ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း


ကျွန်တော် ကွမ်းသီးတောကို ရောက်ဖူးတာ သုံးခါမက ရှိပါပြီ။ ပြီးခဲ့တဲ့ သင်္ကြန်မှာတစ်ခါ၊ သည်သီတင်းကျွတ်က တစ်ခါနဲ့ စတိုရီရိုက်ဖို့ အင်တာဗျူးတစ်ကြိမ်ပေါ့။ တကယ်တော့ ကျွန်တော် ဒီကွမ်းသီးတောကို စရောက်ဖူး တည်းက ကျွန်တော့်ကို အလည်အပတ်ခေါ်တဲ့ သူငယ်ချင်းမိသားစုကပြောပြလို့ စတိုရီလုပ်ချင်ခဲ့တာပါ။


ပထမအကြိမ်ဟာ ကွမ်းသီးထွက်ချိန် မဟုတ်လို့ မလုပ်ဖြစ်ခဲ့သလို ဒုတိယတစ်ကြိမ်မှာလည်း သူငယ်ချင်းတွေနဲ့ အလည်အပတ်ခရီးပဲ သွားခဲ့တာမို့ အခွင့်မကြုံခဲ့ပါဘူး။ ဒါကြောင့် ပထမအကြိမ်တည်းက စတိုရီလုပ်ဖို့ အာသီသ ရှိနေခဲ့တဲ့ ကျွန်တော် တတိယတစ်ခေါက်မှာတော့ မဖြစ်မနေသွားရောက်ပြီး လုပ်ဖြစ်ခဲ့ပါတယ်။


ကွမ်းသီးတောဆိုတာ ရခိုင်ပြည်နယ် မြောက်ဦးနဲ့ မင်းပြားမြို့နယ်အစပ်က ကျေးရွာတွေကို ခေါ်တာပါ။ ကျွန်တော် ရောက်ခဲ့တာကတော့ လက်သန်းချီဆိုတဲ့ ရွာလေးပါ။ ဒီရွာကို မြောက်ဦးကနေ တဆင့်သွားရပြီး မြောင်းဘွေကျေးရွာတံတားလွန်တာနဲ့ ညာဖက်ကို ချိုး၊ မြေသားလမ်းပေါ်မှာ ကျောက်စရစ်ခဲငယ်လေးတွေ ခင်းထားတဲ့ လမ်းအတိုင်း သွားလိုက်ရင် ရောက်ပါတယ်။


ဒီကျေးရွာဖက်ကို ဆင်းလိုက်ပြီဆိုတာနဲ့ ကွမ်းသီးပင်တွေ အုပ်ဆိုင်းနေတဲ့ တောတန်းကလေးတွေ တွေ့ရမှာ ဖြစ်ပြီး ရွာမဝင်ခင် ကွမ်းသီးပင်တွေနဲ့ လုပ်ထားတဲ့ ကိုယ်ထူကိုယ်ထ တံတားငယ်လေးကနေ ဖြတ်ကူးလိုက်ရင် လက်သန်းချီရွာက နွေးထွေးစွာကြိုဆိုကြောင်း ရခိုင်အသံထွက်နဲ့ ရေးထားတဲ့ ဆိုင်းဘုတ်ငယ်လေးတစ်ခု ပြထားပါလိမ့်မယ်။


ရွာထဲကို ဝင်ပြီဆိုလို့ရှိရင် နေအိမ်ရှေ့တိုင်းလိုလိုမှာ ကွမ်းသီးလှမ်းစင်တစ်ခုစီရှိနေပြီး အိမ်အများစုကိုလည်း ကွမ်းသီးပင်တွေနဲ့ပဲ ပြုလုပ်ထားတာ ထူးခြားစွာ မြင်တွေ့ကြရပါလိမ့်မယ်။ ဒီရွာက မိသားစုတိုင်းလိုလို ကွမ်းသီးစိုက်ခင်းလုပ်ငန်းလုပ်ကိုင်ကြပြီး ငွေကြေးချို့တဲ့သူကတော့ စိုက်ခင်းပိုင်ရှင်တွေဆီမှာ အလုပ်သမား အဖြစ် ဝင်ရောက်လုပ်ကိုင်ကြပါတယ်။


