ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒီတစ်ပါတ်မှာတော့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ၇ မျိုးထဲက မျိုးနွယ်စုဝင်တစ်ခုဖြစ်တဲ့ မရမာကြီးလူမျိုးများအကြောင်းကို တင်ဆက်ပေးပါ့တယ်။

သူ တို့ဟာ ရခိုင်ပြည်နယ်ရဲ့ ဘယ်ဒေသတွေမှာ နေထိုင်ကြပြီး ဘယ်ဘာသာစကားကို ပြောကြလဲ။ ဘယ်လိုဝတ်စားဆင်ယင်ကြလဲ။ ဘယ်ဘာသာကို ကိုးကွယ်ကြလဲ။ စတာတွေကို မရမာကြီးလူမျိုးတွေနဲ့ တွေ့ဆုံမေးမြန်းတင်ဆက်ပေးမှာဖြစ်ပါတယ်။

မရမာကြီးလူမျိုးတွေဟာ ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မောင်တော၊ မြေပုံနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ ပြန့်ကျဲနေထိုင် လေ့ ရှိသလို မြန်မာနိုင်ငံအထက်ပိုင်းဒေသမှာလည်း အနည်းငယ် နေထိုင်လျှက်ရှိကြပြီး မြန်မာတစ်နိုင်ငံလုံးမှာမှ လူဦးရေ တစ်သောင်းငါးထောင်ဝန်းကျင် သာ ရှိပါတယ်။ လူနည်းစုဆိုပေမယ့်လည်း မျိုးနဲ့ ရိုးနဲ့ အစဉ်အလာနဲ့ ဆင်းသက်လာကြတဲ့ မျိုးနွယ်တစ်ခု ဖြစ်ပါတယ်။

နေထိုင်တဲ့ဒေသကိုလိုက်ပြီး စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ကြပြီး ကျေးလက်ဒေသတွေမှာ လယ်ယာနဲ့ စိုက်ပျိုးရေးလုပ်ငန်းအပြင် မွေးမြူရေးလုပ် ငန်းတွေ လုပ်ဆောင်ကြသလို မြို့ပေါ်ဒေသတွေမှာဆိုရင် ကုန်ရောင်း၊ ကုန်ဝယ်ပြုသူတွေလည်း ရှိပါတယ်။ တစ်ချို့တွေဟာလည်း အဆင်ပြေသလို လုပ် ကိုင်စားသောက်ကြတာ ရှိပါတယ်။

သူတို့လူမျိုးတွေဟာ သက္က + သာကီယ + ခတ္ထိယ မျိုးနွယ်စုက ဆင်းသက်ပေါက်ဖွားလာကြခြင်းဖြစ်ပြီး အေဒီ ၁၂ ရာ စုက စတင်ပြီး ရခိုင်ပြည်နယ်မှာ နေထိုင်လာခဲ့ကြတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ မရမာကြီးတွေဟာ အရင်က ဘုရားပွင့်တော်မူပြီးတော့ မဇ္ဈိမဒေသ၊ ဂင်္ဂါမြစ်၊ မဂဓ တိုင်းပြည်တို့မှာ နေထိုင်ခဲ့တယ်လို့ သမိုင်းစာအုပ်တွေမှာ ဖတ်ဖူးတယ်။ လူမျိုးခြားတွေဖြစ်တဲ့ ဟိန္ဒူတွေ၊ မူဆလင်တွေက ဘာသာရေးဇာတ်သွင်းမှု၊ လူမျိုးရေးမုန်းတီးမှုနဲ့ ဘာသာရေးသိမ်းသွင်းတဲ့အခါမှာ ကျနော် တို့ လူမျိုးတွေက ဗုဒ္ဓဘာသာကို ကြည်ညိုတဲ့ လူမျိုးဖြစ်တဲ့အတွက် သူတို့နှိပ်စက်မှု တွေဒဏ်ကို မခံနိုင်ဘဲ ရခိုင်ဘုရင်ဓမ္မသောကရာဇာမင်းလက်ထက်မှာ အေဒီ ၁၂ ရာစုကနေ စပြီးတော့ ရခိုင်ပြည်မှာ နေလာတယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရတယ်။”

