ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဆက်ဆံရေးတင်းမာနေခဲ့တဲ့ လူမျိုးစုနှစ်ခုကြား ပြန်လည်သဟဇာတကျလာရေး လိုလားသူနှစ်ဦး ပေါင်းစည်းမိချိန်မှာ ငြိမ်းချမ်းရေး စာသင်ဝိုင်းငယ်လေးတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။

ဒါကတော့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးဆောင်ရွက်နေတဲ့ စစ်ဘေးရှောင်စခန်းက ကျောင်းသားတွေကို အစ္စလာမ်ဘာသာဝင် စာရေးဆရာတစ်ဦးက လာရောက်ပြီး အမခဲ့ ပညာဒါန ပြုလုပ်နေခြင်းပါ။

ဒီအစီစဉ်ကို ဆောင်ရွက်နေတဲ့ထဲက မွတ်ဆလင်စာရေးဆရာကတော့ ရခိုင်ပြည်နယ်မှာ မွေးဖွားကြီးပြင်းခဲ့ကာ ရန်ကုန်မြို့မှာ ရွှေ့ပြောင်းဒုက္ခသည်အဖြစ် နေထိုင်နေတဲ့ ဘာသာပြန်စာရေးဆရာ ဦးအောင်ခင်ဖြစ်ပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကတော့ ရခိုင်ပြည်နယ်အတွင်းက ပရဟိတနဲ့ စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူ မြန်တန်ဆောင်း ဆရာတော် ဦးနန္ဒသာရပါ။

ဒီအစီစဉ်ကို လက်ခံဆောင်ရွက်နေတဲ့ မွတ်ဆလင်စာရေးဆရာ ဦးအောင်ခင်က သူလက်ခံံဆောင်ရွက် ဖြစ်တဲ့အကြောင်း Arakan Yoma ကို ခုလို ပြောပြပါတယ်။

“၂၀၁၂ ရခိုင်ပြဿနာလို့ ဆိုရင်ဆို၊ ပဋိပက္ခလို့ပြောရင်ပြော အဲဒီပဋိပက္ခဖြစ်ကတည်းက ကျနော့် အိမ်ရှင်၊ ကျွန်တော်နဲ့ ကျွန်တော့်သား သုံးယောက်က အဲဒီပြဿနာသည် ရခိုင်လူမျိုးနဲ့ မွတ်ဆလင်ကြားမှာ ဖြစ်တယ်မဟုတ်ဘူး ဆိုပြီး တစ်ကိုယ်တော် လုပ်လာရင်း ရခိုင်ပြည်ကို ရခိုင့်တပ်တော် ရောက်လာတဲ့နောက်ပိုင်းမှာ ရခိုင့်တပ်တော်ကလည်း ရခိုင်ဒေသမှာရှိတဲ့ လူမျိုးအားလုံးကို တန်းတူရည်တူ ဆက်ဆံမယ်ဆိုတဲ့ စကားကို အားရပြီးတော့ ကျွန်တော်လည်း ရခိုင်ဒေသမှာ ပြန်အခြေချနေထိုင်ပြီး လူမျိုးစုနှစ်ခုကြားမှာ အတတ်နိုင်ဆုံး လုပ်ပေးမယ်လို့ ရှာနေတုန်းမှာပဲ ဆရာတော်နဲ့ လိုင်းပေါ်မှာ အဆက်သွယ်ရတယ်။”

ရခိုင်ပြည်နယ်မှာ လူမျိုးမတူ၊ ဘာသာမတူတဲ့ အသိုက်အဝန်းနှစ်ခုကြား ပြန်လည်ကာ သဟဇာတကျလာရေးအတွက် ရည်ရွယ်ပြီး တတ်ထားတဲ့ ပညာရပ်တွေကို အပြန်အလှန် မျှဝေ ပညာသင်ကြားပေးတဲ့ အစီစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ ဦးအောင်ခင်က “ဆရာတော်က ဆရာကြီး ကျောင်းမှာ အင်္ဂလိပ်စာ 4 skills ပြဖို့အတွက် ဆရာတစ်ယောက်လိုနေတယ်။ ဆရာလာနိုင်မလားဆိုတော့ တပည့်တော်က လာချင်နေတာကြာပါပြီ။ တပည့်တော်လာခဲ့ပါမယ့်ဆိုပြီး အခု ၂၀၂၁ စက်တင်ဘာ ၂၃ ရက်နေ့က မြောက်ဦးကို သွားပြီး ဆရာတော်ကျောင်းမှာ နေပြီးတော့ ကျောင်းသားတွေကို စာပြမယ့်ကိစ္စ ဖြစ်သွားတာပါ။”လို့ ပြောပါတယ်။

