လင်းဟိန်း ရေးသား၍ 7 Days News ၏ Issue No.No.2001 Friday, December 7, 2018 တွင်ဖော်ပြခဲ့ပြီးသော ယခု ဆောင်းပါးအား စာရေးသူနှင့် မူရင်းသတင်းဌာန၏ ခွင့်ပြုချက်ဖြင့် Arakan Yoma တွင် ပြန်လည်ဖော်ပြပါသည်။

အေးစိမ့်သည့် ဆောင်းတွင်းကာလ နတ်တော်လဆန်းပိုင်းသို့  ရောက်လာပြီဖြစ်၍ ပေါက်တော၊ စစ်တွေအနီးတစ်ဝိုက် နေထိုင်သူတို့ တက်တက်ကြွကြွဖြစ်နေကြပြီ။ ဆောင်းတွင်းရာသီမှာ ပင်လယ်လေအေးအေးလေးကို ရှူရှိုက်ရင်း စိမ်းလန်းသော တောတောင်သဘာဝအလှတရားများကို ခံစားကာ ဘုရားဖူးသွားရန်အတွက်ဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း (ဒီဇင်ဘာလလယ်)ခန့်မှာ ပုံမှန်ကျင်းပလေ့ရှိသည့် မြေငူကျွန်းပေါ်၌ တည်ထားသော ဆံ တော်ရှင်ဘုရားပွဲကို သွားရောက် ရန် စိတ်လှုပ်ရှားနေကြခြင်းဖြစ်သည်။ မြေငူကျွန်းမှာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ဖရုံကာကျွန်းသုံးကျွန်းအနက်မှ လက်ဝဲအစွန်ဆုံးကျွန်းဖြစ်ပြီး ဘင်္ဂလားပင်လယ်ဝ၌ တည်ရှိနေသည့် ကျွန်းတစ်ကျွန်းလည်း ဖြစ်သည်။

ဆံတော်ရှင်ဘုရားကို ဘင်္ဂလားပင်လယ်ဝရှိ ရေလယ်ကျွန်း ပေါ်တွင် တည်ထားသည့်အတွက် ဘုရားဖူးသွားလိုသူများမှာ စက် လှေ၊ အမြန်ယာဉ်၊ သင်္ဘောတို့ စီးကာ သွားရသည်။ စက်လှေစီး ရင်း လမ်းတစ်လျှောက် မြစ်ပြင်ကျယ်ကြီးများနှင့် တောင်များကြားထဲမှ ဖြတ်သန်းသွားရသဖြင့် လမ်းတစ်လျှောက် အလှတရားများကို ခံစားရမည်မှာ သေချာပါသည်။

ယင်းဆံတော်ရှင်ဘုရားပွဲမှာ ရခိုင်ပြည်နယ်အတွင်းရှိ ပွဲတော်များထဲက အစည်ကားဆုံး ပွဲတော်တစ်ခုဆိုလျှင် မမှားနိုင်ပေ။

ဆံတော်ရှင်ဘုရားပွဲသို့ စစ်တွေမြို့မှ အမြန်ရေယာဉ်၊ သင်္ဘောများဖြင့် သွားရောက်နိုင်သလို နယ်ကျေးရွာများမှ စက်လှေ များဖြင့် သွား၍ရသည်။ သဘာဝအလှတရားများကို ခံစားရင်း ဘုရားဖူးနိုင်ဖို့ နံနက်စောစော မြူနှင်းတဖွေးဖွေးကျနေသည့်ဝေ လီဝေလင်းအချိန် အိပ်ရာမှထကာ ပြင်ဆင်ကြသည်။

ပေါက်တောမြို့နယ်နှင့် စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာအများစုက ဆံတော်ရှင်ဘုရားပွဲသို့ စက်လှေများဖြင့် နှစ်စဉ်နှစ်တိုင်း သွားရောက်ကြသည်။ အခြားမြေပုံ၊ မင်းပြားနှင့် ရသေ့တောင်မြို့ နယ်အတွင်းက ကျေးရွာအချို့က လည်း ထိုသို့ သွားရောက်ကြသည်။

ဆံတော်ရှင်ဘုရားသို့ သွားသည့် ဘုရားဖူးခရီးသည်အချို့မှာ ထမင်း၊ ဟင်းများအဆင်သင့်ချက် ပြုတ်ယူဆောင်သွားပြီး စက်လှေ ပေါ်၌ ဝိုင်းဖွဲ့ကာ ပျော်ပျော်ပါးပါး စားသောက်ကြသည်။ ဘင်္ဂလား ပင်လယ်ဝရှိ ဆံတော်ရှင်ဘုရားသို့သွားရာတွင် ကစ္ဆပနဒီ (ခေါ်) ကုလားတန်မြစ်ကို ဖြတ်သန်းသွားရသည်။

