ရိုးမရေဒီယိုမဂ္ဂဇင်း ၊ မတ် ၂၁

အစိုးရဖက်က ၄၀ ရာခိုင်နှုန်းနဲ့ လူငယ်အင်အား ၆၀ ရာခိုင်နှုန်းပါဝင်ဆောင်ရွက်မယ့် လူငယ်ရေးရာကော်မတီကို ရခိုင်ပြည်နယ် စစ်တွေ ခရိုင်မှာ ဖွဲ့စည်းလိုက်ပါတယ်။

နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်မယ့် ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာဖို့အတွက် လူငယ်တွေက အဓိကအခန်း ကဏ္ဍကနေပြီး ပူးပေါင်းကြိုးပမ်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး မတ်လ ၁၂ ရက်နေ့က ဖွဲ့စည်းလိုက်တာလည်း ဖြစ်ပါတယ်။

“လူငယ်နဲ့ မူးယစ်ဆေးဝါးက ပေါ်လစီထဲမှာပါတယ်။ လက်ရှိအနေအထားကို ကြည့်မယ်ဆိုရင် အင်မတန်မှ ကြောက်စရာကောင်းတဲ့ အနေအထား ဖြစ်ပါတယ်။ လူသားတစ်ရပ်လုံးကို ခြိမ်းခြောက်နေတဲ့ အနေအထားဖြစ်တယ်။ လူငယ်နဲ့ မူးယစ်ဆေးဝါးကို ဘယ်လို လုပ်မလဲဆိုတာ ကျနော်တို့ စဉ်းစားထားတယ်။ ကျန်းမာရေးပါတယ်။ ပညာရေးပါတယ်။ ပညာရေးနဲ့ မူးယစ်ဆေးဝါး ဘယ်လို ဆက်စပ် တယ်။ ကျန်းမာရေးနဲ့ ဘယ်လိုဆက်စပ်တယ်။ ဆိုတာကို Department ဆီ ကနေ နည်းပညာ၊ တခြားသော လိုအပ်ချက်တွေနဲ့ ဆောင် ရွက်သွားနိုင်ဖို့ကို ကျနော်တို့ ဒီကော်မတီထဲမှာ အဲလိုမျိုး ဌာနတွေကို ပါဝင်စေတာ ဖြစ်ပါတယ်။”

ဒါကတော့ ရခိုင်ပြည်နယ် လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ကိုစောကလျာထွန်းက ရှင်းပြတာပါ။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအပါအဝင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ စတဲ့ အချက်တွေအပြင် လူငယ်တွေနဲ့ ပတ်သတ်တဲ့ မူဝါဒ အနေနဲ့ ၁၅ ချက်သတ်မှတ်ထားတယ်လို့ သိရပါတယ်။

နောက်ပြီးတော့ ဒီအဖွဲ့ဟာပြည်ထောင်စု အနေနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်တာကြောင့် ရပ်ကျေးနဲ့ မြို့နယ်ကနေ တိုင်းဒေသကြီးအဆင့် အထိ ကော်မတီတွေပါဝင်မှာဖြစ်သလို တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ LGBT တို့ကလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ကြီးဌာနတို့ကတော့ အဲဒီကော်မတီမှာ အဓိကပါဝင်ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာန စစ်တွေခရိုင်ဦးစီးအရာရှိ ဒေါ်စန်းစန်းအောင်က “ကျမတို့ဌာနက အဓိကလုပ်ငန်းတာဝန် ပြန်ကြားပေးရန်၊ ပညာရေးရန်၊ ဖျော်ဖြေပေးရန်ဆိုတဲ့ ကဏ္ဍမှာ လူငယ်ရေးရာကော်မတီရဲ့ မူဝါဒအလျောက်ပေါင်းစပ်လာတဲ့ ဘယ်လုပ် ငန်းကိုမဆို ကျမတို့က ကူညီပေးသွားမှာပါ။ အဓိက အားဖြင့်ကတော့ လူငယ်ထုတစ်ရပ်လုံးကို ခြိမ်းခြောက်နေတဲ့ မူးယစ်ဆေးဝါး၊ စာပေ ကဏ္ဍတွေ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ၊ အသိပညာပေးလုပ်ငန်းတွေမှာ အဓိကပါဝင်သွားမှာဖြစ်ပါတယ်။”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာတော့ ပြည်နယ်အဆင့် ကော်မတီနဲ့ သံတွဲခရိုင်၊ စစ်တွေခရိုင်တို့မှာသာ ဖွဲ့စည်းရသေးပြီး ဆက်လက်ဖွဲ့စည်းဖို့ ကြိုးပမ်းနေကြတယ်လို့ ပြည်နယ်အဆင့်တာဝန်ရှိသူတွေက ဆိုပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲလာကြတဲ့အတွက် မူးယစ်အန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့နဲ့ လူငယ်ထုအနေနဲ့ စာပေမှာ မွေ့လျော်ဖို့ ကြိုးပမ်းသွား မယ်လို့လည်း ကော်မတီတာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။

 495 total views,  1 views today