ထူး – အာရ်ကန်ရိုးမ (စစ်တွေ)


ရခိုင်ပြည်နယ်အတွင်းမှာ သာမန်ခိုးဆိုးမှုတွေတင်မက ဓားပြတိုက်၊ ဖောက်ထွင်းမှုနဲ့ ပြန်ပေးဆွဲမှုတွေ များလာပါတယ်။ လုံခြုံရေး အားနည်းတဲ့ မြို့နယ်တွေမှာသာမက အုပ်ချုပ်ရေးနဲ့ တပ်ပိုင်ဆိုင်ရာ အကြီးအကဲ ရုံးတွေ အခြေစိုက်တဲ့ မြို့နယ်တွေမှာလည်း ဖြစ်ပွားနေတာတွေ့ရပါတယ်။


ပြည်နယ်အခြေစိုက်သတင်းဌာနတွေမှာ ဖော်ပြချက်နဲ့ Arakan Yoma ရဲ့ သတင်းရင်းမြစ်တွေအရ ရခိုင်ပြည်နယ်မှာ ဇူလိုင်လဆန်းပိုင်းကနေ စက်တင်ဘာလဆန်းပိုင်းအထိ နှစ်လကျော်ကာလအတွင်း ဖောက်ထွင်းမှု၊ ဓားပြတိုက်မှုနဲ့ ပြန်ပေးဆွဲခေါ်မှုပေါင်း တစ်ဒါဇင်နဲ့ အထက်မှာ ရှိခဲ့ပါတယ်။


မင်းပြားနဲ့ ကျောက်တော်မြို့နယ်မှာ ၄ မှုစီ၊ စစ်တွေနဲ့ မောင်တောမြို့နယ်မှာ ၂ မှုစီ၊ မြောက်ဦး၊ ပေါက်တောနဲ့ တောင်ကုတ်မြို့နယ်မှာ ၁ မှုစီပါဝင်ပါတယ်။ အဆိုပါဖြစ်ရပ်တွေကို ခွဲခြမ်းကြည့်ရင်တော့ ပြန်ပေးဆွဲမှု ၂ မှု၊ ဓားပြမှု ၄ မှု၊ ခိုးယူဖောက်ထွင်းမှု ၈ မှုကို တွေ့ရပါတယ်။ ဒါတောင် လမ်းပေါ်မှာ သွားနေရင်း ဝိုင်းရိုက်ခံရပြီး သေဆုံးလို့ တွေ့နေရတဲ့ အမှုတွေ ထည့်သွင်းထားခြင်း မရှိသေးပါဘူး။


ရခိုင်ပြည်နယ်မှာ အရင်က ဒီလိုမျိုးပေါ်ပေါ်ထင်ထင် လုပ်ရပ်တွေ နည်းခဲ့ပြီး အာဏာသိမ်းပြီးတဲ့နောက် အခြေအနေနဲ့ ကိုဗစ်ကာလတတိယလှိုင်းမှာ ပိုမိုအဖြစ်များလာတာလို့ ဆိုရမှာပါ။
ရခိုင့်လူအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့-ဒါရိုက်တာ ဦးမြတ်ထွန်းက ရခိုင်ပြည်နယ်မှာ AA ရခိုင့်တပ်တော်က အုပ်ချုပ်ရေးကဏ္ဍကို အစားထိုးနေခိုက် အိမ်စောင့်အစိုးရကလည်း ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှုအားနည်းလာပြီး အခုလို ကျူးလွန်မှုတွေကို ဘယ်အဖွဲ့က ဆောင်ရွက်မလိုလိုနဲ့ ဗျာများနေခိုက် အဖြစ်များလာရတာလို့ ပြောပါတယ်။