ဆံတော်ရှင်သို့ သွားရာလမ်း တစ်လျှောက်တွင် စက်လှေကြီး ငယ်များဖြင့် ဝမ်းရေးအတွက် ငါးဖမ်းနေကြသူများ၊ ဘုရားဖူး စက်လှေများကို အစီအရီတွေ့နိုင်သည်။ ဆောင်းတွင်းကာလဖြစ်သည့်အလျောက် မြစ်ပြင်၌ မြူခိုး မြူနှင်းများကို တွေ့နိုင်ပြီး ခိုဖြူများ ရခိုင်အခေါ် စိုင်းဒြားခွာများ၊ ရေပြင်လှိုင်းလုံးများကြား၌ ပနံတင့်စွာ ပျံသန်းအစာရှာနေကြသည်ကိုလည်း မြစ်ကြောင်းတစ်လျှောက် တွေ့ရမည်ဖြစ်သည်။

ယင်းအပြင်  မြစ်ကြောင်း တစ်လျှောက် ထိုးထိုးထောင် ထောင်ထွက်နေသည့် တောင်တန်းများကြားထဲမှ ဖြတ်ကာ သဘာဝ အလှအပများကိုလည်း ခံစားကြရမည်ဖြစ်သည်။ ဆံတော်ရှင်စေတီရှိရာ မြေငူကျွန်းသည် ပေါက်တောမြို့မှ မိုင် ၃၀ ခန့် ကွာ ဝေးပြီး စစ်တွေမြို့မှ ၁၈ မိုင်ခန့် ကွာဝေးသည်။

စက်လှေဖြင့်သွားပြီး ဆံတော်ရှင်စေတီတော်သို့ မရောက်မီ ရခိုင်မျိုးနွယ်စုဝင် ခမီတိုင်းရင်းသားများ နေထိုင်သည့် စိုးမဲကျီ ကျေးရွာဆိပ်ကမ်းသို့ ဦးစွာရောက်နှင့်မည်ဖြစ်သည်။ စက်လှေမှ တစ်ဆင့် သမ္ဗန်ငယ်(ကူးတို့လှေ) များဖြင့် ကမ်းပေါ်သို့ တက်ရသည်။

စိုးမဲကျီရွာဆိပ်ကမ်းတစ်လျှောက် အအေးဆိုင်များ၊ အလှူခံမဏ္ဍပ်များကို တွေ့ရသည်။ ထို နေရာမှတစ်ဆင့် ဆံတော်ရှင်စေတီဦးရှိရာ နေရာသို့ ရောက်ရန် နှစ်မိုင်ကျော်ခန့် ခြေကျင်လျှောက်ကာ ခရီးဆက်ရဦးမည်ဖြစ်သည်။  တောင်ကျော်တောလမ်းကို ဖြတ်ကာ ဆက်လျှောက်ရမည်ဖြစ်သည့်အတွက် တောင်တက်ရာတွင် လွယ်ကူစေရန် ဝါးတုတ်ကလေးများ ရောင်းနေသည့် ကလေးငယ်များကို တွေ့ရသည်။ တုတ်တစ်ချောင်းကို ၂၀၀ ကျပ်၊ ၁၀၀ ကျပ်စီဖြင့် ရောင်းချနေသည်။

တောင်တက်လမ်းတစ် လျှောက်တွင် ဘုရားဖူးလာကြ သည့် လူကြီး၊ လူငယ်၊ ကလေး အစ အရွယ်စုံကို တွေ့ရသည့်အ ပြင် ရဟန်းသံဃာများကိုလည်း တွေ့ရသည်။ ဘုရားဖူးလာကြသူ များထဲတွင် အနီးတစ်ဝိုက်မှ လာ ကြသူများအပြင် ရန်ကုန်အပါအဝင် အခြားဒေသများမှ လာရောက်ကြသူများလည်းပါဝင်သည်။ နိုင်ငံခြားသားခရီးသွားများလည်း လာ ရောက်လည်ပတ်ရင်း ဆံတော်ရှင် ဘုရားသို့ သွားကြသည်။

