ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

သက္ကရာဇ် တစ်ခုစီရဲ့ ဆယ့်နှစ်လ ရာသီတစ်ခုချင်းမှာ ရှေးခေတ်အဆက်ဆက်က ရခိုင်လူမျိုးတွေ ဗုဒ္ဓဘုရားရှင်ကို ပူဇော်လိုတဲ့ သဘောနဲ့ ကျင်းပပူဇော်ခဲ့ကြတဲ့ ရိုးရာပွဲတော်တွေများစွာ ရှိပါတယ်။ တပေါင်းလရာသီမှာတော့ လပြည့်နေ့မှာ ရိုးရာဓလေ့ကို ထိန်းသိမ်းတဲ့အနေနဲ့ မဖြစ်မနေ ပြုလုပ်ကျင်းပလေ့ရှိတဲ့ ရခိုင့်ဓလေ့ရိုးရာပွဲတော်တစ်ခုရှိနေပါတယ်။ အဲဒီအကြောင်းကို ယခု သီတင်းပတ်မှာ တင်ပြပေးချင်ပါတယ်။

ဒါကတော့ “သဲပုံစေတီပွဲ” လို့ လူသိများပြီး “သျှစ်သောင်းမြှောက်ပွဲ” လို့ ခေါ်ဝေါ်တဲ့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်ကို အာရုံပြုပြီး ပူဇော်လေ့ရှိတဲ့ ပွဲတော်ပါ။ တပေါင်းလပြည့်နေ့ရောက်တိုင်းမှာ ရခိုင်ပြည်နယ်ထဲက စစ်တွေနဲ့ သံတွဲတို့လို ပင်လယ်ကမ်းခြေတည်ရှိတဲ့ ဒေသတွေမှာ များသောအားဖြင့် ကျင်းပကြတာလည်း ဖြစ်ပါတယ်။

ဓညဝတီခေတ်ကစပြီး ရခိုင်ဘုရင်စန္ဒသူရိယရဲ့ ပင့်ဖိတ်မှုကြောင့် ဗုဒ္ဒဘုရားရှင်ကိုယ်တော်တိုင်က ရခိုင်ပြည် (နယ်) ကို ကြွရောက်လာတဲ့ အခါ ဗုဒ္ဒဘာသာဝင် ရခိုင်လူမျိုးတချို့က ကိုယ်တိုင် ဖူးမြော်ခွင့်ရကြသလို ဝေးလံတဲ့ ဒေသတွေမှာ နေထိုင်သူတစ်ချို့ဟာ ဗုဒ္ဓကို ရည်စူးပြီး နီးစပ်ရာ ကမ်းစပ်သောင်ပြင်တွေမှာ သဲနဲ့ စေတီဆောက်လုပ်ပူဇော်ရာကနေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ရခိုင့်ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို ဖော်ထုတ်နေတဲ့ သာကီမဏ္ဍိုင်ရက္ခိုင်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးကျော်ဇံမောင်က ပြောပြပါတယ်။

“ဓညဝတီခေတ်ကစပြီး ရခိုင်ဘုရင်စန္ဒသူရိယပင့်ဖိတ်လို့ ဗုဒ္ဒဘုရားရှင် ရခိုင်ပြည်နယ်ကို ကြွရောက်လာကတည်းက ရခိုင်ပြည်သူ၊ ပြည် သားတစ်မျိုးလုံးဟာ ဗုဒ္ဒဘာသာဝင် အစစ်ဖြစ်ကြပါတယ်။ ဒါကြောင့်မို့လို့လည်း နေရာတိုင်းမှာ စေတီပုထိုးတွေတည်တယ်။ တချို့နေရာ ဒေသနဲ့ ဝေးလံတဲ့ သောင်တွေ၊ သဲပြင်တွေမှာ သဲပုံစေတီတည်ပြီးတော့ အလေ့အထရှိကြပါတယ်။”

ဒီလိုသဲပုံစေတီပွဲတွေ ပြုလုပ်ကျင်းပပူဇော်ခြင်းဖြင့် ပြည်နယ်အတွင်း ဘေးအန္တရာယ်ခပ်သိမ်းကင်းဝေးခြင်း၊ မိုးလေဝသမှန်ကုန်ခြင်း၊ ကျ ရောက်လာနိုင်တဲ့ အန္တရာယ်တွေဟာ ပြယ်ပျောက်သွားနိုင်တယ်လို့ မှတ်ယူကြပါတယ်။