ရွာကနေတဆင့် ကွမ်းသီးစိုက်ခင်းကို သွားမယ်ဆိုရင် လက်လှော်လှေငယ်လေးနဲ့ ထပ်ဆင့်စီးသွားရပြီး သွားမယ့် နေရာရောက်ရင် လှေကိုချည်ထားခဲ့၊ ကုန်းပေါ်တက်လိုက်ရင် အစိမ်းရောင်၊ အမှည့်ရောင်တွေ ပြွတ်ခိုင်သီးနေတဲ့ သိန်းပေါင်းများစွာသော ကွမ်းသီးပင်တွေကို တွေ့ရပါပြီ။
စိုက်ခင်းတစ်ခုစီမှာတော့ ယာယီတဲအိမ်လေးတွေ ကိုယ်စီဆောက်လုပ်ထားကြပါတယ်။ ခဏကြာ လမ်းလျှောက်လို့ အပြီးမှာတော့ ၆ စက္ကန့်လောက်ကို ကွမ်းသီးတစ်လုံးနှုန်းအခွံခွာနိုင်ကြတဲ့ ဒေသခံ အမျိုးသမီး တစ်အုပ်ကို မြင်တွေ့ရပါတော့တယ်။


ဒီထဲက အမျိုးသမီးတစ်ဦးကို မေးကြည့်တော့ “အိမ်ကနေ မနက် ၄ နာရီလောက်ကနေ လာရပါတယ်။ ညပိုင်း ၆ နာရီလောက်အထိ လုပ်ရတယ်။ ကျွန်မတို့က ကွမ်းသီးသီးချိန်ဆိုရင် ကွမ်းသီးခွဲစားရပါတယ်။ ဟင်းခင်းပွဲရင် အလုပ်မရှိတော့ဘူး။ တစ်နေ့ကို ကွမ်းသီး ၅ ထောင်၊ ၆ ထောင်စီခွဲကြတယ်။ အမကတော့ ၆ ထောင်စီခွဲပါတယ်။ (ပိုက်ဆံ) ၉ ထောင်ရပါတယ်။ ဓါးရှမှာစိုးလို့ လက်မှာ အပတ်ပတ်ပြီး ခွဲတာ။ တစ်ခါတစ်လေ လက်ပြတ်တယ်။ ထမင်းကို ဆွဲချိုင့်လေးနဲ့ သယ်လာပြီး စားတယ်”လို့ ပြောပြပါတယ်။


ဇီးဇာကျွမ်းလို့ ဒေသက ခေါ်ဝေါ်တဲ့ အဆိုပါ ကွမ်းသီးအခွာနွှာလုပ်ငန်းကို အသက် (၁၄) နှစ်လောက်ကနေ (၆၀) ကျော်အရွယ်အထိရှိတဲ့ အမျိုးသမီးတွေက လုပ်ကိုင်ကြပြီး ကွမ်းသီးပေါ်ရာသီချိန်အတွင်း တစ်နေ့ကို ကွမ်းသီး အလုံးရေ ၅ ထောင်ကနေ ၁ သောင်းလောက်ထိ အခွံခွှာနိုင်ကြကာ တစ်နေ့ကိုတော့ ဝင်ငွေတစ်သာင်းဝန်းကျင် လောက်ထိ ရရှိကြပါတယ်။


အခွံနွှာတာကို အမျိုးသမီးတွေက လုပ်ကိုင်ကြသလို ကွမ်းသီးပင်တက်ပြီး ခူးဆွတ်တာ၊ အခွံနွှာမယ့်နေရာအထိ ထမ်းသယ်တာ၊ နေလှမ်းတာ၊ ရွာကိုရောက်တဲ့အထိ လှေနဲ့ ပြောင်းယူလာတာ စတဲ့ကဏ္ဍတွေကိုတော့ အမျိုးသားတွေကပဲ တာဝန်ယူကြရပါတယ်။