အခုလို ပြောပြသွားတာကတော့ မရာမာကြီးတိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ ဖော်ဆောင်ရေးအဖွဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဦးလှရွှေပါ။

ဒါပေမယ့်လည်း တစ်ချို့သော မြန်မာ့သမိုင်းတွေမှာတော့ မရမာကြီးလူမျိုးတွေဟာ မြန်မာဘုရင် ဘုရင့်နောင်မင်းတရားကြီးရဲ့ ဆွေတော်မျိုးတော်မင်းညီမင်းသားများလို့ ရေးသားကြတာကိုလည်း တွေ့ရပါတယ်။ ဘုရင့်နောင်မင်းတရားကြီးဟာ တပင်ရွှေထီးအစပျိုးခဲ့တဲ့ ဒုတိယပြည်ထောင်စု မြန်မာနိုင်ငံကြီးကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့တဲ့ မင်းတစ်ပါးဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီမင်း နတ်ရွာစံပြီးတဲ့နောက်မှာ နန်းတက်လာတဲ့ သားတော် နန္ဒဘုရင်လက်ထက်မှာတော့ ရခိုင်မင်းနဲ့ တောင်ငူမင်းရဲ့ ပူးပေါင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ခုလို ဆွေတော်မျိုးတော်မင်းညီမင်းသားများကို ခေါ်ဆောင်ပြီး ရခိုင်ကို ခေါ်ဆောင်သွားတယ်လို့ အဲဒီသမိုင်းတချို့က ဆိုပါတယ်။ အဲဒီကနေတဆင့် အဲဒီတုန်းက ရခိုင်အပိုင် ဘင်္ဂလားနယ်၊ စစ်တကောင်းဒေသကို ပို့ဆောင်ခဲ့တယ်လို့ ရေးသားကြပါတယ်။ သူတို့ကနေ ပေါက်ဖွားလာကြသူတွေကို မရမာကြီးလို့ ခေါ်ပါတယ်လို့လည်း အထက်က သမိုင်းများက ပြောပါတယ်။ ရခိုင်ဒေသတွေထဲက တစ်ချို့ ပါးစပ်ရာဇဝင်တွေထဲမှာတော့ သူတို့ဟာ မြန်မာတွေထဲမှာတောင် သာမန် မြန်မာမျိုးမဟုတ်ဘဲ မျိုးရိုးကြီးတဲ့ မြန်မာတွေမို့ မြန်မာကြီးဟု ခေါ်တွင်ရာကနေ မရမာကြီး ဖြစ်လာတာလို့လည်း ပါးစပ်ရာဇဝင်တွေ ရှိနေကြဆဲပါ။ ဒါပေမယ့် အတိအကျတော့ ဘယ်သူမှ မပြောနိုင်တော့ပါဘူး။

တဘက်မှာ ရခိုင်ပြည်နယ်ထဲမှာ နေထိုင်ကြတဲ့ မရမာကြီးတွေကို တစ်ခြားတိုင်းရင်းသားတွေဟာ မရမာကြီးလို့ ခေါ်ဆိုပေမယ့် ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာစတဲ့ နိုင်ငံ တွေမှာ မရမာကြီးတွေကို ဘရုဝါလို့ ခေါ်ကြသလို ရခိုင်ပြည်နယ်ထဲက မရမာကြီးတွေဟာလည်း သူတို့အချင်းချင်းဆိုရင် ဘရုဝါလို့ ခေါ်ဆိုကြတယ်လို့ ဆို ပါတယ်။ မရမာကြီးလို့ အမည်တွင်ခဲ့ပုံကိုလည်း ဦးလှရွှေက အခုလို ရှင်းပြပါတယ်။