“ဒီလိုလုပ်ခြင်းအားဖြင့် ရခိုင်ပြည်(နယ်)မှာ ဘေးရန်ခပ်သိမ်းကင်းဝေးတယ်။ မိုးလေဝသမှန်ကန်စေတယ်။ အန္တရာယ်မျိုးစုံဖြစ်ပေါ်လာ သမျှတွေကို ပူဇော်ပွဲလုပ်ခြင်းအားဖြင့် ရခိုင်ပြည်သူ၊ ပြည်သားတို့ဟာ အန္တရာယ်မကျရောက်နိုင်ဘူး။” လို့လည်း ဦးကျော်ဇံမောင်က ပြုလုပ်ပူဇော်ထားတဲ့ သဲပုံပုထိုးအနီးမှာ ရပ်ကာ မှတ်ယူကြပုံကို ပြောပါတယ်။

ဘုရားရှင်ပေါ်ပေါက်လာပြီးနောက်ပိုင်း သဲပုံစေတီတည်တဲ့ အလေ့အထဟာ အခိုင်အမာဖြစ်လာပြီး ရခိုင်ဘုရင်မင်းတွေဆက်ဆက် ဓညဝ တီ၊ ဝေသာလီစတဲ့ ခေတ်တွေမှာ စတူဘာဆိုတဲ့ (၃ ပေနီးနီးရှိတဲ့) စေတီငယ်တွေကို ကျောက်လုံးတွေမှာ တည်ပြီးကိုးကွယ်ခဲ့ကြပါတယ်။ တစ်ဖက်အိမ်နီးချင်း အိန္ဒိယနိုင်ငံက ဗိသုကာလက်ရာတွေ ရခိုင်ပြည်နယ်အတွင်း ထွန်းကားလာခဲ့ပြီး နောက်ပိုင်းမှာတော့ ထုဆစ်စေတီ တွေကို တည်ထားကိုးကွယ်တဲ့ ဓလေ့ဟာ ပိုမိုတွင်ကျယ်လာခဲ့တာပါ။

လေးမြို့နဲ့ မြောက်ဦးခေတ်တွေကို ရောက်လာတဲ့အခါ ရခိုင်လူမျိုးတို့ရဲ့ အထွဋ်အမြတ်ဖြစ်တဲ့ သျှစ်သောင်းဘုရားကို အကြောင်းပြုပြီး တော့ သျှစ်သောင်းမြောက်ပွဲဆိုပြီးတော့ ရခိုင့်ဗိသုကာပညာရှင်တွေက အမည်နာမပေးခဲ့တာ ဖြစ်ပါတယ်။

“အိန္ဒိယနိုင်ငံနဲ့ ရခိုင်နဲ့က တဆက်တည်းဖြစ်နေတော့ အဲဒီနိုင်ငံမှာ ပရိယတ္တိစာပေသင်ကြားနေတဲ့ ရခိုင်က ပုဂ္ဂိုလ်တွေရှိတယ်။ ဗာရာဏ သီမှာပေါ့။ အဲဒီဖက်က အတတ်ပညာတွေရလာပြီး ရခိုင်မှာထုဆန်တဲ့ စေတီတွေဖြစ်ပေါ်လာတယ်။ အဲဒီထုဆန်စေတီတွေ ဖြစ်ပေါ်လာ ပေမဲ့ တပေါင်းလပြည့်နေ့ဆိုတာဟာ အလွန်တရာနေ့ထူးနေ့မြတ်ဖြစ်တယ်။ ၁၂ လရာသီမှာဆိုရင်လည်း တပေါင်းပွဲဟာ သဲပုံဇာတီပွဲလို့ ရှိတယ်။ လေးမြို့နဲ့ မြောက်ဦးခေတ်တွေကို ရောက်လာတဲ့အခါ ရခိုင်တို့မှာ သျှစ်သောင်းဘုရားဟာ အထွဋ်အမြတ်ဖြစ်တယ်။ “သျှစ်သောင်းရှိရင် ရခိုင်ရှိရမယ်” ဆိုပြီးတော့ ရခိုင်၏ အထူးအထွဋ်သျှစ်သောင်းဘုရားကိုတည်တဲ့အတွက် ဂုဏ်ပြုပြီးတော့ “သျှစ်သောင်းမြှောက်ပွဲ” ဆိုပြီးတော့ ရှေ့ကပညာရှင်တွေက နာမေပေးတယ်။”

ဒါကတော့ သာကီမဏ္ဍိုင်ရက္ခိုင့်ယဉ်ကျေးမှုအဖွဲ့ရဲ့ နာယကတစ်ဦးဖြစ်တဲ့ အသက် (၇၀) ကျော်အရွယ် ဦးမောင်သိန်းထွန်းက ပြန်ပြောင်း ပြောပြချက်ပါ။