ကွမ်းသီးပင်တက်တဲ့ လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုတဲ့ အသက် (၄၅) နှစ်အရွယ် ဦးမောင်ညွှန့်တင်က ကျွန်တော်ရောက်သွားချိန်မှာတော့ ၆ ပေကနေ ၈ ပေလောက်ထိစီလှမ်းတဲ့ ကွမ်းသီးပင်တစ်ပင်နဲ့ တစ်ပင်ကို လှမ်းကူးပြီး အသင့်ယူဆောင်သွားတဲ့ ဝါးမျှားချိတ်နဲ့ ကွမ်းသီးခူးဆွတ်နှင့် နေပါပြီ။


နဖူးပေါ်မှာ သီးနေတဲ့ ချွဲလုံးကို လက်နဲ့ တချက်သိုက်လိုက်ရင်းနဲ့ ဦးမောင်ညွှန့်တင်က “ကွမ်းသီးပင်တက်ပါတယ်။ သူများဆီမှာ တက်တာပါ။ ကိုယ့်စိုက်ခင်း မဟုတ်ပါဘူး။ တစ်နေ့တက်ရင် ငွေ ၂ သောင်းခွဲလောက်ရတယ်။ ဝါးတစ်ရာကျော်၊ နှစ်ရာနီးပါးလောက်က အပင်တွေကို တက်ပေးရတယ်။ ပင်တက်ဖို့အတွက် ဘာမှတော့ ထွေထွေထူးထူး မလိုဘူးပေါ့။ ထူးနဲ့ ချိတ်နဲ့ ပါရင်ရပြီ။ အသက် (၂၃) နှစ် လောက်တည်းက တက်လာတာ။ ကွမ်းသီးပင်တက်တာက အခက်ခဲတော့ ရှိတာပေါ့။ အပင်ပေါ်က ပြုတ်ကျရင် သေမှာပေါ့။ သတိထားရတယ်။ တခါမှတော့ ဒီလို မကြုံဖူးသေးဘူး။ သူများတွေ တက်တုန်း အပင်ကျိုးတာ မြင်ဖူးတယ်။ ကွမ်းသီးပင် တစ်ပင်ကနေ တစ်ပင်ကူးမယ်ဆိုရင် အပင်ခြေရင်းကို လှုပ်ကြည့်ရတယ်။ အပင်ခြေရင်းက ထွန့်တယ်ဆိုရင် ကူးလို့မရဘူး။ အဲဒီအပင် ကျိုးလိမ့်မယ်။ ဆယ်ပင်လည်း ကူးလို့ရတယ်။ အပင်နှစ်ဆယ်လည်း ကူးလို့ရတယ်။ အပင်ပေါ်မှာ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်တော့ ခံနိုင်တယ်။”လို့ ဆိုပါတယ်။


ကွမ်းသီးပင်တွေကို မိုးဦးပိုင်းမှာ စိုက်ပျိုးလေ့ရှိကြပြီး ကွမ်းသီးပင်မစိုက်ခင်မှာတော့ အပင်မြေသြဇာအတွက် ကသစ်ကို အကူအပင်နဲ့ စိုက်ပျိုးကြရကာ ရေသွင်းမြောင်းဖောက်တာ၊ ကွမ်းသီးခင်းမှာ ပေါက်ရောက်လာတဲ့ တောကို ခုပ်ထွင်ရှင်းလင်းတာ၊ ကွမ်းသီးထွက်လာရင် ကွမ်းသီးခြံမှာ စောင့်ဆိုင်းတာတွေနဲ့ တစ်နှစ်တာ ကာလပတ်လုံး မအားမလပ် အလုပ်ရှုပ်တတ်ကြပါတယ်။


ကွမ်းသီးပင်တွေမှာ နှစ်စဉ် ဆယ်လပိုင်းလောက်ကနေ စတင်အဖူးပွင့်တော့ပြီး မိုးလယ်ကနေ ဆောင်းဦးဝင်စအထိ ၄ လောက် ကွမ်းသီးတွေ ခူးဆွတ်ကြရပါတယ်။ ဆွတ်ခူးပြီးပြီးချင်း အစိမ်းလိုက် ရောင်းသူတွေရှိသလို နေလှမ်းပြီးမှ ရောင်းချသူတွေလည်း ရှိပါတယ်။