အဆိုပါတောင်တက်လမ်း တစ်လျှောက် ဘုရားဖူးခရီးသွား များ အမောပြေ စားသောက်နိုင်ရန် ရေခဲချောင်း၊ မုန့်လက်ဆောင်း၊ အအေး၊ သကြားလုံး၊ အသုပ်စသည်တို့ ရောင်းချနေကြသည့် ဒေသခံ ခမီတိုင်းရင်းသားများကို တွေ့ရသည်။ ယင်းလမ်းအတိုင်း မိနစ်အနည်းငယ်ခန့် ခြေကျင်လျှောက်ပြီးပါက ရေအပြည့် ဖြည့်ထားသည့် ရေအိုးအလုံး ၁၀၀ ခန့်ကို တွေ့ရမည်ဖြစ်သည်။ ယင်းရေအိုးများကို အသက်(၈၀)ကျော် အဘွားအိုတစ်ဦးက လာရောက် လှူဒါန်းထားသည်။ ယင်းအဘွားအိုမှာ သူ့မိဘလက်ထက်ကတည်းက ယင်းကဲ့သို့ ဆံတော်ရှင်ဘုရားပွဲ အချိန်တိုင်း နှစ်စဉ် ရေလာရောက် လှူဒါန်းသည်မှာ နှစ်ပေါင်း ၅၀ ခန့်ရှိပြီဟုဆိုသည်။

နှစ်မိုင်ကျော်ခန့် ဝေးကွာ သည့် အဆိုပါတောလမ်းခရီးတစ် လျှောက် ခရီးသည်ပြတ်သည်ဟူ ၍ မရှိဘဲ အဆက်မပြတ် သွားလာ နေကြသည်ကို တွေ့ရသည်။ အချို့က မိသားစုနှင့်အတူ၊ အချို့ မှာ သူငယ်ချင်းများဖြင့် အုပ်စု လိုက် သူ့အုပ်စုနှင့်သူ သောင်းသောင်းဖြဖြ သွားလာနေကြသည်။ သီချင်းအော်ဆိုသူက ဆို၊ အပြန်အလှန် စနောက်သူနောက် ဖြင့် လမ်းခရီးတစ်လျှောက် မော ပန်းချိန်မရဘဲ ပျော်စရာကောင်း လှသည်။

တောင်ကိုးလုံးကို ကျော် ဖြတ်ပြီးမှသာ ဆံတော်ရှင်စေတီ တော်သို့ ရောက်သည်ဟု ယခင် က ပြောစကားများရှိခဲ့သည်။ သို့သော်လည်း ယခုအခါတွင်မူ ယခင်ကလောက် ခရီးမကြမ်းတော့ပေ။ စိုးမဲကျီဆိပ်ကမ်းမှ တောင်လမ်းအတိုင်း တစ်နာရီကျော်ခန့် လမ်းလျှောက်ပြီးသော် နိလာပဗ္ဗတတောင်ပေါ်၌ တည်ထားသည့် ဆံတော်ရှင်စေတီတော်သို့ ရောက်တော့သည်။

ယင်းဆံတော်ရှင်စေတီ တော်မှာ မြတ်စွာဘုရား ရခိုင်ပြည် သို့ ကြွရောက်တော်မူသည့်အချိန် က နိလာပဗ္ဗတတောင်ပေါ်၌ ရပ် တန့်ကာ နဂါးတို့၏ တောင်းဆို ချက်အရ ဆံတော်နှစ်ဆူကို ပေးခဲ့ ပြီး နဂါးတို့က ယင်းဆံတော်နှစ်ဆူ ဖြင့် ယခုစေတီတော်ကို တည် ထားခဲ့ကြောင်း ပြောဆိုကြသည်။ နဂါးတို့တည်ထားသည့် စေတီကို နောက်ပိုင်းတွင် အဆင့်ဆင့် ပြန် လည်ပြင်ဆင်ကာ တည်ထားခဲ့ သည်ဟုဆိုသည်။

တောင်လမ်းကို ဖြတ်၍ စေ တီရင်ပြင်သို့ ရောက်လာသည့် အခါ ပွဲလမ်းသဘင်အခမ်းအနား များက ကြိုဆိုနေကြသည်။ ယင်း ဘုရားရင်ပြင်၌ ညအချိန် အနား ယူရန် ဝါးတိုင်လေးများဖြင့် အခန်းဖွဲ့ကာ ကောက်ရိုးများဖြင့် မိုးကာ ထားသည့် ယာယီ တည်းခိုခန်းများ၌ တည်းခိုကြရမည်ဖြစ်သည်။ ညဘက်အချိန်တွင် ပွဲလမ်းသဘင် အခမ်းအနားများကို ကြည့်ရှုနိုင် မည်ဖြစ်သည်။