အဲဒီနောက်ပိုင်း ရခိုင်ပြည် (နယ်) ဘိုးတော်မောင်ဝိုင်းလက်အောက်သို့ ရောက်ရှိနေချိန် မြို့ဝန်ခေတ်၊ အဲဒီကတဆင့် အင်္ဂလိပ်ခေတ်၊ ဖဆပလခေတ်၊ တော်လှန်ရေးကောင်စီအစိုးရခေတ်၊ ပြည်သူ့ကောင်စီခေတ်၊ ၁၉၈၈ ကာလ၊ နောက်ပြီး နဝတခေတ်စတဲ့ ကာလတွေမှာ ရခိုင် လူမျိုးတို့ရဲ့ဘာသာရေး၊ သာသနာရေး၊ ယဉ်ကျေးမှုစတာတွေဟာ ကျင်းပခွင့်ရတလှည့် မရတလှည့်နဲ့ ကျင်လည်နေခဲ့ပါတယ်။

“ခေတ်ပြောင်းလာတော့ နဝတခေတ်ရောက်လာတယ်။ စစ်အာဏာသိမ်းထားတဲ့အတွက် တဆင့်စီ၊ တဆင့်စီဖြစ်လာတော့ ဒါကို လုပ်ရမဲ့ ဟာ သိပ်ပြီးတော့ အခက်ခဲဖြစ်လာတယ်။ စာအုပ်လည်း မထုတ်ရ။ မှတ်ပုံတင်ရတာတွေ။ အဲဒီလိုဖြစ်လာတော့ လူတွေက မလုပ်ရဲ။ လုပ် ရကောင်းမှန်းလည်း မသိတော့ဘူး။ လူကြီးတွေကလည်း တရွေ့ရွေ့နဲ့ ကြီးလာတော့ အတိုက်အခံလည်း မလုပ်နိုင်ကြတော့ဘူး။ မေ့မေ့ လျော့လျော့နဲ့ ဖြစ်သွားတယ်။”

ယနေ့ ဒီမိုကရေစီခေတ်ရောက်လာပြန်တော့ အဲဒီဓလေ့တွေဟာ ပျောက်ကွယ်လုနီးနီးဖြစ်နေခဲ့ပြီး ၂၀၁၃ ခုနှစ် လောက်ကမှ စတင်ပြီး သာကီမဏ္ဍိုင် ရက္ခိုင့်ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ပြီး တွင်တွင်ကျယ်ကျယ်ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ရိုးရာ ဝတ်စုံတွေ ဝတ်ဆင်၊ အမျိုးသားတွေက ရှေ့ကနေ စည်တီး၊ အမျိုးသမီးတွေက ကြက်လျှာတံ၊ တံခွန်ကိုက္ကား၊ မလေးဂွတွေနဲ့ (ဗုဒ္ဒဘုရားအားပူဇော်ရာတွင် လိုအပ်သည့် ပစ္စည်းများ) ထမ်းရွက်ကာနဲ့ ညီညာစွာ စီတန်းလှည့်လည် ကမ်းခြေဖက်ကို ဦးတည်သွားကြပါ တယ်။

“၂၀၁၃ ခုနှစ်ကစပြီး သဲပုံစေတီပွဲကို တပေါင်းလပြည့်နေ့တိုင်း လုပ်တယ်။ အခက်ခဲမရှိ။ စည်တီးလို့ သွားတယ်။ အမျိုးသမီးတွေ တန်းစီ ပြီး ကြာလျှာတံတွေ၊ တံခွန်ကိုက္ကားမလေးဂွတွေနဲ့ စည်တီးပြီးတော့ တန်းစီးသွားပြီးတော့ လမ်းတပိုင်းက ကားစီးတယ်။ ပွိုင့်ကိုရောက် တော့ ပျော်ပျော်ပါးပါး တီးလို့၊ မှုတ်လို့၊ ကလို့၊ ခုန်လို့ အဲဒီလို လုပ်လာတာ အခုဆိုရင် ၇ နှစ်မြောက်ပြီ။”

ဗုဒ္ဒဘုရားရှင်ပြည်တော်ဝင်တဲ့ တပေါင်းလပြည့်နေ့ရောက်တိုင်း နေ့လည်ဖက် ဒီရေကျချိန်မှာ သဲကို လွယ်လင့်တကူ ရနိုင်တဲ့အတွက် အဲဒီလိုအချိန်မျိုးမှာ ကမ်းခြေကို  အရောက်လာကြပြီး ထုချွန်ပုံ၊ သျှစ်သောင်းဘုရားပုံ၊ ထုက္ကန်သိမ် အစရှိတဲ့ ဗုဒ္ဒရုပ်ပွားတော်ပုံတွေကို အစုအဖွဲ့လိုက်သော်လည်း၊ မိသားစုအလိုက်သော်လည်း၊ တစ်ဦးချင်းစီသော်လည်းကောင်း ပြုလုပ်ပြီး ရဟန်းသင်္ဃာတွေကို ပင့်ဖိတ်၊ ရေစက်ချ၊ အမျှဝေ၊ ငါးပါးသီလခံယူကြသလို ဆီးမီး၊ ပေါက်ပေါက်ပန်း၊ သာသနာ့အလံ စတဲ့လှူဖွယ်ဝတ္ထုတွေကိုလည်း သဲပုံစေတီတွေမှာ ဆက်ကပ်ပူဇော်ကြပါသေးတယ်။