ကွမ်းသီးပင်တစ်ပင်ကြီးပြင်ဖို့အတွက် ၇ နှစ်ကနေ ၁၀ နှစ်လောက်ထိ စောင့်ဆိုင်းကြရပြီး တစ်နှစ်ကို အပင်တစ်ပင်ကနေ ကွမ်းသီး အလုံးရေ ၄၀၀၊ ၅၀၀ လောက်အထိသီးကြောင်း စိုက်ခင်းလုပ်ငန်းရှင်တွေက တွက်ချက်ထားကြပါတယ်။ စိုက်ခင်းတစ်ဧကစီမှာ အပင်ပေါင်း ၆၀၀ လောက်ထိ စိုက်ပျိုးကြပြီး တစ်ဧကကနေ နှစ်စဉ်အထွက်နှုန်း ပိဿချိန်ပေါင်း ၆၅၀ လောက်ထိထွက်ရှိတယ်လို့ ဆိုကြပါတယ်။


“ကွမ်းသီးခင်းတွေဟာ အစကတော့ လယ်ပြင်တွေပေါ့။ လယ်ပြင်တွေကို ကွမ်းသီးခြံစိုက်ဖို့အတွက် မြောင်းဖောက်ပေးရတယ်။ ရေဆင်းဖို့၊ ရေဝင်ဖို့အတွက်။ ပြီးရင် ကသစ်ပင်စိုက်တယ်။ ၅ ထောင်မှာ တစ်ပင်စိုက်တာပေါ့။ တစ်ဧကဆိုရင် တစ်ဧကကို အပြီးစိုက်လိုက်တယ်။ ပြီးတာနဲ့ တစ်နှစ်လောက်စောင့်ရတယ်။ ကသစ်တွေက ရှင်သွားဖို့လိုတယ်။ အရိပ်ရဖို့လိုတယ်။ တစ်နှစ်ပြည့်လို့ မိုးသီးပေါက်နည်းနည်းကျတာနဲ့ ကွမ်းသီးပင်လေးတွေကို နှုတ်စိုက်မယ်။”လို့ စိုက်ခင်းတွေကို လိုက်လံပြသပေးတဲ့ လက်သန်းချီဒေသခံ ဦးကျော်ဇံကတော့ Arakan Yoma ကို ရှင်းပြပါတယ်။


ဒီကနှစ်မှာတော့ ကွမ်းသီးအထွက်နှုန်းမှန်နေသလို ဈေးကောင်းနေတဲ့အတွက်လည်း စိုက်ခင်းလုပ်ကိုင်သူတွေ အနေနဲ့ အဆင်ပြေမယ်လို့ မျှော်လင့်နေကြပါတယ်။ ယခင်နှစ်တွေမှာ ကွမ်းသီးတစ်မောင်းကို ၈ သောင်းကနေ တစ်သိန်းလောက်ထိသာရရှိခဲ့ပေမယ့် ဒီကနှစ်မှာတော့ ကွမ်းသီးပေါက်ဈေးဟာ ၁ သိန်း ၅ သောင်းနဲ့ အထက်မှာ ရှိနေတာလည်း ဖြစ်ပါတယ်။


“ကြာပြီလို့ဆိုရမှာပေါ့။ မိဘလက်ထက်ကတည်းက ထိန်းသိမ်းလုပ်ကိုင်လာတာ။ အဲလောက်ထိလည်း မဟုတ်ပါဘူး။ ၂ ဧကလောက်ကျန်ခဲ့တာပါ။ ကလေးဘဝတည်းက လုပ်ကိုင်လာခဲ့တာ ဒီနေ့ထိပေါ့။ ဒီနှစ်တော့ ကွမ်းသီးဈေးကောင်းနေတယ်။ လက်ရှိ တစ်မောင်းကို ၁၅၅၀၀၀ လောက်ရတယ်ပြောတယ်။ ရောင်းတော့ မရောင်းဖြစ်သေးဘူး။ ဒီနှစ်မှာ ကွမ်းသီးအထွက်နှုန်းလည်း မှန်မယ်။ ဈေးကလည်း ကောင်းတယ်ဆိုတော့ အရင်က ဒီလောက်ထိ တစ်ခါမှ မဖြစ်ဖူးဘူး။ အဆင်ပြေမယ်လို့တော့ ထင်တယ်။”လို့ စိုက်ခင်းပိုင်ရှင် ဦးစံညွှန့်က ပြောပါတယ်။


