ရိုးမရေဒီယိုမဂ္ဂဇင်း ၊ နိုဝင်ဘာ ၂၉

မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ရခိုင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များကို စုစည်းပြီး ရခိုင်လုပ်ငန်းရှင်များ အသင်း ဗဟိုကို ဖွဲ့စည်း လိုက်ပါတယ်။

ရခိုင်အမျိုးသားစီးပွားရေးလုပ်ငန်းများရှင်များအနေဖြင့် ယခု လုပ်ကိုင်နေတဲ့ ပုံစံများကနေ ပိုမိုကျယ်ပြန့်တဲ့ ချိတ်ဆက်မှုများနှင့် လုပ်ငန်းများကြီးထွားလာစေဖို့ ရည်ရွယ်ကြောင်း အသင်းရဲ့ အတွင်းရေးမှူး ဒေါက်တာ အောင်ရဲဇော်က ပြောပါတယ်။

“ ရခိုင်လုပ်ငန်းရှင်များအသင်း တည်ထောင်ခြင်းဖြင့် လက်ရှိရှိနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင် လာတယ်။ နည်းပညာပေါ့။ နည်းပညာပိုင်းဆိုင်ရာမှာဆိုရင်လည်း ပိုပြီးတော့ Update ဖြစ်တဲ့ဟာတွေကို သုံးလာနိုင်တယ်။ Information ကလည်း ကျွန်တော်တို့ အချိန်နှင့် တစ်ပြေးညီသတင်းအချက်လက်တွေ ရလာနိုင်တယ်။ စီးပွားရေးကိုဖော်ဆောင်ရာမှာ ပိုပြီးတော့ အထောက် အကူဖြစ်ပါတယ်။ ပြီးလို့ရှိရင် ကျွန်တော်တို့ Supporting ပေါ့။ လုပ်ငန်းရှင် တစ်ဦးနဲ့ တစ်ဦး ချိတ်ဆက်ပြီးတော့ ပိုမို လုပ်ကိုင် လာနိုင်ပါမယ်။”

အဲဒီအသင်းကို နိုဝင်ဘာ ၁၈ ရက်နေ့က ရန်ကုန်မြို့ Myanmar ICT Park မှာ ဖွဲ့စည်းခဲ့တာပါ။

အဲဒီလို ဖွဲ့စည်းနိုင်ဖို့ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး မြန်မာတစ်နိုင်ငံလုံးမှ စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ကြားခဲ့ကာ ယခုလို ရခိုင်လုပ်ငန်းရှင်များအသင်း ဗဟိုကို ဖွဲ့စည်းခဲ့တာလည်း ဖြစ်ပါတယ်။

“ကျွန်တော်တို့ ဒီ အသင်းအဖွဲ့တိုးတက်မှုဟာကလည်း မြန်မာပြည်ရဲ့ တိုးတက်မှုလို့ ပြောလို့ရပါတယ်။ ရခိုင်လုပ်ငန်းရှင်များကလည်း မြန်မာပြည်ရဲ့ တစ်ပိုင်းတစဖြစ်တဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ GDP ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့နေရာမှာ အထောက်အပံ့ တစ်ခု ဖြစ်မယ်ပေါ့နော်။ ရခိုင်လုပ်ငန်းရှင်တွေ စီးပွားရေးတိုးတက်လို့ ရှိရင် မြန်မာနိုင်ငံတိုးတက်မှုလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။” လို့ ဒေါက်တာ အောင်ရဲဇော်က ဆက်ပြောပါတယ်။

ခုလို ဖွဲ့စည်းလိုက်တဲ့ အသင်းမှာ ရခိုင်လုပ်ငန်းရှင်များအသင်း (ဗဟို)ဥက္ကဋ္ဌ အဖြစ် ဦးကျော်သိန်းခိုင် (မန္တလေး)၊ ဒုဥက္ကဋ္ဌများအဖြစ် ဒေါက်တာ စောမြအောင် (ရန်ကုန်) ၊ ဦးခင်မောင်ကြီး (စစ်တွေ)၊ ဒုဗိုလ်မှူးကြီး အငြိမ်းစား ရဲရင့်သွေး (ပဲခူး)၊ ဦးတင်ဝင်း( ဧရာဝတီ)တို့ ဖြစ်ပြီး အထွေထွေအတွင်းရေးမှူး အဖြစ် ဒေါက်တာအောင်ရဲဇော် (ရန်ကုန်)၊ အတွင်းရေးမှူး အဖွဲ့ဝင်များအဖြစ် ဦးကြည်စိုး (ဧရာဝတီ)၊ ဦးကျော်လင်းငြိမ်း (ပဲခူး)၊ ဦးစောထင်သိန်း (မန္တလေး)၊ ဦးကျော်မင်းထွန်း (ရခိုင်) တို့ ပါဝင်နေပါတယ်။

အသင်းအနေဖြင့် ရှေ့ဆက်လုပ်ကိုင်နေချင်တဲ့ ဆန္ဒပုံစံကိုလည်း ဒေါက်တာ အောင်ရဲဇော်က ခုလို ဆက်ပြောပါတယ်။

“ လက်ရှိမှာတော့ ကျွန်တော်တို့ လုပ်ငန်း အသေးအလတ်အကြီး အားလုံး တစ်ပြိုင်တည်းတွေ့အောင်လုပ်ဖို့ လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လုပ်ငန်းအသေးနဲ့ လုပ်ငန်းအလတ်ကို လုပ်ကိုင်နေသူတွေက များပါတယ်။ သူတို့ စီးပွားဖွံ့ဖြိုးတိုးတက်အောင်၊ သူတို့ကို မိသားစု အသွင် စီးပွားရေးပုံစံလုပ်နေတာကနေ စနစ်ကျတဲ့ စီးပွားရေးအသွင်ဖြစ်လာအောင် ကျွန်တော်တို့ ကူးပြောင်းပေးရပါမယ်။”

လုပ်ငန်းငယ်များကို ပိုမိုစနစ်တကျရှိလာစေဖို့ကို ဦးစားပေးရင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရာခိုင်နှုန်းအတော်များများကို တိုးတက်အောင်လုပ်ဖို့ ရည်ရွယ်ထားတဲ့ အဲဒီ အသင်းဖွဲ့စည်းခြင်း အခမ်းအနားကိုတော့ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး နိုင်သက်လွင်၊ ရန်ကုန် တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၊ မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ အပါအ၀င် ရခိုင်စီးပွားရေး လုပ်ငန်းရှင် အများအပြား တက်ရောက်ခဲ့ကြတာကို တွေ့ရပါတယ်။

 499 total views,  1 views today