“၁၂ နာရီကျော်လောက်ဆိုရင် ဒီရေကျတော သောင်ထွန်းလာတယ်။ အဲဒီအချိန်မှာ သဲကိုလွယ်လင့်တကူရတယ်။ သူတလူ။ ငါတမားနဲ့ မိန်းကလေးတွေ၊ ယောက်ျားလေးတွေ ဝိုင်းပြီးတော့ ပျော်ပျော်ပါးပါးလုပ်ကြတယ်။ အားလုံးပြီးတဲ့အခါ လှည့်ပတ်ပြီးတော့ ပန်းတွေ၊ ဆီမီး တွေနဲ့ပူဇော်တယ်။ တချို့ဆိုရင်ကျွေးမွေးကြတယ်။ ဘုန်းကြီး၊ ရဟန်းတွေကိုပင့်ပြီး ငါးပါးသီလခံတယ်။ ဒီလိုပြုလုပ်ရတဲ့ ကုသိုလ်ကောင်း မှုအတွက် နိဗ္ဗာန် ရောက်ရပါလို၏။ ဆရာတော်ဘုရားတို့က ချပေးတဲ့အတိုင်း လိုက်ဆိုပြီးလုပ်ရတဲ့ ဓလေ့ရှိတယ်။ ရေစက်ချ၊ တရားနာရ တယ်။”လို့ ဦးမောင်သိန်းထွန်းက အဆင့်ဆင့်လုပ်ပုံတွေကို ပြောပြပါတယ်။

သဲပုံစေတီတွေ ဆောက်လုပ်ပူဇော်ပြီးတဲ့ အခါမှာ ညနေဖက် ဒီရေတက်လာချိန်ကို စောင့်ဆိုင်းကြပြီး စေတီဟာ တက်လာတဲ့ ဒီရေနဲ့ အတူ မျှောပါသွားမှ သူတို့ရဲ့ ကောင်းမှုကုသလိုလ်တွေဟာ အထမြောက်တယ်လို့ ယူဆကြပါတယ်။

“သဲပုံစေတီတည်ပွဲလုပ်ရခြင်း သမိုင်းက သဲပုံစေတီကိုတည်တယ်။ ဒီစေတီဟာ ဒီရေအတက်အကျနဲ့ပေါ့။ ဒီရေတက်လာပြီးတော့ ဒီသဲပုံ စေတီဟာ ရေမှာမျှောပြီးတော့ ပါသွားမယ်။ ဆိုလိုတာက အနိစ္စ၊ အနတ္တ၊ ဒုက္ခ၊ ဖြစ်ပျက်သဘောမျိုးပေါ့။ သင်္ခါရသဘောတရား။ ဘယ်သူ မဆို မမြဲခြင်းရဲ့ အနိဌာရုံပေါ့လေ။ လူဆိုရင်လဲ မမြဲဘူး။ စေတီပုထိုးဆိုလဲ မမြဲဘူး။ အဲဒီမမြဲတဲ့ သဘောတရားတွေကို ဗုဒ္ဒဘာသာဝင်အရ တယောက်နဲ့ တယောက်နားလည်မှုရှိအောင်၊ ဘာသာရေး အသိအမှတ်ရှိအောင်လုပ်ခြင်း ဖြစ်ပါတယ်။ ပြီးအောင်စောင့်မှာ ဆရာတို့က ဒီ ရေတက်လာလို့ စေတီပုထိုးတွေ အကုန်လုံးပြိုပျက်သွားပြီဆိုမှ ဆရာတို့ကုသိုလ်ဟာ အောင်မြင်တယ်။”လို့ ဦးကျော်ဇံမောင်က သူတို့ပြု လုပ်ထားတဲ့ စေတီပုထိုးတွေကို လက်ပြပြီးတော့ ပြောပါတယ်။ စောင့်ဆိုင်းနေကြတဲ့အတိုင်း ပြုလုပ်ပူဇော်ထားကြတဲ့ သဲပုံစေတီတွေ တပါင်းလပြည့်ညရဲ့ ဒီရေနဲ့အတူ မျှောပါသွားချိန်မှာတော့ ဦးကျော်ဇံမောင်နဲ့ ဦးမောင်သိန်းထွန်းတို့အပါအဝင် ပူဇော်သူတွေတို့ကတော့ ကျရောက်လာမယ့် ဘေးအန္တရာယ်တွေ ပျက်ပြယ်သွားပြီ ဆိုတဲ့ စိတ်ချမ်းမြေ့မှုနဲ့အတူ အိမ်ပြန်ကြပါတော့တယ်။

 864 total views,  1 views today