ပင်လယ်ထွက်ခရုမျိုးစုံဖြင့် ပြုလုပ်ထားသည့် လက်ဝတ်ရတနာ၊ ကလေးကစားစရာများ ရောင်းချနေသည့် ဆိုင်ခန်းများကိုလည်း တွေ့ရမည်ဖြစ်ပြီး အိမ်ပြန် လက်ဆောင်ဝယ်ယူရန် အဆင်ပြေလှသည်။

နံနက်အစောကြီး အရုဏ် တက်ချိန်တွင်မူ ဘုရားဖူးလာကြ သူများသည် ဆံတော်ရှင်စေတီ တည်ရှိရာ နိလာပဗ္ဗတ တောင်ပေါ်သို့ တက်ရောက်ကာ ဆွမ်း၊ သစ်သီးတို့ဖြင့် အရုဏ်ဆွမ်းကပ်လှူ ကြပြီး ပန်း၊ ရေချမ်းတို့လည်း ကပ်လှူကြသည်။ ဘုရားပေါ်၌ ဘုရားဖူးဦးရေ များပြားလှသည့်အတွက် အရုဏ်ဆွမ်းကပ်လှူရန်ကို အချိန်ကြာမြင့်စွာပင် စောင့်ဆိုင်းနေကြရသည်။ ဘုရားပေါ်၌ဆွမ်း၊ ပန်း၊ ရေချမ်းတို့ ကပ်လှူ အပြီးတွင် ပင်လယ်လေအေးအေးလေးကို ရှူရင်း ဘင်္ဂလားပင်လယ်အော်ထဲမှ ထွက်လာသည့် နေမင်း၏နံနက်ခင်းဆည်းဆာအလှကို ခံစားကြရမည်ဖြစ်သည်။

ဘုရားတောင်ပေါ်မှ ဆင်း၍ အရှေ့သို့ မိနစ်အနည်းငယ်ခန့် လမ်းလျှောက်လိုက်သော် ဘုရား ရှင်ကြွရောက်စဉ်က ရပ်နားခဲ့ သည့် ခြေရာတော်သို့ ရောက်ရှိ မည်ဖြစ်သည်။ ခြေရာတော်၌ ဒါနပြု ကုသိုလ်ပွားနိုင်မည်ဖြစ်ပြီး ယင်းခြေရာတော်နှင့် ကပ်ရပ်တွင် အရောင်အသွေးစုံလင်သည့် ပင် လယ်ခရုခွံများစွာနှင့် အလှဆင် ထားသည့် ကမ်းခြေရှိသည်။

ကမ်းခြေ အနီးတစ်ဝိုက်ရှိ ကျောက်ဆောင်ကျောက်တန်းများနှင့် သဲသောင်များကလည်း သဘာဝအလှတရားကို ပိုမိုအား ဖြည့်ထားသည်။ ယင်းကမ်းခြေ၌ ရေကစားလိုက ပျော်ပျော်ပါးပါး ရေကစားနိုင်မည်ဖြစ်သည်။ အိမ် အပြန်၌ ရောင်စုံခရုခွံများကို သယ် သွား၍လည်း ရနိုင်သေးသည်။

ကမ်းခြေမှ အရှေ့သို့ မိနစ် အနည်းငယ်ထပ်လျှောက်ပါက ဘုရားရှင်ကြွရောက်သည့်အချိန် က ခေတ္တနားခဲ့သည်ဟု ပြောဆို ကြသည့် သိမ်တော်ရာသို့ ရောက် ရှိမည်ဖြစ်သည်။ ယင်းသိမ်တော် ရာ၌ သိမ်သမုတ်တိုင်၊ စတူပါ စေတီငယ်များကို တွေ့ရမည်ဖြစ် ပါသည်။

ဆံတော်ရှင်ဘုရားပွဲကို လွန် ခဲ့သည့်နှစ်ပေါင်းများစွာကတည်း က အစဉ်အဆက် ကျင်းပခဲ့ပြီး ရခိုင်ပြည်နယ်အနှံ့မှ ဘုရားဖူး ခရီးသွားပေါင်း သိန်းချီလာရောက်ကြသည်။ ယင်းဘုရားပွဲ၏ထူးခြားချက်မှာ တောင်တက်ရင်း သဘာဝအလှတရားများကို ခံစားနိုင်သည့် အခွင့်အရေးရရှိမည်ဖြစ်သည့်အ တွက် သွားရောက်သင့်သည့် ပွဲ တော်တစ်ခုဖြစ်ကြောင်း ပေါက်တောမြို့မှ ကိုကျော်ကျော်ခိုင်က ပြောသည်။

