ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်က နယ်ဖက်တွေမှာ ဆေးပေးခန်းမရှိ၊ ဆရာဝန်တွေ မရှိလို့ အသက်အန္တရယ်ပိုင်းဆိုင်ရာ ထိုခိုက်မှုတွေ ကြုံနေကြရပါတယ်။

Arakan Yoma ကို ဖွင့်ဟလာကြတဲ့အထဲမှာတော့ သွားလာရခက်ခဲ့တဲ့ တောတောင်ဒေသတွေ ဖြစ်ပေမယ့် ဆေးပေးခန်းတွေ မရှိတာ၊ အစိုးရက အသေးစားတိုက်နယ်ဆေးရုံတွေ၊ ဆေးပေးခန်းတွေ ဆောက်လုပ်ပေးထားပေမယ့် ဆရာဝန် မချပေးထားတာတွေနဲ့ တာဝန်ကျ ဆရာဝန်အပြောင်းအလဲ ဖြစ်သွားပြီး အသစ်မရောက်လာသေးတာတွေ တွေ့မြင်ရပါတယ်။

မြေပုံမြို့နယ် ကြာအင်းတောင်တိုက်နယ်ဆေးရုံကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပေမယ့် တစ်နှစ်ကျော်တဲ့ ဒီအချိန်အထိ တာဝန်ကျ ဆရာဝန် တစ်ယောက်မှ ရောက်မလာခဲ့ပါဘူး။

ဆေးရုံမှာ ဆရာဝန်မရှိတဲ့အတွက် အထက်တန်း သူနာပြု ၂ ယောက်အပါအဝင် စုစုပေါင်း ကျန်းမာရေးဝန်ထမ်း ၅ ယောက်နဲ့ လည်ပတ်နေရပြီး ဒေသခံတွေကတော့ တခြားဆရာဝန်ရှိတဲ့ ဒေသကို သွားပြီးကုသနေရတယ်လို့ ကြာအင်းတောင် အုပ်ချုပ်ရေးမှုး ဦးမောင်ခင်ရွှေက ပြောပါတယ်။

အခုလို ဆရာဝန်မရှိတဲ့အတွက် အဲဒီဒေသက ကိုယ်ဝန်ဆောင်တွေအပါအဝင် အရေးပေါ်လူနာတွေမှာ ဆရာဝန်ရှိတဲ့ ဒေသတွေကို သွားပြီး ကုသမှုခံယူတဲ့အခါ လမ်းမှာအချိန်ကြန့်ကြာတဲ့အတွက် အသက်သေဆုံးမှုတွေရှိတယ်လို့ သူက ပြောပါတယ်။

“ဒေသခံတွေ ဆေးကုရတာ တော်တော်အခက်ခဲရှိတယ်။ မြို့ကိုသွားရင် စက်လှေနဲ့တခါ၊ ကားနဲ့တခါ၊ ဆိုင်ကယ်နဲ့တခါ အဲ့လို အဆင့်ဆင့်စီးသွားရတယ်။ လမ်းမှာ အသက်ဆုံးသွားတာတွေရှိတယ်။ အသက်မမီလိုက်ဘူး။ ခရီးဝေးတဲ့အခါ ငွေရေးကြေးရေး ပိုကုန်ကျတာတွေလည်းရှိပါတယ်။”လို့ အုပ်ချုပ်ရေးမှူး ပြောပါတယ်။

ဒေသခံတွေဟာ အရေးပေါ်နာမကျန်းတာတွေဖြစ်လာရင် ၂၅ မိုင်လောက်ဝေးတဲ့ မင်းပြားဆေးရုံကြီးနဲ့ ၁၈ မိုင်လောက်ဝေးတဲ့ မြေပုံဆေးရုံကြီးကို စက်လှေအတန်တန် ကားအတန်တန်စီးပြီး သွားကြရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကြာအင်းတောင်ကျေးရွာက ဦးတင်အောင်ကြီးဟာ သွေးတိုးရောဂါဖြစ်ပြီး မင်းပြားဆေးရုံကို သွားချိန် လမ်းခရီးမှာ အချိန်ကြာသွားတဲ့အတွက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဇနီးဖြစ်သူ ဒေါ်မခင်သိန်းက ဆိုပါတယ်။

