ကိုအောင် ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒီတစ်ပါတ်မှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက တောင်တန်းဒေသတွေမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ တောင်ယာ လုပ်ငန်းနဲ့ တောင်ယာနဲ့ သက်ဆိုင်တဲ့ ဓလေ့ထုံးစံတွေအကြောင်းကို ပြောပြချင်ပါတယ်။ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးစတဲ့ မြို့နယ်တွေထဲက တောင်တန်းတွေပေါ်မှာ အခြေချ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေ ရှိကြပါတယ်။ စိုင်းတင်၊ သြရမ၊ မေယုစတဲ့ တောင်တန်းတွေပေါ်မှာ အများဆုံး နေထိုင်ကြပါတယ်။

သူတို့ရဲ့ အဓိက စီးပွားရေးအဖြစ် ရွှေ့ပြောင်းတောင်ယာကိုပဲ လုပ်ကိုင်ကြပြီး လယ်နဲ့ တခြားစိုက်ပျိုးရေး လုပ်ငန်းတွေကို လုပ်ကိုင်လေ့မရှိသလို တောင်ယာ နေရာတခုကိုလည်း သုံးနှစ်ထက် ပိုမလုပ်ကြပါဘူး။ အဲ့ဒီလိုပဲ ရွာကိုလည်း တောင်ယာနဲ့ နီးကပ်တဲ့နေရာတွေကို လိုက်လံပြောင်းရွှေ့ပြီး နေကြတယ်လို့ ဆိုပါတယ်။ မောင်တော မြို့နယ် ကိုင်းကြီးရွာမှာနေတဲ့ မြိုအမျိုးသားဦးစံထွန်းက မြို့တို့ရဲ့ တောင်ယာစိုက်ပျိုးမှုဓလေ့ကို အခုလို ပြောပြပါတယ်။

“ဒီနေရာမှာ ရွာတစ်ရွာတည်တယ်၊ တောင်ယာကဟိုမှာခုတ်တယ်၊ ဟိုမှာခုတ်တယ်၊ ရွှေ့ပြောင်း တောင်ယာ လုပ်ရတာပေါ့။ အပင်လဲမစိုက်ဘူး။ ဖုန်းဆိုးတောကိုလဲ မခုတ်ဘူး။ တောရိုင်းမြေသြဇာ မထည့်ဘဲနဲ့ သုံးနှစ်လောက် ပတ်ဝန်းကျင် ခုတ်ပစ်လိုက်ရင် တောင်ယာက ဝေးတယ်လေ။ ရွာတစ်ခါ ပြန်ပြောင်းတယ်၊ သုံးနှစ်တစ်ခါ၊ နှစ်နှစ်တစ်ခါ၊ လေးနှစ်မှာတစ်ခါ ပြောင်းတယ်။ တောင်ယာနဲ့ ရွာနဲ့ ဝေးသွားပြီ၊ တောင်ယာထွက် ပစ္စည်းတွေကို ကားမရှိတော့ ခေါင်းနဲ့ထမ်း၊ ပုခုံးနဲ့ထမ်း၊ အဲ့တော့ ဝေးတဲ့အတွက် ရွာပြန်ပြောင်းတယ်။”

ခမီတို့ကလည်း တောင်ယာလုပ်ငန်းနဲ့ အသက်မွေးကြပြီး သူတို့ရဲ့ တောင်ယာလုပ်ငန်းမှာ အဆင်ပြေအောင် သီးနှံထွက်အောင် ကိုးကွယ် ယုံကြည်မှု ဓလေ့ ထုံးစံအတိုင်း မဖြစ်မနေပြုလုပ်ရတဲ့ အစီအစဉ်တွေ ရှိတယ်လို့ မြောက်ဦးမှာ နေထိုင်တဲ့ ဦးလေကျော်က ပြောပါတယ်။

“ကဆုန်လမှာကောက်သစ်ချပွဲလုပ်တယ်။ ၀ါခေါင်လမှာက တောင်ယာ ဟင်းစားပွဲလုပ်တယ်။ နောက် တန်ဆောင်မုန်းလမှာ ကောက်သစ်စားပွဲဆိုပြီး တစ်ကြိမ်ရှိမယ်။ အဲ့ဒီပွဲသုံးမျိုးပါ။”