“ရခိုင်နဲ့ ပြည်ထောင်စုတိုင်းရင်းသား ၁၃၅ မျိုးမှာကျတော့ မရမာကြီး ဆိုပြီးတော့ နာမည် ထည့်ထားတယ်ပေါ့။ ဟိန္ဒူနဲ့ မူဆလင်တွေကကျတော့ အနောက် တိုင်းမှာဆိုရင် ဘရုဝါလို့ခေါ်တယ်။  ဘရုဝါရဲ့အဓိပာယ်က ဘရု။ ဘရုဆိုတာက ကြီးကျယ်တယ်ပေါ့။ အဲဒီခါက ဒီကိုလာတော့ ရခိုင်ရှင်ဘုရင်က ဒီလူတွေ ဟာ ဘုရားနဲ့ တရားနဲ့ မြင့်မြတ်တဲ့လူမျိုးဆိုပြီးတော့ ပထမဆုံး မဇ္ဈိမမှာနေခဲ့တဲ့ လူမျိုးဖြစ်တာကြောင့် ‘မ’တစ်လုံးကိုကောက်တယ်။ ရှင်ဘုရင် ရာဇမျိုးနွယ် မို့လို့ ‘ရ’ တစ်လုံးကောက်တယ်။ ပြီးတော့ မဂဓတိုင်းပြည်မှာ ပေါက်ဖွားလာတဲ့ လူမျိုးဖြစ်တာကြောင့် ‘မ’နောက်တစ်လုံးကောက်တယ်။ တိုင်းပြည်မှာ လူမျိုး ထဲမှာ ကြီးကျယ်တဲ့ လူမျိုးဆိုပြီးတော့ ‘ကြီး’တစ်လုံးထည့်ပြီးတော့ မရမာကြီးဆိုပြီးတော့ ရခိုင်ပြည်မှာ ရှင်ဘုရင်က ရခိုင်မျိုးနွယ်စုအဖြစ် အသိမှတ်ပြုပြီး ထားခဲ့တယ်လို့ ကျနော်တို့ သမိုင်းအဆင့်ဆင့်မှာ တွေ့ခဲ့ရတယ်။”

သူတို့အချင်းချင်းဆိုရင် မဂဓဘာသာနဲ့ ပါဠိ ဘာသာစကားကို ပြောဆိုကြပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ နေထိုင်လျှက်ရှိသူတွေဟာ ရခိုင်စကားကို အနည်းငယ် ကြားညှပ်ပြောဆိုကြသလို ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်သူတွေကလည်း အဲဒီအတိုင်းပဲ ပြောဆိုကြတာပါ။ မရမာကြီးတွေမှာ ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးကလွဲပြီး အခြားမရှိပါဘူး။ တစ်နည်းအားဖြင့် ဗုဒ္ဒဘာသာတစ်ခုတည်းကိုသာ ကိုးကွယ်ယုံကြည်သူတွေလို့ ဆိုလိုတာပါ။

“ကျနော်တို့ လူမျိုးမှာ ဘုရား၊ တရား၊ သံဃာ ရတနားသုံးပါးကအပ ကြည်ညိုရာတော့ မရှိ။ အရင်ရှေးခေတ် အဆက်ဆက်ကတည်းက အဲဒီဘာသာ ရတနာသုံးပါးနဲ့ စောင့်ထိန်းတဲ့လူမျိုးဆိုပြီး  ကျနော်တို့ ခံယူထားတယ်။ ဘာသာ၊ သာသနာရှိမှ လူမျိုးတစ်မျိုးဟာတည်တံ့နိုင်မယ်။ ဆိုတာကို ကျနော်တို့ လူမျိုးတိုင်း ခံယူချက်ရှိပေါ့။”