ပြည်နယ်တစ်ခုတည်းမှာ နေထိုင်ကြပေမယ့် လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ လှုံ့ဆော်မှုတွေ ရှိနေခဲ့တဲ့အတွက် ဆယ်စုနှစ်တစ်ခုကြာ ဆက်ဆံရေး တင်းမာနေခဲ့ကြတဲ့ ဗုဒ္ဓဘာသာကိုးကွယ်သူ ရခိုင်လူမျိုးများနှင့် အစ္စလမ်ဘာသာဝင် မွတ်ဆလင် အသိုင်းအဝိုင်းနှစ်ခုကြား ကောင်းမွန်လာတဲ့ အနေအထားလို့လည်း တချို့က ဒီအပေါ် မှတ်ချက်ပြုနေကြပါတယ်။

ကနဦး ချစ်ကြည်ရေးအနေနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးဆောင်နေတဲ့ စစ်ဘေးရှောင်စခန်းက တက္ကသိုလ်ဝင်တန်း ဒုက္ခသည် ကျောင်းသားတွေကို အဆိုပါ မွတ်ဆလင်စာရေးဆရာက အင်္ဂလိပ်စာအခမဲ့ သင်ကြားနေပြီး အပြန်အလှန်အနေနဲ့ မွတ်ဆလင်ကျေးရွာတစ်ခုမှာလည်း ကျောင်းဆောင်တစ်ခု တည်ဆောက်ကာ ထိုနည်းလည်းကောင်း သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

မွတ်ဆလင်ဆရာက သင်ကြားနေတဲ့ အခမဲ့သင်တန်းထဲ မြောက်ဦးမြို့ပေါ် မြတန်ဆောင်းစစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်းမှာ နေထိုင်တဲ့ တက္ကသိုလ်ဝင်တန်းတက်နေဆဲနှင့် အောင်မြင်ပြီး ဒုက္ခသည်ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးရှိပြီး မင်းပြားမြို့နယ်က ဆတ်ကျားမွတ်ဆလင်ကျေးရွာမှ မွတ်ဆလင်ကျောင်းသား ၃၀ ကျော် အတွက်တော့ စီစဉ်နေဆဲပဲ ဖြစ်ပါတယ်။

ရခိုင်ကျောင်းသားတွေကို အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြောနှင့် ဘာသာပြန်စာပေများကို သင်ကြားနေတာ ဖြစ်ပြီး မွတ်ဆလင်ကျောင်းသားတွေကိုတော့ အင်္ဂလိပ်စာအပါအဝင် ရခိုင်ဘာသာစကားကိုလည်း နားလည်နိုင်ဖို့ သင်ပေးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရက “အဓိကအကြောင်းအရင်းကတော့ တပ်တော် စစ်ဦးစီးချုပ်ကလည်း ပြောပါတယ်။ ရခိုင်ပြည်ထဲမှာ လူမျိုးမတူ၊ ဘာသာမတူ၊ အသားအရောင်မတူတာတွေကို လက်ခံတယ်။ အားလုံးကို တန်းတူ ဆက်ဆံမယ်။ ပူးပေါင်းပါဝင်နိုင်အောင်လုပ်သွားမယ်ဆိုပြီးတော့ ပြောထားတာလည်း ရှိပါတယ်။ ဒီနေရာမှာ ကိုယ်တော်တို့ ရခိုင်တွေဖက်ကနေပြီးတော့ သဘောထားမတူသူတွေလည်း ရှိနိုင်တယ်။ သို့သော် စဉ်းစားရမှာက ရန်ဖြစ်နေကြမလား။ သို့တည်းမဟုတ် သင့်သင့်မြတ်မြတ်နေကြမလား။ နှစ်ခုထဲက တစ်ခုကို ရွေးကြရမယ့် အချိန်ရောက်နေပြီလို့ ကိုယ်တော်က မြင်တယ်။ တပ်တော်ဖက်ကလည်း ဒီအတိုင်းပဲ မြင်တယ်လို့ ထင်တယ်။”လို့ မိန့်ကြားပါတယ်။