ခမီလူမျိုးတို့ကတော့ တောင်ယာလုပ်ကိုင်သူတွေ ရှိကြသလို၊ မြေပြန့်မှာလယ်ယာလုပ်ကိုင်သူလဲရှိကြပါတယ်။ ကိုးကွယ်ယုံကြည်မှုမှာတော့ နတ် ကိုးကွယ်သူများသလို အခြား ကိုးကွယ်မှုတွေလဲ ရှိပါတယ်။ ဘယ်ဘာသာကို ကိုးကွယ်သူပဲ ဖြစ်ဖြစ် စိုက်ပျိုးရေးလုပ်ငန်းမှာတော့ ဓလေ့ထုံးစံအတိုင်း လုပ်ကိုင်လေ့ရှိကြပါတယ်။ စိုက်ပျိုးမယ့် မျိုးစေ့ကို သွေးနဲ့လူးပြီး ပူဇော်ရတဲ့ ဓလေ့ရှိတယ်လို့ ဆိုပါတယ်။ ဦးလေကျော်က ခမီလူမျိုးတို့တောင်ယာနဲ့ လယ်မစိုက်ခင် ရိုးရာနတ်ကို ပူဇော်တဲ့ အစီအစဉ်ကို အခုလိုပြောပြပါတယ်။

“အိမ်မှာလုပ်တယ် စိုက်ပျိုးမယ့်မြေမှာလဲ သွားလုပ်ပေးရသေးတယ်။ လုပ်တာက ပန်းပွားတိုင်တွေနဲ့ ကြီးကြီးကျယ်ကျယ် လုပ်ရတယ်။ ကြက်၊ ၀က် သတ်ရတယ်။ သွေးချရတယ်။ ကိုယ်စိုက်ပျိုးမယ့် စပါးက ဘာက အားလုံးယူပြီးတော့ ဖြိုး ..လို့ ဆိုပြီး စိုက်ပျိုးရေးအောင်မြင်ပါစေလို့ ဆိုပြီး ကောက်ဦးချပွဲလုပ်ရတယ်။ အဓိက နတ်ကိုကိုးကွယ်တဲ့ အပိုင်းပါ။ ဟိုးမှာတောင်ယာမှာ၊ မြေပြန့်ဆိုရင် လယ်ပြင်မှာပန်းပွားတိုက်စိုက်ရတယ်။ အမှန်ကနတ်ကိုကိုးကွယ်တာပါ။”

မြိုလူမျိုးတို့ဟာလည်း နတ်ကိုးကွယ်သူတွေ ဖြစ်ကြပြီး သူတို့ရဲ့ တောင်ယာ စီးပွားရေးလုပ်ချိန်၊ ရွာသစ်တည်၊ ယာသစ်ထွင်တဲ့ အချိန်တွေနဲ့ သီးနှံ အသစ်ထွက်တဲ့ အချိန်တွေမှာသတ်မှတ်ထားတဲ့ ပွဲတွေကိုလုပ်ကြပါတယ်။ နောက်ပိုင်းမှာ တခြားဘာသာကို ကိုးကွယ်လာသူတွေလဲရှိလာတဲ့အတွက် တချို့ ထုံးစံတွေ အနည်းငယ် ပြောင်းလဲ လာတာရှိပေမယ့် ဓလေ့ထုံးစံအတိုင်းပွဲတွေကိုတော့ လုပ်ကိုင်တတ်ကြပါသေးတယ်။ တနှစ်လုံး လုပ်ကိုင်လို့ ရလာတဲ့ စပါးသီးနှံတွေကို တနှစ်လုံး ကောင်းကောင်းမွန်မွန် စားနိုင်အောင်၊ နောက်နှစ်တွေမှာလဲ သီးနှံတွေ ဖြစ်ထွန်းအောင်၊ ကျန်းမာ အသက်ရှည်အောင် ဓလေ့ ထုံးစံတွေအတိုင်း လုပ်ကိုင်ရတယ်လို့ ဦးစံထွန်းက ပြောပြပါတယ်။ တောတောင်တွေကို ပိုင်ဆိုင်တဲ့ နတ်တွေရှိပြီး နတ်တွေဆီက တောတောင်တွေကို ငှားပြီး ကြက်၊ ၀က်တွေရဲ့ သွေးနဲ့ တောင်ယာကောင်းအောင်၊ အသီးအနှံ အထွက်ကောင်းအောင် ပူဇော် ကြရပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီးရွာမှာနေတဲ့ ဇနီဖြူကတော့ တောင်ယာသိမ်းတဲ့အချိန်မှာ ဘယ်လို စီမံရသလဲဆိုတာ အခုလိုပြောပြပါတယ်။

