အာရ်ကန်ရိုးမ ၊ စစ်တွေ

ရခိုင်မှာရှိတဲ့ မြို့နယ်အသီးသီးက စာသင်ကျောင်းတွေကို ပြန်ဖွင့်နေပြီ ဖြစ်ပေမယ့် ကိုဗစ်ရောဂါ လျော့မကျသေးတဲ့ ဂွမြို့နယ်ဟာ စာသင်ကျောင်းတွေပြန်ဖွင့်မယ့်ထဲ မပါသေးပါဘူး။

တိုင်းနှင့်ပြည်နယ် ၉ ခုက မြို့နယ် ၄၆ မြို့နယ်ကို ချန်လှပ်ပြီး ကျန်မြို့နယ်တွေက ကျောင်းတွေကို နိုဝင်ဘာ ၁ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ကြတာပါ။ ချန်လှပ်ခံရတဲ့ အဲဒီမြို့နယ်တွေထဲ ရခိုင်ပြည်နယ်က ဂွမြို့နယ်လည်း ပါဝင်လာတာပါ။

ဂွမြို့နယ်က စာသင်ကျောင်းတွေ ပြန်ဖွင့်မယ့်အထဲ ပါဝင်လာခြင်း မရှိသေးဘူးဆိုပေမယ့်လည်း ကိုဗစ်လျော့ကျတဲ့အချိန် ပြန်ဖွင့်ပေးမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှုးရုံးက ဒုတိယ ညွှန်ကြားရေးမှုး (စီမံ) ဒေါက်တာ ထွန်းထွန်းသိန်းက ပြောပါတယ်။ အဲဒီမြို့နယ်က ကျောင်းတွေကို တစ်နှစ်ပတ်လုံးပိတ်ထားမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

ဂွမြို့နယ်ဟာ ကိုဗစ်ကူးစက်မှုမြင့်တက်လျက်ရှိနေတာကြောင့် ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ကတည်းကနေ ဒေသန္တရ အမိန့်ထုတ်ပြန်ပြီး သွားလာမှုကို ကန့်သတ်ခံထားရတဲ့ မြို့နယ်တခုလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ် မြို့နယ် ၁၆ ခုက ကျောင်းသား ငါးသိန်းကျော်ရှိတဲ့ထဲ ၃ သောင်းကျော်ဟာ ကျောင်းတက်နေကြရတယ်လို့ ဒေသတွင်း ဖော်ပြတဲ့ သတင်းအချက်အလက်များအရ သိရပါတယ်။

 283 total views,  1 views today