“ကျွန်မယောကျ်ားက သွေးတိုးဖြစ်ပြီး ရွာကဆေးရုံမှာသွားပြတဲ့အခါ ဆရာဝန်ကြီးမရှိတော့ မင်းပြားမြို့ကို ကားနဲ့သွားရတယ်။ အဲ့ဒီမှာ အချိန်ကနှောင်းသွားတော့ အသက်ကိုမရလိုက်ဘူး။ မင်းပြားကိုရောက်တော့ တစ်နာရီခွဲလောက်ပဲနေခဲ့ရတယ်။ အသက်ဆုံးသွားပါတယ်။ ဆေးရုံမှာ ဆရာဝန်ရှိခဲ့ရင် သက်တောင့်သက်သာဖြစ်ဦးမှာ။ လူနာကိုလည်း လောလောဆယ် ဆေးကုသမှုရနိုင်မှာ။ ဆရာဝန်မရှိတော့ လူနာလည်းအဝေးကိုသွားရတော့ လွန်သွားတာပေါ့။” လို့ သူမက ဆိုပါတယ်။

ဒေသခံတွေနဲ့ အုပ်စုအုပ်ချုပ်ရေးမှူးတချို့ဟာ အဲဒီတိုက်နယ်ဆေးရုံကို ဆရာဝန်ရောက်ရှိဖို့အတွက် အထက်လူကြီးတွေဆီတင်ပြခဲ့ပေမယ့် အကြောင်းထူးမလာခဲ့ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး အဲ့ဒီတိုက်နယ်ဆေးရုံက ကျန်းမာရေးဝန်ထမ်းတချို့ကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဒါနဲ့ပတ်သက်ပြီး မဖြေကြားလိုကြောင်း ပြောပါတယ်။

မြို့နယ်ကျန်းမာရေးဦးစီးဌာနကို ဆက်သွယ်ခဲ့ပေမယ့်လည်း အဆက်သွယ်မရရှိခဲ့ပါဘူး။ အဲ့ဒီတိုက်နယ် ဆေးရုံမှာ မြေပုံမြို့နယ်က ကျေးရွာပေါင်း ၂၄ ရွာ ပါဝင်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က ဝေးလံခေါင်ဖျားပြီး သွားလာရခက်ခဲ့တဲ့ မြို့နဲ့ ခမီလူနည်းစုတွေ နေထိုင်ရာ ကျေးရွာအုပ်စုတစ်ခုမှာမှာဆိုရင်လည်း ကျေးလက်ကျန်းမာရေးဌာနခွဲ မရှိတာကြောင့် အသက်တွေ ဆုံးရှုံးနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အဆိုပါကျေးရွာအုပ်စုမှာ မြို့ရွာ၊ ဘဲငါးရာ၊ ထုံးဘူး၊ သရက်ချောင်း၊ မရစ်ချောင်းစတဲ့ကျေးရွာ ငါးရွာပါဝင်ပါတယ်။ ဒီရွာတွေဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်-လက်ဝဲစာတိုက် ကားလမ်းပေါ်မှာ တည်ရှိနေပေမယ့် ကားလမ်းမှာ ဆိုးဝါးစွာပျက်စီးနေတာမို့ သွားလာဖို့အတွက် သုံးပြုလို့မရဘူး ဖြစ်နေပါတယ်။

လမ်းပမ်းဆက်သွယ်ရေးခက်ခဲတာကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ကလေးမွေးဖို့ မြို့ပေါ်ကို တက်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဆေးရုံမရောက်ခင် လမ်းခုလတ်မှာတင် သေဆုံးသွားသလို တချို့အမျိုးသမီးတွေမှာ လည်း ကိုယ်ဝန်ပျက်ကျသွားတာတွေရှိတယ်လို့ မြို့ရွာအုပ်စုမှာ ကျန်းမာရေး ကိစ္စတွေကို ဆောင်ရွက် ပေးနေသူ ဦးစံလှဖော်က ပြောပါတယ်။

“ဆေးခန်းကို မရောက်နိုင်တဲ့အတွက်နဲ့ ၂၀၁၉ ခုနှစ်က ကိုယ်ဝန်သည်မတစ်ယောက် အသက်ဆုံးရှုံးလို့ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ မြို့ရွာကျေးရွာအုပ်စုငါးရွာမှာ ကျန်းမာရေးဌာနခွဲဆေးပေးခန်း တစ်ခုလောက်တော့ ပေးစေချင်ပါတယ်။ ကျနော်တို့လဲ ကျန်းမာရေးကိစ္စနဲ့ အခက်ခဲတွေ အလွန်တရာ ကြုံနေကြရလွန်းလို့”