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေရပ်တန့်သွားပြီးနောက် ရခိုင့်တပ်တော်ဖက်က ပြည်နယ်အတွင်း နေထိုင်ကြတဲ့ လူမျိုးစုအားလုံးကို တန်းတူရည်တူဆက်ဆံမှာဖြစ်ကြောင်း ပြောဆိုထားပြီး မွတ်ဆလင်အသိုင်းအဝိုင်းကိုလည်း တပ်ယန္တရားတွေမှာ ထည့်သွင်းထားပါတယ်။

အဆိုပါ ပညာဒါနအစီစဉ်ကို ပြုလုပ်နေကြတဲ့ အသိုင်းအဝန်းနှစ်ခုစလုံးက ပါဝင်သူတွေကလည်း ရခိုင့်တပ်တော်က ပြောကြားပြီးဖြစ်တဲ့ သဘောထားညွှန်ကြားမှုကနေ စီးဆင်းလာတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ အတိအလင်း ထုတ်ဖော်ပြောဆိုကြပါတယ်။

“ကိုယ်တော်တို့ ၂၀၁၂၊ ၂၀၁၆၊ ၂၀၁၇ အတွေ့အကြုံတွေက ပြောခဲ့ပြီးပြီ။ ဒီနေ့ဒီအချိန်မှာ နိုင်ငံရေးအပြောင်းအလဲတစ်ခုကို သွားနေကြတယ်။ ဒီကာလမှာ အဲဒီပုံစံမျိုးဖြစ်ရင်ကော သင့်တော်မလား။ ကိုယ်တော်မြင်တာကတော့ ကိုယ်တော်တို့ ရန်ဖြစ်ပြနေတာထက် ချစ်ပြနေတာက ပိုကောင်းဖို့ထင်တယ်။ ဒါကြောင့် မွတ်ဆလင်နဲ့ ရခိုင်အသိုင်းအဝိုင်းကြားမှာ ပိုပြီးတော့ Harmony ဖြစ်ဖို့၊ သဟဇာဖြစ်ဖို့အတွက် မွတ်ဆလင်ဆရာတစ်ယောက်ကို ခေါ်ပြီး ရခိုင်ကလေးတွေကို ပညာသင်ခိုင်းတာဖြစ်ပါတယ်။ ဒါက အဓိက ရည်ရွယ်ချက်ပါ။”လို့ မြတန်ဆောင်း ဆရာတော်က မိန့်ပါတယ်။

၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အဆိုပါ လူမျိုးစုနှစ်ခုကြား တင်းမာခဲ့မှု ပဋိပက္ခတွေကြောင့် အဲဒီအချိန်က အာဏာရ စစ်တပိုင်း ပြည်ခိုင်ဖြိုး (USDP) အစိုးရဟာ မွတ်ဆလင်တွေကို အသွားအလာကန့်သတ်ပြီး ကျေးရွာတွေမှာ သီးသန့်သော်လည်းကောင်း၊ IDP စခန်းတွေမှာသော်လည်းကောင်း ထားရှိခဲ့ပါတယ်။

လက်ရှိမှာလည်း အဲဒီအနေအထားအတိုင်းသာ ရှိနေသေးပါတယ်။ မွတ်ဆလင်တစ်ဦးဖြစ်တဲ့ ဦးအောင်ခင်ကကော ရခိုင်ပြည်နယ်ကို လာရောက်သင်ကြားရာမှာ လွတ်လပ်စွာသွားလာနေထိုင်ခွင့် ရပါ့မလားဆိုတဲ့ မေးခွန်းကို မေးကြည့်ရာမှာတော့