“ရိုးရာလဲ ဖြစ်နိုင်တယ်၊ နတ်ဆိုလဲ ဖြစ်နိုင်တယ်။ စပါးသိမ်းပြီဆိုတော့ ယာကို ပြန်အပ်တယ်။ တောင်ပိုင်ရှင်မ ဆီမှာ ကျွန်တော်တို့ ငှားထားတာ တောင်ယာကို ကျွန်တော်တို့ ပြန်အပ်တယ်။ အောင်အောင် မြင်မြင် ချောချောမောမောနဲ့ ပြီးသွားပြီဆိုပြီးတော့ ကြက်သွေးနဲ့ ကြက်နဲ့ အပ်တာရှိတယ်၊ ၀က်တကောင်နဲ့သွား ၀က်သွေး ချပြီး ပျော်ပျော်ပါးပါးအပ်တာရှိတယ်။ ၀က်နဲ့ဆိုတော့ လူအများကြီးလိုတာပေါ့။ အဲ့ဒီအစားအစာတွေ အိမ်ကိုမယူရဘူး။ အဲ့ဒီမှာပဲစားရတယ်။”

တောင်ယာ စိုက်ပျိုးကြသူတွေက ကျင်းပလေ့ရှိတဲ့ ပွဲတခုကတော့ ကောက်သစ်စားပွဲ ဖြစ်ပါတယ်။ ဦးစံထွန်းကတော့ သူတို့ရွာတွေမှာ လုပ်လေ့ရှိတဲ့ ကောက်သစ်စားပွဲအကြောင်းကို အခုလိုရှင်းပြပါတယ်။

“သီတင်းကျွတ်လဆန်း ၉ ရက်နေ့မှာ ကောက်သစ်ပွဲလုပ်တယ်။ ကောက်သစ်ပွဲမှာ ၀က်တစ်ကောင် သတ်တယ်၊ ငါးခြောက်လဲပါတယ်။ ၈ ရက်နေ့ ညမှာစတယ်။ အဲ့ဒီနေ့ညမှာ ၀က်သတ်တယ်။ အဲ့ဒီနေ့မှာ မစားရဘူး။ အဲ့ဒီဝက်သားကို နောက်နေ့မှ စားရတယ်။ မီးကင် မီးဖုတ်ပြီးတော့ အသားကို မချက်ဘူး၊ တစ်ညထားရတယ်။  နောက်နေ့ မနက်စောစာမှာ အသားကိုဖျက်တယ်၊ ချက်တယ်၊ ပြုတ်တယ်။ ပြီးရင် ရွာမှာအကြီးဆုံးလူက ဆုတောင်း ပေးရတယ်။ ဒီကောက်သစ်ပွဲမှာ အသားတွေ၊ ငါးတွေ၊ ဒီကောက်သစ် ကုသိုလ်မှာ စားတဲ့သူတွေက ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ရောဂါကင်းပါစေ၊ နောက်ထပ် ဒီထက်မက စပါးရအောင်၊ စပါးလဲကောင်းအောင်၊ အသီးအနှံကောင်းအောင် အဲ့ဒါတွေ ဆုတောင်းပေးတယ်။”

မြိုလူမျိုးတွေရဲ့ ကောက်သစ်စားပွဲဟာ အချိန် ငါးရက်ကြာပြီး ပွဲတော်ကာလ နောက်ဆုံးသုံးရက်ကတော့ အလုပ်မလုပ်ပဲ အိမ်မှာပဲ နေရတဲ့ ရက်တွေဖြစ်ပါတယ်။