ရခိုင်ပြည်နယ်မှာ မနေထိုင်မှီက မရမာကြီးတွေဟာ အနောက်တိုင်းဝတ်စုံနဲ့ ဆာရီကို ဝတ်ဆင်ကြတယ်လို့ဆိုပြီး ရခိုင်ပြည်နယ်မှာ နေထိုင်လာပြီး နောက် ပိုင်းမှာတော့ သူတို့ရိုးရာ ယဉ်ကျေးမှုတွေဟာ ရခိုင်ရိုးရာနဲ့ အနီးစပ်ဆုံးအနေအထားကို ရောက်သွားပါတယ်။ ဝတ်စားဆင်ယင်မှုအပိုင်းမှာ အမျိုးသားနဲ့ အမျိုးသမီးကို ခွဲခြားထားပါတယ်။

အမျိုးသားတွေက အထက်ခေါင်းပေါင်းမှာ ခေါင်းပေါင်းအစွန်ကို ညာနားရွက်ဖုံးဝတ်ဆင်ကြပြီး တိုက်ပုံအင်္ကျီ၊ တိုက်ပုံရဲ့ ဘယ်ပုခုံးပေါ်မှာ ၄ တောင်ခန့်ရှိ သာသနာ့အလံကဲ့သို့ ဝတ်စကို လက်ကတော့ စံပါတ်တင် ဝတ်ဆင်ကြသလို ပုဆိုးအနေနဲ့လည်း ၆ တောင်ခန့်ရှည်သော ပုဆိုးကို ပတ်ရိုက်ဝတ်ပြီး နောက် ဖက်ကို ချိုးပြီးဝတ်ဆင်ကြပါတယ်။ စစ်တွေနည်းပညာတက္ကသိုလ် တက်ရောက်နေတဲ့ မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ်ဇာတိ ကိုဝင်းမြင့်က အခုလို ပြောပါတယ်။

“ခတောင်းကျစ်တဲ့ ပုံစံမျိုးလိုပေါ့။ ပုဆိုးပိတ်စကို အောက်ကနေ ခေါက်ယူပြီး နောက်ကနေ ယူတာ။ ပုဆိုးပြီးတော့ ရှေ့ကပိတ်စရှည်တစ်ခုပါသေးတယ်။ အဲဒါကတော့ သတ်သတ်ပေါ့။ ခေါင်းပေါင်းကတော့ ညဖက်အစွန်ဆုံးက ပေါင်းတယ်။ အင်္ကျီကတော့ အင်္ကျီလက်ရှည်ရယ်။ တိုက်ပုံရယ်။ ပြီးတော့ စလွယ် ရယ်ပေါ့။”

အမျိုးသမီးများသည် ဆံထုံးခွေရိုက်ပြီး အင်္ကျီရင်ဖုံး၊ ၄ တောင်ခန့်ရှည်တဲ့ အဝတ်စကို ဘေးဖက်ပတ်ရိုက်ပြီး ဝတ်ဆင်ကာ ထဘီများကို ဝတ်လေ့ရှိပါတယ်။ ရခိုင်အမျိုးသမီးဝတ်စားပုံနဲ့ ဆင်တူပါတယ်။ အဆင်တန်ဆာတွေကိုလည်း ရခိုင်အမျိုးသမီးတွေလိုပဲ ဝတ်ဆင်ကြတာပါ။ မတူတာကတော့ သာသနာ့ အလံကဲ့သို့ စလွယ်သိုင်းခြင်း ဖြစ်ပါတယ်။

