ခေါင်းပဲသုံးနေရတယ်။ အဲလိုမျိုးရှိတယ်။ တစ် ယောက်ထဲ ရုန်းကန်နေရတယ်။ ဒါပေမဲ့ အခက်ခဲ မရှိဘူးဆိုတာက ရအောင်ဖြေရှင်းသွားတယ်။ သိပ်ပြီးတော့ အထစ်အငေါ့တော့ မရှိဘူး။ အလုပ်သမားပြဿနာတစ်ခုရှိတယ်။ အဲဒါကို ဘယ်လိုလုပ်ရင် ဘယ်လိုအဆင်ပြေမလဲ စဉ်းစားပြီးတော့ လုပ်တယ်။” လို့ ဆိုပါတယ်။

အမျိုးသားနဲ့အတူ တက်ညီလက်ညီနဲ့ ဘဝကိုရုန်းကန်နေချိန်မှာတော့ လုပ်ငန်းတွေကို တတ်နိုင်သလောက် တိုးချဲ့လုပ်ကိုင်ဖို့ဆိုတာဟာ သူတို့ရဲ့ အိမ်မက်တစ်ခုလို ဖြစ်နေခဲ့ပေမယ့် ကံကြမ္မာရဲ့မျက်နှာသာပေးခြင်း မခံခဲ့ရတဲ့အချိန်မှာတော့ အဲဒီအိမ်မက်တို့ကို အကောင်ထည် ဖော်ဖို့ မိန်းမသားတစ်ယောက်အနေနဲ့ ကြန့်ကြာနေပေမဲ့ လက်မြှောက်အရှုံးပေးသွားမယ့်အထဲမှာတော့ သူမ မပါပါဘူး။

“အရင်တုန်းကဆိုရင် အမျိုးသားကတော့ လုပ်ငန်းချဲ့ဖို့စဉ်းစားတယ်။ အခုတော့ ကိုယ်တစ်ယောက်တည်းဆိုတော့ မစဉ်းစားတော့ဘူး။ ရှင်းရှင်းပြောရရင် အားတော့ မလျှော့ပါဘူး။ ဒါတွေက မသေမချင်းလုပ်နေရမယ့် အလုပ်တွေလေ။ သားတစ်ယောက်ရဲ့ တာဝန်ရှိတယ်။ သူ့ကိုတင့်တောင်းတင့်တယ်လေးထားနိုင်အောင် ကိုယ်ကြိုးစားမယ်။ အမေတစ်ယောက်အနေနဲ့ပေါ့။ သူများနဲ့ မတူချင်တာတော့အမှန်ပဲ။ ဒီလောက်နဲ့ တင်းတိမ်တဲ့ထဲမှာတော့ မထားချင်ဘူး။ ကိုယ့်သားလေးကို လင်၊ မယားနှစ်ယောက်လုံးက ရည်ရွယ်ချက်ရှိရှိနဲ့ ပြန်လာတယ် ဆိုတော့ ဒီကလေးကို ပြုစုဖို့က ကိုယ့်မှာတာဝန်ရှိတယ်လေ။”

စစ်တွေမြို့ဟာ ဒေါ်သန်းသန်းနွယ်အဖို့ ခဏတဖြုတ် စီးပွားလာလုပ်တဲ့ နေရာတစ်ခုသာသာ ဖြစ်ခဲ့ပေမယ့် ဒီအချိန်မှာတော့ ခင်ပွန်းဖြစ် သူရဲ့နောက်ဆုံးအချိန်ထိ ရှိနေသွားတဲ့နေရာလေးဖြစ်လို့ ဒီမြို့ကို စွန့်ခွာသွားဖို့တော့ ခက်ရှာလှပါပြီ။

“အမှန်ပြောရရင် ကိုယ်ကဒီမှာလာနေတာ။ တစ်ယောက်တည်းလိုမျိုးဖြစ်သွားတယ်လေ။ အမြဲတမ်းတော့ အကောင်းဖက်က တွေးပြီး တော့ အလုပ်လုပ်တယ်။ အဲဒီအတွက်ကလည်း အောင်မြင်တယ်ပဲ ပြောရမှာပါ။ အခုလက်ရှိကတော့ အစီစဉ်မရှိသေးဘူးဆိုတာက ကိုယ့်စိတ်ထဲမှာလေ ကိုယ့်အမျိုးသားခေါင်းချခဲ့တဲ့ ဒီနေရာလေးကို အန်တီ မစွန့်ခွာချင်ဘူး။”

 616 total views,  1 views today