“သုံးရက်နားမယ်၊ ဖားရှာ၊ ငါးရှာသွားလို့မရဘူး။ ကြက်လဲသတ်လို့မရဘူး၊ ၀က်လဲ သတ်လို့မရဘူး။ ငါးကိုလဲမသတ်ရဘူး။ အသက်ရှိတာဟူသမျှု သတ်လို့မရဘူး။ လေးရက်မြောက်နေ့မှာဖားရှာ၊ ငါးရှာ အပြင်ထွက်လို့ရပြီ။ အဲ့ဒီကိုးရက်နေ့ မတိုင်ခင် ရှစ်ရက်နေ့မှာ အကုန် ယူထားရတယ်။ ဘာ လုပ်ရလဲဆိုတော့ ဟင်းသီး ဟင်းရွက်တွေ ခူးထားရတယ်။ သုံးရက်စာလှောင်ထားရတယ်။ အသားငါးသုံးရက်စာဖူလှုံအောင် လုပ်ထားရတယ်။ လှောင်ထားပြီးတော့မှ ကိုးရက်နေ့မှာပွဲလုပ်ရတယ်။”

သူတို့နေထိုင်တဲ့ တောတောင် နေရာဒေသကွဲပြားသလိုစီစဉ်ကျင်းပကြတဲ့ အစီအစဉ်တွေလဲကွဲပြားကြပါတယ်။ ဇနီဖြူက သူတို့ဒေသမှာ လုပ်တဲ့ ကောက်သစ်စားပွဲ ထုံးစံကတော့ မောင်တောမြို့နယ်ထဲကဦးစံထွန်းတို့ ပြုလုပ်တဲ့ ပုံစံနဲ့ ကွဲပြားတယ်လို့ ပြောပါတယ်။ ဘယ်နေ့မှာလုပ်မယ်လို့ တိတိကျကျ သတ်မှတ်တာမရှိဘဲ ကောက်သစ် အရင်ရတဲ့သူက ပွဲအရင်လုပ်ကြပြီး သက်ကြီးရွယ်အိုတွေကိုကောက်သစ်ထမင်းနဲ့ တည်ခင်းပြီးမှ စားသောက်ကြရတယ်လို့ ဆိုပါတယ်။

“ကျွန်တော့် တောင်ယာမှာစပါးထွက်ပြီ၊ ကျန်တဲ့တောင်ယာကစပါးမထွက်သေးဘူးပေါ့။ ကျွန်တော်က ကောက်သစ်စားရပြီလေ။ အရင်က ချေးငှား ဝေမျှပြီးတော့ စားရတာပေါ့။ အဲ့ဒီအချိန်မှာထမင်းတည်ခင်းရတယ်။ ရခိုင် ဗုဒ္ဓဘာသာတွေဆိုလဲ ကောက်ပေါ်ရင် ကျောင်းသွားပြီး ဆွမ်းအုပ် ပို့ကြတာပေါ့၊ အဲ့လိုသဘောမျိုး။ တောင်ယာမှာ အသီးအနှံထွက်ပြီ၊ သခွားသီးပေါ်ပြီ၊ ငရုတ်သီး၊ ပြောင်းဖူးသီးနေပြီဆိုရင် မစားရသေးဘူး။ တဖူးဖြစ်ဖြစ်၊ တလုံးပဲဖြစ်ဖြစ် သက်ကြီးရွယ်အိုကိုတလုံးဖြစ်ဖြစ်ပေးပြီးမှ စားရတယ်။”

မြိုလူမျိုးတို့ဟာ ရလာတဲ့စပါးကို သွေးနဲ့ လောင်းပြီးမှ စပါးကျီမှာ ထည့်သွင်းသိုလှောင်ကြရပါတယ်။ အဲ့ဒီလိုလုပ်မှပဲ စပါးဆန်ရေ ပွားများတယ်လို့ ယုံကြည်ကြတဲ့အကြောင်း ဇနီဖြူကပြောပါတယ်။ ခမီလူမျိုးတို့ကတော့ တောင်ယာစပါး ပေါ်တဲ့ အချိန်ဆိုရင် စပါးရိတ်ပြီးတာနဲ့ ကောက်သစ်စားပွဲကို မဖြစ်မနေ လုပ်ရပါတယ်။ ကောက်သစ်စားပွဲမလုပ်ခင် အသစ်ပေါ်တဲ့စပါးကို မစားကြရဘဲ စပါးအဟောင်းကိုပဲ စားကြရပါတယ်။ ကောက်သစ် စားပွဲမှာလဲ အသစ်ပေါ်တဲ့ စပါးကိုကြက်၊ ၀က်တို့ရဲ့ သွေးနဲ့ နှယ်ပြီး နတ်ပူဇော်ရတာလို့ ဦးလေကျော်က ရှင်းပြပါတယ်။