“ကျမတို့တောင် မမွေးခင်ကတည်းက ဝတ်နေကြတာပေါ့။ အဆင်အယင်တွေကလည်း အရင်ကအတိုင်းပါပဲ။ ပြောင်းလဲတာတွေ မရှိပါဘူး။ ပုခုံးမှာ တင် တဲ့ ကိုယ်တင်လို အဝတ်စကတော့ ကျမတို့မှာ မသတ်မှတ်ရသေးခင်က ရခိုင်မှာတင်သလိုမျိုး တင်ဝတ်တယ်။ အခုကကျတော့ ကိုယ့်အလံကိုပဲ တင်ကြ တော့တယ်။ အဲဒါတစ်ခုတော့ ပြောင်းလဲသွားတာပေါ့။”လို့လည်း စစ်တွေတက္ကသိုလ်မှာ တက်ရောက်နေတဲ့ စစ်တွေမြို့သူ မအိသဇင်ခိုင်က မရမာကြီး အမျိုးသမီးတွေ ဝတ်စားဆင်ယင်ပုံအကြောင်းကို သိသလောက်လေး ပြောပြပါတယ်။

ရိုးရာဝတ်စုံတွေကို ပုံမှန်အနေအထားတွေမှာ ဝတ်ရိုးတော့ မရှိပါဘူး။ အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေးနဲ့ သက်ဆိုင်တဲ့ နေ့ထူးနေ့မြတ်တွေမှာ ဝတ်ဆင်ကြသလို လူမျိုးစုကိုယ်စား တက်ရောက်ရတဲ့ အခမ်းအနားတွေ၊ ညီလာခံတွေကိုလည်း ကိုယ့်လူမျိုးမှန်း သိသာထင်ရှားနေအောင် ရိုးရာဝတ်စုံ ဝတ်ဆင်ပြီး တက်ရောက်လေ့ ရှိကြပါတယ်။ 

လူမျိုးစုကိုယ်စား ငြိမ်းချမ်းရေးလမ်းစဉ်လိုက်ပြီး ဆောင်ရွက်နေသူတစ်ဦးဖြစ်တဲ့ မင်းပြားမြို့သူ မသဇင်ကတော့ ညီလာခံတွေ၊ အခမ်းအနားတွေ တက် ရောက်ရတဲ့အခါတိုင်း ရိုးရာဝတ်စုံလေး ဆင်မြန်းရတာကို ဂုဏ်ယူမဆုံး ဖြစ်နေတတ်ပါတယ်။

“ကျမတို့ မင်္ဂလာဆောင်တွေ၊ ပွဲတွေ တက်ရောက်တာတွေ၊ အခမ်းအနားတွေတက်ရင် ဝတ်ဖြစ်တယ်။ ကျမတို့ဟာ ဂုဏ်ယူတယ်။ ရိုးရာဝတ်စုံကလေး ဝတ်ပြီးတော့ ဘယ်အခမ်းအနားကိုပဲဖြစ်ဖြစ်၊ ဘယ်ပွဲကိုဘဲ ဖြစ်ဖြစ် ဒီလိုတက်ရရင် ကျမတို့သိပ်ပြီးတော့ ဂုဏ်ယူတယ်။ မရမာကြီးရဲ့ အမှတ်အသား တစ် ခုဆိုပြီးတော့ ဝမ်းလည်းဝမ်းသာတယ်။ ဂုဏ်လည်းယူတယ်ပေါ့။”

ရိုးရာဝတ်စုံတွေဟာ သက်တောင့်သက်သာမရှိတာကြောင့် ပုံမှန်အနေအထားမှာ ဝတ်နေဖို့တော့ အဆင်မပြေလောက်ပါဘူး။

ဒီအကြောင်းကိုလည်း မအိသဇင်ခိုင်က “ဝတ်ရတာတော့ ကြိုက်တယ်။ ဒါပေမဲ့ ရိုးရာဝတ်စုံက လက်အင်္ကျီထဘီတွေဝတ်ရတော့ သိပ်ပူတယ်။ လွတ်လွတ်လပ်လပ်မကျဘူး။  မဝတ်ချင်လို့လည်း မဟုတ်ဘူး။”လို့ ဆိုပါတယ်။

မရမာကြီးမျိုးနွယ်စုဟာ သိပ်ပြီးချမ်းသာတဲ့ လူမျိုးနွယ်စုတစ်ခု မဟုတ်သလို သိပ်ပြီးလည်း မဆင်းရဲကြပါဘူး။ ဒါပေမဲ့ သူတို့ရှောင်ကြဉ်တဲ့ အလုပ်တွေလည်း ရှိပါတယ်။