အဲဒီကျေးရွာငါးရွာမှာ လူနည်းစုဖြစ်တဲ့ မြို၊ ခမီစတဲ့ အိမ်ထောင်စု ၂၇၁ စု၊ လူဦးရေ ၁၅၃၂ ဦး နေထိုင်နေကြပြီး မိရိုးဖ လာတောင်ယာလုပ်ငန်းကို လုပ်ကိုင်နေထိုင်ကြတာဖြစ်ပါတယ်။ ဒီဒေသမှာ နေထိုင်သူတွေဟာ စစ်ဘေးမရှောင်ခဲ့ကြရပေမယ့် စစ်မက်ပဋိပက္ခဇုန်ထဲမှာပါဝင်တာမို့ အရာရာ နောက်ကျ ကျန်နေခဲ့ရတာပါ။

ကိုယ်ဝန်ပျက်ကျသွားဖူးတဲ့ အဆိုပါဒေသနေ အသက်(၃၄) နှစ်အရွယ် အမျိုးသမီး ဒေါ်ယဉ်ယဉ်ထွေးကတော့ ကျေးလက်ကျန်းမာရေးဌာတစ်ခု ဖွင့်လှစ်ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။

“ဒီမှာပဲ ဆရာဝန်တွေနဲ့ မွေးချင်တာပေါ့။ ဒါပေမယ့် ရွာမှာ လက်သည်မနဲ့ပဲ မွေးရတယ်။ စိုးရိမ်ပေမယ့် ကိုယ့်မှာ သွားရလာရတာရော၊ ငွေရော အခက်ခဲရှိတော့ မြို့ပေါ်တက်မွေးဖို့ကလည်း မလွယ်ဘူး။”

ဒီကျေးရွာတွေကို အစိုးရဖက်ကလည်း ဖွံ့ဖြိုးမှုဆိုင်ရာအကူအညီတွေကို ထိထိရောက်ရောက် မပေးသလို နိုင်ငံတကာ အဖွဲ့အစည်းတွေအကူအညီပေးမှုတွေကိုလည်း ကန့်သတ်ထားတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မြောက်ဦးမြို့နယ်က တိန်ညိုတိုက်နယ်ဆေးရုံမှာဆိုရင်တော့ တာဝန်ကျဆရာဝန် ပြောင်းသွားတာ တစ်လခွဲလောက်ကြာနေပြီဖြစ်ပေမယ့် အစားထိုးဆရာဝန်သစ် ရောက်ရှိမလာသေးလို့ အရေးပေါ် လူနာတွေကို ကုသဖို့ အခက်အခဲဖြစ်နေကြရတယ်ဆိုတာပါ။

တိန်ညိုဆေးရုံကို အနီးအနားက ကျေးရွာပေါင်း ၅၄ ရွာနဲ့ စစ်ဘေးဒုက္ခသည် ၃ ထောင်ကျော်က အဓိက မှီခိုအားထားရာ ဆေးရုံတစ်ခုလည်း ဖြစ်ပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလှအောင်ကတော့ လက်ရှိမှာ အဆိုပါဆေးရုံမှာ သူနာပြုအနည်းငယ်ပဲ ရှိတာကြောင့် ဖျားနာချောင်းဆိုးအတွက်သာ ပြသနေကြရပြီး အရေးပေါ်လူနာတွေအတွက် ၁၀ မိုင်လောက်ဝေးတဲ့ မြောက်ဦးဆေးရုံကို သွားနေရတယ်လို့ ပြောပါတယ်။

“အဓိကတော့ တိန်ညိုတိုက်နယ်မှာရှိတဲ့ ကျေးရွာပေါင်း ၅၄ ရွာက လူတွေဟာ ကျန်းမာရေးနဲ့ ပတ်သတ်လာရင် တိန်ညိုဆေးရုံကိုပဲ အားကိုးနေရတာလေ။ အခု ဆရာဝန်လည်း မရှိတော့ ကျေးလက်နေ ပြည်သူတွေအတွက် အခက်ခဲတွေ အများကြီးဖြစ်နေတယ်။ မြောက်ဦးထိသွားပြီး ဆေးကုသမှု ခံယူရတာတွေ၊ မလိုလားဘဲ ငွေကုန်ကျတာတွေ၊ မလိုလားဘဲ အသက်ဆုံးရှုံးမှုတွေ ကြုံနေကြရတာတွေ ရှိတယ်။”

လက်ရှိ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို စစ်တပ်က အာဏာသိမ်းထားပြီး မငြိမ်သက်မှုတွေဖြစ်နေချိန် ရခိုင်ပြည်နယ်အတွင်း AA က ပြည်နယ်တည်ဆောက်ရေးကိစ္စတွေကို ဆောင်ရွက်လာနေတဲ့ စပ်ကြားမှာ အာဏာရနဲ့ တည်ဆောက်ရေးဆောင်ရွက်နေသူတို့ကြား လုပ်ဆောင်ရွက်မှုတွေ ကြံ့ကြာနေပုံရပါတယ်။

 742 total views,  1 views today