ယင်းပွဲတော်ကို ဆောင်းရာ သီ၏အအေးဆုံးကာလဖြစ်သည့် ဒီဇင်ဘာတွင် ကျင်းပသည့်အတွက် ဆောင်းရာသီ၏ အရသာကိုလည်း အပြည့်အဝခံစားခွင့် ရရှိမည်လည်းဖြစ်သည်။ ယင်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်းမှ လပြည့်နေ့အထိ တစ်ပတ်၊ ဆယ်ရက်ခန့် ကျင်းပလေ့ရှိသည်။

ယခုနှစ်တွင် ဒီဇင်ဘာ ၁၆ ရက် (နတ်တော်လဆန်း ၉ ရက်) မှ  ၂၃ ရက်(နတ်တော်လပြည့်ကျော် ၁ ရက်) အထိ ရှစ်ရက်တိုင် ကျင်းပမည်ဖြစ်သည်။ ပွဲတော်ကာလအတွင်း၌ အဆင့်မြင့်ဇာတ်သဘင်များဖြင့် ကပြဖျော်ဖြေမည့် အစီ အစဉ်များပါဝင်ပြီး ပြဿနာတစ် စုံတစ်ရာမဖြစ်စေရန်လည်း ရဲတပ်ဖွဲ့က လုံခြုံရေးတာဝန်ယူပေးမည် ဖြစ်ကြောင်း ဆံတော်ရှင်ဘုရား ဂေါပကအဖွဲ့က ပြောသည်။

၁၉၉၇ ခုနှစ်ကလည်း စစ်တွေမြို့မှ ဆံတော်ရှင်ဘုရားပွဲသို့ ဘုရားဖူးသွားသည့် စက်လှေတစ် စီးနစ်မြုပ်ခဲ့သည့်အတွက် လူဦးရေ ၂၀ ကျော် သေဆုံးခဲ့ရကြောင်း စစ်တွေမြို့ဒေသခံ ဦးသန်းထွန်း က ပြောသည်။ စက်လှေပေါ်၌ လူအဆမတန် တင်သည့်အတွက် ထိုသို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကာ ယင်းကဲ့သို့ အဖြစ်ဆိုး ထပ်မံမဖြစ် ပွားစေရန် သက်ဆိုင်ရာက ဆောင်ရွက်စေလိုကြောင်း ၎င်းက မှတ် ချက်ပြုသည်။

ယခုကျင်းပမည့် ဆံတော် ရှင်ဘုရားပွဲသို့ စက်လှေများအပြင် ပုဂ္ဂလိကရေယာဉ်များလည်း ပြေးဆွဲမည်ဖြစ်သည်။ ဆံတော်ရှင် ဘုရားဂေါပကအဖွဲ့ကမူ ကူးတို့ လှေများတွင် သတ်မှတ်လူဦးရေ ထက် ပိုမိုမတင်ရန်နှင့် ကူညီရေး အဖွဲ့များဖြင့် ဆောင်ရွက်မည်ဖြစ် ကြောင်း ပြောသည်။

‘‘ဆံတော်ရှင်ဘုရားပွဲက တအားပျော်ဖို့ကောင်းတယ်။ နှစ်တိုင်းဆိုရင် သူငယ်ချင်းတွေနဲ့စုပြီး သွားနေကျ။ ဒီနှစ်က ရန်ကုန် ရောက်နေလို့။ ဒါပေမဲ့ ဒီနှစ်လည်း ရွာပြန်ပြီး သွားဦးမယ်’’ဟု ရန်ကုန်တွင် နေထိုင်သည့် ပေါက်တောမြို့နယ်မှ ကိုကျော်မျိုးက ပြောသည်။

ပင်လယ်လေကို ရှူရှိုက်ကာ သဘာဝအလှတရားများကို ပြည့် ပြည့်ဝဝခံစားရင်း ဘုရားဖူးလိုသူ များကို မြေငူကျွန်းရှိ ဆံတော်ရှင် ဘုရားပွဲက ကြိုဆိုနေမည်မှာ အသေအချာပင်ဖြစ်သည်။

 1,008 total views,  1 views today