ကွမ်းသီးစိုက်ခင်းတွေမှာ ကွမ်းသီးအပြင် အလည်ကျပေါက်ရောက်တတ်တဲ့ စားပင်ဟင်းတွေလည်း ရရှိတတ်ကြသလို အထွက်နှုန်း မရှိသလောက် နည်းပါးသွားတဲ့ အပင်တွေကို ခုတ်လှဲလိုက်ပြီဆိုရင်လည်း နေအိမ်တွေမှာ တိုင်အဖြစ်သော်လည်းကောင်း၊ ကြမ်းခင်းအဖြစ်သော်လည်းကောင်း အသုံးပြုကြပြီး ကွမ်းသီးပတ်ကိုလည်း ဆေးလိပ်ပတ်အဖြစ်အသုံးပြုဖို့အတွက် ပြန်လည်ရောင်းချလို့ ရရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။


ဒီကျေးရွာတွေမှာ လမ်းပမ်းဆက်သွယ်ရေးရော၊ လျှပ်စစ်ရရှိမှုအပိုင်းမှာရော၊ အင်တာနက်နဲ့ မိုဘိုင်းအင်တာနက် ရရှိမှုေရော မရှိသလောက် နည်းပါးနေသေးတာကြောင့် ကွမ်းသီးစိုက်ခင်းလုပ်ငန်းပြီးရင် အလုပ်အကိုင် မရှိကြတော့ပါဘူး။ ဒါကြောင့် ရပ်ရွာတိုးတက်ကောင်းမွန်လာရေး ဆောင်ရွက်ပေးကြဖို့လည်း တာဝန်ရှိသူတွေဆီ Arakan Yoma က တဆင့် တောင်းဆိုကြပါတယ်။


“လမ်းမကောင်းတဲ့အတွက် လူတွေက အရမ်းပင်ပန်းကြတယ်။ အိမ်ကို လိုသလောက်ပစ္စည်းကို သယ်လို့မရဘူး။ အခုဆိုရင် ကျနော် အိမ်ဆောက်ချင်နေတယ်။ တံတားရှိတယ်။ လမ်းပေါက်တယ်ဆိုရင် ကားနဲ့ တိုက်ရိုက်ဝင်လု့ိရတယ်။ အခုကျတော့ လှေမပါရင် ဘယ်မှသွားလို့မရဘူး။

တံတားကို ရွာသားတွေအတိုင်းအတာနဲ့ မနှစ်က လုပ်ကြတယ်။ သိန်းလေးငါးရာလောက် ကုန်ကျသွားတယ်။ ဒါပေမယ့် အပြီးအစီးကို ရောက်မသွားဘူး။ အခု ကလေးတွေ ကွန်းသီးပင်တွေနဲ့ ယာယီတံတားလေး ဆောက်ထားရတယ်။ ဟိုလေးငါးရက်ကတောင် အသစ်ပြန်မွမ်းမံထားရတယ်။ ရွာကကလေးတွေ။ ဆိုင်ကယ်နဲ့ သွားကြတော့ အန္တရာယ် များတယ်လေ။ ပြုတ်ကျရင် သေကြမှာစိုးလို့။ ဒါတွေက အခက်ခဲတွေပဲ။ တံတားလေးတစ်ခုနဲ့ မီးတစ်ခု ရရှိစေချင်တယ်။” ဦးကျော်ဇံက ပြောပါတယ်။


ရခိုင်စစ်ပွဲကာလအတွင်းမှာလည်း ကွမ်းသီးစိုက်ခင်းတွေဖက်မှာ တိုက်ပွဲဖြစ်တာ မရှိခဲ့ပေမယ့် လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကွမ်းသီးပင်တွေ ပျက်စီးဆုံးရှုံးလိုက်ရသူတွေလည်း လက်သန်းချီရွာမှာ ရှိနေပါတယ်။

 494 total views,  1 views today