ရိုးမရေဒီယိုမဂ္ဂဇင်း

ဇူလိုင် ၃၁ ရက်။ ။ ရခိုင်ပြည်နယ်တွင် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ဖို့ အမျိုးသားအစီစဉ် တစ်ရပ်အနေဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် ARSA အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် လူ့အခွင့်ရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်များ၊ ယင်းနှင့် ဆက်စပ်သည့် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။

အဆိုပါအဖွဲ့ရဲ့ ဥက္ကဌ ရာထူးကို ဖီလစ်ဖိုင်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ရိုဆာရီယို မယ်နာလိုအား ပေးအပ် ထားပြီး အဖွဲ့ဝင်အဖြစ် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဌဟောင်း ဦးမြသိန်း၊ ကုလသမဂ္ဂဆိုင်ရာ ဂျပန် အမြဲတမ်း ကိုယ်စားလှယ်ဟောင်း ကင်ဇိုအိုရှီးမားနှင့် ကုလသမဂ္ဂဝန်ထမ်း ကောလိပ်ကျောင်းအုပ်ကြီးဟောင်း ဒေါက်တာ အောင်ထွန်းသက်တို့ ပါဝင်ပါတယ်။

အဆိုပါ ကော်မရှင်ကို ပြည်တွင်းနှင့် နိုင်ငံတာကာမှ ဥပဒေနှင့် နည်းပညာ ကျွမ်းကျင်သူများက ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 530 total views,  1 views today