“ရလာတဲ့ စပါးကိုမစားခင် သွေးမြေချရသေးတယ်။ တောင်ယာကထွက်တဲ့ စပါးဖြစ်စေ၊ လယ်က ထွက်တဲ့ စပါးဖြစ်စေ၊ ကောက်သစ်စားပွဲ မလုပ်ဘဲ စားတဲ့ထုံးစံမရှိဘူး။ အဟောင်းကိုပဲစားနေရတယ် ပေါ်လာတာကိုတော့ သွေးချပြီးမှ စားရတယ်။”

ခမီလူမျိုးတို့ရဲ့ ကောက်သစ်စားပွဲကျင်းပရတဲ့ အစီအစဉ်တွေကတော့ ပွဲကျင်းပမယ့် လယ်ပြင်၊ ဒါမှမဟုတ် တောင်ယာမှာ ၀ါးနဲ့ ပန်းပွားတိုင်စိုက်ပြီး အဲ့ဒီနားမှာ ရလာတဲ့ စပါးတွေကို ပုံထားရပါတယ်။ ပန်းပွားတိုင်က တောင်ယာနတ်၊ လယ်နတ်ကို ရည်ရွယ်စိုက်ထူရတာပါ။ ကောက်သစ်စားပွဲကို ရောက်လာသူတွေကိုခေါင်ရည်၊ ကြက်သား၊ ၀က်သား၊ ထမင်းတို့နဲ့ ဧည့်ခံပြီးအရက်သေစာတော့ မသောက်ကြဘူးလို့ ပြောပါတယ်။ ခေါင်ရည် သောက်ရင်း တေးသီချင်းတွေ သီဆိုရင်းယောက်ကျားမိန်းမ ၀ိုင်းဖွဲ့ကခုန်ကြတယ်လို့ ဦးလေကျော်က ပြောပါတယ်။

“အဲ့ဒီနားမှာ ပန်းပွားတိုင် စိုက်ရမယ်။ ပန်းပွားတိုင်မှာ ကြက် အသဲအမြစ် ခေါင်းအားလုံး အဲ့ဒီမှာ တင်ရတယ်။ နတ်ကိုကိုးကွယ်တာကိုး။ ခေါင်ရည်ပါတယ်၊ ကြက်ပါတယ်၊ ၀က်ပါတယ်၊ ကျန်တာတော့မရှိဘူး။ ရိုးရာအတိုင်းအဲ့ဒီမှာကကြတော့တာပဲ။ တပီကလာလို့ ခေါ်တဲ့ မောင်းကို တဒူဒူထုရင်း ခေါင်ရည်သောက်ရင်း ကကြတာပဲ။ ပျော်ကြတာပဲ။ ပန်းပွားတိုင်နဲ့ကပ်ပြီးစပါးပုံရှိတယ်။ စပါးပုံကိုပတ်ပြီးကကြတယ်။”

ခမီ ကောက်သစ်စားပွဲမှာ အရေးပါတဲ့ အစီအစဉ်တခုကတော့ တပီကလာလို့ခေါ်တဲ့ လင်ပန်းပုံစံ ကြေးမောင်းထဲမှာ ၀က်အသည်းကို ထည့်ပြီး မဲမလို့ခေါ်တဲ့ ပွဲရဲ့ ဦးစီးဦးဆောင် ဆရာက ရှေ့ဖြစ် ဖတ်ပေးရပါတယ်။ ၀က်အသည်းရဲ့ အကြောတွေ ထင်ရှားပုံ၊ ဦးတည်ပုံကို ကြည့်ပြီးနောက်နှစ် ဘယ်သီးနှံက ဘယ်လို၊ ရာသီဥတုကဘယ်လို၊ စပါး ဘယ်လောက်ထွက်မယ်ဆိုတာ ဟောပေးရပါတယ်။

