အာရ်ကန်ရိုးမ ၊ စစ်တွေ

ဗမာပြည်မှာ ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ရင်ဆိုင်လာရတဲ့ အထွေထွေအကြပ်အတည်းဟာ ရခိုင်ပြည်ဘက်ကိုလည်း ရိုက်ခတ်မှု ရှိနေပါတယ်။

ပြည်မဖက်ကနေ ရခိုင်ပြည်ကို တင်သွင်းတဲ့ ကုန်စျေးနှုန်းတွေဟာ အစောပိုင်းက ၅၀ ရာခိုင်နှုန်းပဲ စျေးမြှောက်ခဲ့ တာဖြစ်ပြီး စက်တင်ဘာနောက်ဆုံး ရက်တွေမှာ ၁၀၀ ရာခိုင်နှုန်းထိ စျေးထိုးတက်သွားတယ်လို့ ရခိုင်စီးပွားရေး လေ့လာစောင့်ကြည်သူများက ဆိုပါတယ်။

ဓာတ်ဆီစျေး တစ်လီတာကို ပုံမှန်အရောင်းဆိုင်ကြီးတွေမှာ ၁၈၀၀ ကျပ်အထိရှိပြီး လမ်းဘေးဆိုင်တွေမှာဆိုရင် ၂၂၀၀ ကျပ်အထိ မြင့်နေသလို တခြားစားကုန်တွေကလည်း ယခင်စျေးနှုန်းထက် ထက်ဝက်နီးပါး တက်သွားပါတယ်။

သာမန်အရပ်သားတစ်ဦးအနေနဲ့ နေ့စဉ် ဆိုင်ကယ်စီးနင်းအသုံးပြုဖို့ ဓာတ်ဆီဖိုးလိုငွေ ၂၀၀၀ ကျပ်လောက်နဲ့ ဖြေရှင်းနိုင်ခဲ့ပေမယ့် ခုချိန်မှာ ၅ ထောင် နီးပါးထိကို အသုံးပြုဖို့ ဖြစ်လာရတာကြောင့် စားဝတ်နေရေးကို အနှောင့်ယှက်သွားဖြစ်စေတယ်လို့ အာရ်ကန်ရိုးမက တွေ့ရှိခဲ့ပါတယ်။

တပိုင်တနိုင်ရောင်းကြတဲ့ အိမ်ဆိုင်လေးတွေဆိုရင် ကုန်စုံပစ္စည်းတွေ ထပ်မံတင်ဖို့ အခက်ခဲဖြစ်နေရပါတယ်။ တည်ငြိမ်တဲ့ စျေးနှုန်းထားတစ်ခုကို အမြန်ဆုံး သတ်မှတ်နိုင်ကြဖို့ တာဝန်ရှိသူတွေကိုလည်း တောင်းဆို နေကြပါတယ်။ အဲဒီထဲ စစ်တွေမြို့ ဓညဝတီရပ်ကွက်က ကုန်စုံဆိုင်ငယ်လေး ဖွင့်ထားတဲ့ ဒေါ်ယဉ်ပန်းသူလည်း တစ်ဦးအပါအဝင်ပါ။

မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တနိုင်ငံလုံး မတည်မငြိမ်ဖြစ်နေပြီး နေ့စဉ် ဗုံးပေါက်ကွဲမှု၊ သတ်ဖြတ်မှု၊ ဖမ်းဆီးမှုတွေ ရှိနေပါတယ်။ ရခိုင်ပြည်ဘက်မှာတော့ လုံးဝ တည်ငြိမ်နေခဲ့တာပါ။ ဒါပေမယ့် ၇ လ အကြာမှာ ဒေါ်လာစျေးနဲ့ ရွှေစျေးနှုန်းတွေ အဆမတန် မြင့်မားလာမှု ရှိလာပြီး ရခိုင်ပြည်လည်း ဒီ အကြပ်အတည်းကို မရှောင်လွဲနိုင် ဖြစ်လာခဲ့ပါတယ်။

မြန်မာ့ကျပ်ငွေတန်ဖိုး အဆမတန် ကျဆင်းလာနေတာက နိုင်ငံရေးတည်ငြိမ်နေတဲ့ ရခိုင်ပြည်ကိုပါ ခက်ခဲ လာစေပါတယ်။ ရခိုင်ပြည်သူတွေလည်း ဒီအကြပ်အတည်းမှာ အလူးအလဲ ရင်ဆိုင်နေကြရတယ်လို့ ဒေသတွင်း သတင်းများကဖော်ပြလာတာ တွေ့နေရပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာကတော့ သူတို့ဌာနနဲ့ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းတို့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ စက်သုံးဆီ 92၊ ဒီဇယ်ဆီနဲ့ Premium ဆီ တစ်လီတာကို ၁၂၀၀ ဝန်းကျင်နဲ့ ရောင်းချလျက်ရှိကြောင်း သတ်မှတ်ဆိုင် အမည်တွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်တွင်းမှာ ဒေါ်လာစျေးမြင့်တက်နေတာကို ဖြေရှင်းဖို့ ဗဟိုဘဏ်ကနေ ဒေါ်လာထုတ်ရောင်းနေပေမယ့် လိုသလောက် မဖြည့်ဆည်းနိုင်သေးဘူးလို့ စက်တင်ဘာလ ၃၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

 378 total views,  1 views today