သူက“အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ အန္တရာယ်မရှိဆိုတာက ကျွန်တော့်ကို ၁၉၉၀ ခုနှစ်ထဲမှာ နိုင်ငံသားစိစစ်ရေး ကဒ်ပြားပေးတဲ့အခါ ကျွန်တော်တို့ မိသားစုကို ရခိုင်လူမျိုးအနေနဲ့ ပေးလိုက်ပါတယ်။ ၂၀၁၂ ပဋိပက္ခကျကာမှ မလိုတဲ့လူတချို့က စလိုက်လို့ ရန်ကုန်တိုင်းလဝကရုံးက ကျွန်တော်တို့ မိသားစုကို ပြန်လည်စိစစ်ပြီးတော့ နိုင်ငံသားဖြစ်ထိုက်တဲ့ မိသားစုဖြစ်ပြီးတော့ ရခိုင်စကားပြောတဲ့အတွက်ကြောင့် ကျွန်တော်တို့ကို ရခိုင်လူမျိုးအနေနဲ့ နိုင်ငံသားပေးတာ မှန်ကန်တယ်ဆိုပြီး နိုင်ငံသားကဒ်ပြားမှာ ရခိုင်လူမျိုးလို့ပါတယ်။”လို့ ဆိုလာပါတယ်။

ရန်ကုန်တိုင်းမှာ နှစ်ပေါင်း ၄၀ ကျော်နေထိုင်လာခဲ့တဲ့ အသက်(၇၃)နှစ်အရွယ် ဦးအောင်ခင်ကို လက်ရှိမှာတော့ မြတန်ဆောင်း ဆရာတော်က သူ့စစ်ဘေးရှောင်စခန်းမှာ မိသားစုနဲ့အတူနေထိုင်ဖို့ ခွင့်ပေးထားပြီး ဦးအောင်ခင်က လည်း မွေးရပ်ဇာတိ ရခိုင်ပြည်နယ်မှာပဲ ပြန်လည်အခြေချနေထိုင်လိုတဲ့ ဆန္ဒရှိနေပါတယ်။

“ရခိုင်စကားပြောတဲ့ အတွက်ကြောင့် ဒီနေ့ထိ ကားလမ်းနဲ့လည်း အကြိမ်ပေါင်းများစွာ သွားဖူးပြီ။ လေယာဉ်နဲ့လည်း စစ်တွေမြို့ လေဆိပ်ကနေ သွားဖူးပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်နေ ရခိုင်ပြည်နယ် လဝက ဦးစီးမှူးအဖြစ်ကျခဲ့တဲ့ ဦးအောင်မင်း၊ လက်ရှိ စစ်တွေမြို့နယ် လဝကမှူးလုပ်နေတဲ့လူ အားလုံးက ကျွန်တော်တို့ကို မွတ်ဆလင်မိသားစုကနေ မွေးဖွားလာပြီးတော့ ရခိုင်လူမျိုးအနေနဲ့ နိုင်ငံသားကဒ်ပေးထားတာ သိပါတယ်။ သို့သော်လည်း ကျွန်တော်တို့က အစ္စလာမ်ဘာသာကို သပ်သပ်ကိုးကွယ်တဲ့သူအဆင့်လည်း မဟုတ်တော့ပါဘူး။ အခုခေတ်အနေနဲ့ ပြောရမယ်ဆိုရင် ဘာသာမဲ့ပုံစံမျိုး ကျွန်တော်တို့ မိသားစုက နေကြတာပါ။ လူ့ဘဝဖြစ်တဲ့အချိန်မှာ ဘာသာယုံကြည်မှုဆိုတာထက် လူပီသဖို့ကြိုးစားတဲ့အတွက် ဘာအခက်ခဲမှ မရှိပါ။”

လတ်တလောမှာတော့ ဒီအပေါ်ကို အကောင်းမြင်သူတွေရှိသလို တဖက်မှာလည်း ဝေဖန်မှုတွေ ရှိနေပေမယ့် ဘာသာမတူ၊ လူမျိုးကွဲတဲ့ အဆိုပါအသိုက်အဝန်းနှစ်ခုကြား ရင်ကြားစေ့သဟဇာတကျလာစေရေးအတွက် ဦးနန္ဒသာရနဲ့ ဦးအောင်ခင်တို့ နှစ်ဦးသားကတော့ အတူတကွ ပူးပေါင်းဆောင်ရွက်ရင်း ငြိမ်းချမ်းရေး စာသင်ဝိုင်းတွေ ထပ်တိုးလာဖို့ ဆောင်ရွက်နေကြဦးမှာလို့ ဆိုပါတယ်။

 425 total views,  1 views today