“ကျွန်တော်ပြောတဲ့ ကောက်သစ်စားပွဲတို့မှာ ၀က်ရဲ့ အသည်းကိုထုတ်ပြီးအဲ့ဒီထဲမှာချထားရတယ်။ ၀က် အသည်းကို ချထားပြီး သူက ကြည့်ရတယ်။ ခေါင်းဆောင်ဖြစ်တဲ့ မဲမကကြည့်တယ်။ ဒီလမ်းကြောင်းက ဒီလိုဖြစ်တယ်။ အဲ့ဒီအတွက် စပါးများများရမယ်။ ရာသီဥတုကောင်းမယ်။ အဲ့ဒီလို၊ အဲ့ဒီထဲမှာ ထားရတယ်။ ကောက်သစ်စားပွဲမှာ အဲ့ဒီအတိုင်းပဲ။”

ခမီတို့ကတော့ ကောက်သစ်စားပွဲလို့ ဆိုပေမယ့် ရလာတဲ့ ဆန်စပါးကိုအဲ့ဒီပွဲမှာချက်စားကြတာတော့ မဟုတ်ပါဘူး။ ရိုးရာယုံကြည်ကိုးကွယ်မှုအရ ပြုလုပ်ရမယ့် အစီအစဉ်ကိုဆောင်ရွက်တဲ့သဘောနဲ့ ပြုလုပ်ကြတာလို့ ဦးလေကျော်ကပြောပါတယ်။ ခေတ်ကာလအရ သီးနှံထွက်တဲ့အချိန်နဲ့ ရာသီဥတု အခြေအနေ ပြောင်းလဲမှုတွေကလဲ ရှိနေပါတယ်။

“အဲ့ဒီစပါးကို ငါတို့ စားလို့ရပြီဆိုတဲ့ သဘောပဲ၊ အခုမှ စပြီးစားတော့မယ်ဆိုတဲ့ သဘော။ အဲ့ဒါပြီးတာနဲ့ အဲ့ဒီစပါးကို စားကြတယ်။ အခုကတော့ အဲ့ဒီလိုမရှိတော့ဘူး။ ငတ်လာတဲ့အတွက် ကောက်လျင်ပေါ်ရင် ကောက်လျင် စားပစ်လိုက်ကြတာပဲ။ ဒါပေမယ့် သူ့အချိန်နဲ့သူပွဲတော့လုပ်ကြတယ်။ အရင်ကဆို စပါးတွေကအခုလိုဈေးမရှိဘူး။ ကိုယ့်ဟာကိုယ် စပါးကလုံလုံလောက်လောက် ရှိနေတာကိုး။ အဲ့လိုစားပြီးမှပဲ ပွဲပြီးမှပဲ စပါးကိုကျီမှာ သွင်းရတယ်။ ဖြစ်ကတတ်ဆန်းသွင်းလို့မရဘူး။ အခုခေတ်တော့ ဘယ်ရတော့မလဲ။ မိုးလေရာသီဥတုက ပြောင်းလာတော့ ရိတ်ပြီး ကျီသွင်း။ အဲ့ဒီလိုဖြစ်သွားတာ။”

တောင်ပေါ်ဒေသနေတဲ့ တိုင်းရင်းသားလူမျိုးတွေဟာ ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ထုံးစံ တူညီတာ ရှိသလို ကွဲပြားတာတွေလဲ ရှိပေမယ့် လူမျိုးအလိုက် ဓလေ့ထုံးစံတွေက ကျန်ရှိနေဦးမယ်လို့ ဦးလေကျော်က ပြောပါတယ်။

“ကျွန်တော်တို့က ယာဟင်းကိုင်ပွဲ၊ ကောက်သစ်စားပွဲကိုအလုပ်လုပ်ဖို့အတွက် အလုပ်မလုပ်ခင် ဆွေမျိုးတွေ စားသောက် ပျော်ပါးတာလို့ပဲ ကျွန်တော်ကယူဆထားတယ်။ အဲ့ဒီအမြင်ပဲသက်ရောက်နေတယ်။ လာဧည့်သည်လာ၊ စား၊ ကန့်သတ်ချက်မရှိ၊ သို့သော် သူ့စည်းကိုတော့ မကိုင်နဲ့၊ သောက်ဖို့ စားဖို့ အားလုံး လုပ်လို့ရတယ်။ စည်းမကျော်ဖို့တခုသာလိုတယ်။”

 686 total views,  1 views today