“မြို့ပေါ်တွေမှာ ဆိုင်သည်တွေရှိတယ်။ ဆင်းရဲသူ၊ ဆင်းရဲသားတွေကျတော့ ဈေးတွေမှာသွားပြီးတော့ ကွမ်းတွေဘာတွေ ရောင်းကြတယ်။ လုံးဝ မရှိတဲ့ ဆင်းရဲသားတွေ ဆိုလို့ရှိရင် ဆိုက္ကားနင်းကြတယ်။ ကိုယ်ပိုင်အိုင်ဒီယာထုတ်ပြီး လုပ်ကြတယ်။ သို့သော်လည်း အောက်တန်းကျတဲ့ အလုပ် ချေးပိုက်(မိလ္လာပစ်လုပ်ငန်း)နှင့် ဆံပင်ညှပ်၊ စတဲ့အလုပ်တွေကိုတော့ ကျနော်တို့ မရမာကြီးတွေ မလုပ်ဘူး။”လို့ ဦးလှရွှေက ပြောပါတယ်။

သူတို့လူမျိုးတွေဟာ မူဆလင်တွေနဲ့ ရုပ်ချင်းဆင်တူပေမဲ့ ကိုးကွယ်တဲ့ဘာသာကအစ ယဉ်ကျေးမှုနဲ့ ဘာသာစကားတွေကအဆုံး ကွဲပြားတယ်လို့လည်း ဆိုပါတယ်။

“ဖြစ်လည်း ဖြစ်တတ်တယ်လို့ ကျနော်တို့က ယူဆတယ်။ ဘာလို့ဆို ကိုယ်တွေ အရုပ်ကကုလားဆင်ထွက်နေတာကို ဆိုတော့ တချို့တွေကခွဲလားမသိ။ ကျနော်တို့ မရမာကြီးလို့ ပြောပြလိုက်ရင်တော့ ကျနော်တို့ ကုလား မဟုတ်တဲ့အကြောင်း၊ ဟိန္ဒူမဟုတ်တဲ့ အကြောင်းပြောပြရင်တော့ နားလည်ကြတယ်။ အဲလို ပြောပေမဲ့ အဆင်မပြေတာလည်းရှိတယ်။ အရက်သမားတွေ၊ အဆိုးယုတ်တွေက နှိပ်ချလို့ စကားပြောတာတွေ ရှိတာပေါ့။”

လက်ရှိမှာတော့ မရမာကြီးတွေဟာ ကိုယ်ပိုင်စာပေကို ဖော်ထုတ်ဖို့ ကြိုးပမ်းနေကြပြီး သူတို့စာလုံးတွေဟာ သတ်မှတ်ခံထားရခြင်း မရှိသေး တာကြောင့် ဖောင့်တစ်ခုပြုလုပ်နိုင်ဖို့ အခက်ခဲဖြစ်နေကြပါတယ်။

မရမာကြီးတိုင်းရင်းသားတွေဟာ မျိုးရိုးအလိုက် အစဉ်အလာကြီးမားတဲ့ လူမျိုးတစ်မျိုးဖြစ်တဲ့အလျောက် တခြားလူမျိုးတွေရဲ့ ရိုးရာ၊ ယဉ်ကျေးမှု၊ ကိုးကွယ်တဲ့ဘာသာ စတာတွေကို တတ်နိုင်သလောက် ကူးစက်မခံကြ သလို တတ်နိုင်သမျှလည်း ကြိုးစားပြီး ပျောက်ကွယ်လုနီးနီးဖြစ်နေတဲ့ သူတို့ရဲ့ ဓလေ့စရိုက်တွေကို ဖော်ထုတ်နေကြပါပြီ။

 1,543 total views,  1 views today