ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်သွယ်တယ်ဆိုပြီး စစ်ကောင်စီဖက်က ဖမ်းဆီးထားသူ ရခိုင်ပြည်နယ်မှာ ၆ ဦးအထိရှိလာပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်က ၅ ဦးပါဝင်ပြီး ကျန်တဲ့ တစ်ယောက်က တော့ မြောက်ဦးမြို့နယ်က ဖြစ်ပြီး အမျိုးသမီးသုံးဦးနဲ့ အမျိုးသားသုံးဦးပါဝင်ပါတယ်။

ရခိုင့်ဦးဆောင်ပါတီဝင် ဦးစိန်ချစ်၊ လူငယ်စာရေးဆရာ ကိုမင်းဒီပါ၊ အသက် (၂၄) နှစ်အရွယ် သံတွဲမြို့ခံ ကိုရဲနိုင်ဦးတို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ဖမ်းဆီးခဲ့တာပါ။

ဆယ်တန်းကျောင်းသူ မသိမ့်အေးချမ်း၊ အသက် (၂၈) နှစ်အရွယ် မတင်စန္ဒာဝင်း၊ အသက် (၃၅) နှစ်အရွယ် ဒေါ်ငြိမ်းအိဖြိုးကျော်တို့ကိုတော့ နိုဝင်ဘာလ ၃ ရက်နေ့ကပဲ ရဲတပ်ဖွဲ့က နေအိမ်ကနေလာရောက် ဖမ်းဆီး သွားတာ ဖြစ်ပါတယ်။

လက်ရှိ ဖမ်းဆီးထားသူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က)၊ ၅၀ (ည)၊ ၅၀ (စ)၊ ၅၂ (ည) စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားရပြီး သက်ဆိုင်ရာမြို့နယ်ရဲအချုပ်တွေမှာ ထိန်းသိမ်းခံထားကြရပါတယ်။

ဒါပေမယ့် အသက် (၁၇) နှစ်အရွယ် ဆယ်တန်းကျောင်းသူ မသိမ့်အေးချမ်းကိုတော့ အသက်မပြည့်သေးလို့ ဆိုပြီး အမှုဖွင့်တာ မရှိသေးပဲ ရဲစခန်းမှာပဲ ထိန်းသိမ်းစစ်ဆေးခံနေရတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံဒေသခံတွေထဲက တချို့ကို စစ်အရာရှိတွေက တရားလိုလုပ်ပြီး စွဲဆိုထားတာဖြစ်သလို တချို့ကိုလည်း ရဲတပ်ဖွဲ့ဝင်တွေက စွဲဆိုထားတာ တွေ့ရပါတယ်။

စစ်ကောင်စီကတော့ အခု ဖမ်းဆီးခံထားရသူတွေဟာ PDF ကို ငွေလွှဲတာ၊ ပြည်မက PDF တွေနဲ့ ဆက်သွယ်တာတွေ ရှိတယ်ဆိုပြီး ပြောထားပေမယ့် မိသားစုဝင်တွေကတော့ ဒီအပေါ် ငြင်းဆိုကြပါတယ်။

စစ်အာဏာသိမ်းပြီးကာစက သံတွဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဖွဲ့စည်းကောင်း စာတစ်စောင် ထွက်ခဲ့ဖူးပေမယ့် မြို့ခံတွေကတော့ ထုတ်ပြန်ချက်မှာ အတုဖြစ်တယ်ဆိုပြီး ပြောဆိုခဲ့ကြပါတယ်။

ရခိုင့်ဦးဆောင်ပါတီဝင် ဦးစိန်ချစ်ကို မအူပင်မှာ ဖမ်းမိတဲ့ PDF တပ်ဖွဲ့ဝင်တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးခဲ့တာဖြစ်ပြီး သူနဲ့လူမှုရေးလုပ်ငန်းတွေအတူ လုပ်ကိုင်နေတဲ့ တက်ကြွလှုပ်ရှားသူ ကိုရဲနိုင်ဦးလည်း မကြာခင်မှာပဲ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

 305 total views,  1 views today