Arakan Yoma |

ကြုံလာနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေလျော့ပါးရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့အတူ ပြည်နယ် အဆင့်ဌာနဆိုင်ရာတွေက စီမံကိန်းရေးဆွဲနိုင်ဖို့ စီစဉ်နေကြပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ၂ ရက်တာကြာမြင့်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြုလုပ်ခဲ့ပြီးလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးနဲ့ ပတ်သက်လို့ စံထားရမယ့် စီမံကိန်းတစ်ခုဖြစ်လာပြီဆိုရင် ကြိုတင်ကာကွယ်ရေးစနစ်တွေနဲ့ ပြန်လည်ထူထောင်ရေးစနစ်တွေ အားကောင်းလာမှာဖြစ်တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူး ဦးရဲ မင်းဦးက ပြောပါတယ်။

“ပြည်နယ်မှာ SOP လို့ ခေါ်တဲ့ စံထားရမယ့် စီမံချက်တစ်ခုဖြစ်လာပြီ ဆိုလို့ ရှိရင် ဘာပဲပြောပြော ကျနော်တို့ ဘေးလွတ်ရာတွေ၊ ခိုလှုံသင့်တဲ့အရာ တွေကို အသေးစိပ်သိရမယ်။ နောက်ပြီးတော့ ကြိုတင်ကာကွယ်ရေးစနစ်တွေဆိုလည်း အားကောင်းလာမယ်။ နောက်ပြန်လည်ထူထောင်ရေးကဏ္ဍတွေ မှာလည်းပဲ ပစ္စည်းဆုံးရှုံးစာရင်းတွေကို ကျနော်တို့ အချိန်နဲ့တပြေးညီ စနစ်တကျ ကောက်ယူနိုင်တဲ့ အတွက်ကြောင့်မို့လို့ ပြန်လည်ထူထောင်တဲ့နေရာမှာ လည်း အားသာချက်တွေရှိမယ်။ အဲဒီလို အားသာချက်တွေပြည့်ဝအောင် ဆောင်ရွက်တဲ့ အတွက်ကြောင့်မို့လို့ ဒီအလုပ်ရုံဆွေးနွေးပွဲလုပ်ရခြင်း ရလဒ်က များပါတယ်လို့ ကျနော်ပြောရခြင်းဖြစ်ပါတယ်။”လို့ ပြောပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ကတော့ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်အဆင့်ဆင့်သော ဌာနဆိုင်ရာတွေကို ဘာဝဘေးအန္တရာယ်နဲ့ ပတ်သတ်လို့ စီမံခန့်ခွဲမှုတွေ၊ ကြိုတင်သတိပေးချက်စနစ်နဲ့ အရေး ပေါ်ကာလတုံ့ပြန်ဆောင်ရွက်မှုကဏ္ဍာတွေမှာ ပိုမိုအားကောင်းလာအောင်ဖို့ စီမံချက်တွေနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကူညီပေးနေတယ်လို့ ဆိုပါတယ်။

“ADPC အဖွဲ့နဲ့လည်း ပူးပေါင်းပြီးတော့မှ ကြိုတင်သတိပေးချက်စနစ်တွေ ပိုမိုအားကောင်းလာအောင်ဆိုပြီးတော့ မြို့နယ်အသီးသီးမှာ ဆက်တိုက် လေ့ကျင့်ခန်း ပြုလုပ်မှုတွေ၊ ကြိုတင်သတိပေးချက်နဲ့ ပတ်သတ်တဲ့ ပစ္စည်းတွေ၊ Icon တွေ၊ ဆက်သွယ်ရေးပစ္စည်းတွေ ပံ့ပိုးပေးတဲ့လုပ်ငန်းတွေကိုလည်း ပြုလုပ်ပေးတယ်။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနဲ့ နားလည်မှုစာချွန်လွှာရေးထိုးထားပြီးတော့မှ ဌာနရဲ့လိုအပ်ချက်တွေနဲ့ ပေါင်းစပ်ပြီးတော့မှ ကျမ တို့ လုပ်ငန်းဆောင်တာတွေ အများကြီးလုပ်နေပါတယ်။” IOM ရဲ့အမျိုးသားအစီအစဉ်အရာရှိ ဒေါ်အေးသိမ့်သူပြောပါတယ်။

စီမံချက်ရေးဆွဲနိုင်ဖို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာတွေ၊ နိုင်ငံတကာအဖွဲ့တွေ၊ ပညာရှင်တွေနဲ့ ဆွေးနွေးလာတာဟာ အခုဆိုရင် ၅ ကြိမ် မြောက်ရှိလာပြီဖြစ်ပြီး ဒီကနှစ် ၂၀၁၉ အောက်တိုဘာလမှာ အပြီးသတ်ရေးဆွဲပြီး ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြနိုင်ဖို့ ကြိုးပမ်းနေကြတယ်လို့ ဆိုပါတယ်။

ဒီစီမံချက်တွေအကောင်အထည်ဖော်ဖို့ လုပ်ဆောင်ရာမှာ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကြောင့်လည်း ကြန့်ကြာ မှုတွေဖြစ်ပေါ်နေတယ်လို့လည်း ထောက်ပြကြတာရှိပါတယ်။

 452 total views,  1 views today