“ဘာကြောင့်ဖြစ်ရလဲဆိုတော့ ခု ဒီချိန်ကာလမှာ ရခိုင်တပ်တော် AA နဲ့ မြန့်မာ တပ်မတော်နဲ့ အပစ်အခတ်ရပ်နေတဲ့ အနေအထားဖြစ်တယ်။ အုပ်ချုပ်ရေး တရားစီရင်ရေးတွေမှာ ဆိုရင်လည်း တပ်တော်ကနေပြီး အဲလို ထိန်းကျောင်းပြီး လုပ်နေတယ်ပေါ့။ ဒီဘက်က အာဏာပိုင်ဘက်က ရဲတပ်ဖွဲ့ကလည်း အဲနေရာတွေကို ဝင်ရောက်ပြီး ထိထိရောက်ရောက် ဝင်ရောက်မလုပ်နိုင်တာတွေ ဖြစ်တယ်။ ဒါဆို တစ်ဘက်နဲ့ တစ်ဘက် ဟိုဘက်ကလည်း ဒီဘက်ကို ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ ဒီဘက်ကလည်း မလုပ်နိုင်ဆိုတော့ ခုလို ခိုးမှု၊ ဓားပြတိုက်မူတွေ မကြာမကြာ ဖြစ်နေတာ မြင်တွေ့ရတယ်။ များသောအားဖြင် ဆိုင်ကယ် ခိုးတယ်။ နောက် ဓားပြတိုက်မူတွေ မြင်တွေလာရတယ်။ ဒီဟာသည် အုပ်ချုပ်တဲ့ အစိုးရဘက်ကလည်း အိမ်စောင့် အစိုးရကလည်း နိုင်ငံတော်ကို နိုင်နိုင်နင်းနင်း မလုပ်နိုင်ဘူး ။ တပ်တော် AA ကလည်း အုပ်ချုပ်ရေးကို နိုင်နိုင်နင်းနင်း မလုပ်နိုင်တာကြောင့် ဖြစ်နေတယ်လို့ မြင်ပါတယ်။ ပြည်သူကတော့ စိုးရိမ်စိတ်အမြဲရှိတယ်။ သို့သော် ကိုယ်တို့အနေနဲ့ သတိရှိရှိနဲ့နေရဖို့ပဲ ဖြစ်နေတယ်။ ဘာကြောင့်ဆို ဖြစ်လာရင် ဒီဘက် စစ်ကောင်စီ ဘက်က အိမ်စောင့် အစိုးရဘက်က အမူကို ထိထိရောက်ရောက်မလုပ်နိုင်ဘူး။ ဒီဘက်ကလည်း ထိုနည်းတူ ဖြစ်နေတယ်။ အဲလိုမဖြစ်ဖို့အတွက် ကိုယ်တို့ကလည်း သတိရှိရှိနေရဖို့ ဖြစ်နေတယ်။”


ဒီအထဲမှာ အသက်အန္တရာယ်ကို ပစ်မှတ်ထားခဲ့တာတွေ အနည်းငယ်ပါဝင်ပြီး ငွေရရုံ ကျူးလွန်တဲ့ ဖြစ်ရပ်တွေ များပါတယ်။ မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာအုပ်စုက မွတ်ဆလင်ကျေးရွာတာဝန်ခံကို ဆိုရင် ပြန်ပေး ဆွဲခေါ်တာကို ငြင်းလို့ဆိုပြီး ပစ်သတ်ခဲ့တာဖြစ်ပြီး အဲဒီမြို့နယ်က ပဒင်းကျေးရွာ အုပ်ချုပ်ရေးမှူးကို ပြန်‌ခေါ် သွားပြီး ငွေနဲ့ သွားလဲခဲ့ရသလို တခြားမြို့နယ်တွေမှာ ဖြစ်ခဲ့တာတွေကလည်း ငွေရရုံ ရည်စူး ကျူးလွန်တဲ့ ကိစ္စရပ်တွေလို့ ဆိုနိုင်ပါတယ်။


ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမှာ လာရောက်ပြီး အလုပ်လုပ်ကိုင်နေတဲ့ လူငယ်တစ်ဦးကတော့ အခုလို ဖြစ်ရပ်တွေ များလာပြီးနောက် ညဖက်တွေကို အပြင်ထွက်ရင် လုယက်မှုတွေ စိုးရိမ်နေရလို့ လုံခြုံရေး ကင်းမဲ့မှုကို ခံစားနေရတယ်လို့ Arakan Yoma ကို ပြောပါတယ်။


“ညဖက်တွေဆိုရင် အပြင်တောင် မထွက်ရဲတော့ဘူး။ ကိုယ်က ပင်ပင်ပန်းပန်းနဲ့ ရှာလို့ရတဲ့ ရှိစုရှိမဲ့လေး။ အလုခံရ၊ အခိုးခံရမှာ တော်တော်စိုးတယ်။ ဒီလောက်နဲ့ မပြီးသေးဘူး။ အသက်အန္တရာယ်ကိုပါ ထိခိုက်လာရင် ကိုယ်ပဲ ခံရမှာလေ။ နိုင်ငံမှာလည်း မတည်မငြိမ်ဖြစ်နေတဲ့ အုပ်ချုပ်ရေးကဏ္ဍမှာလည်း ပျက်ပြားနေတော့ တရား ဥပဒေကလည်း တော်တော်လေးကင်းမဲ့နေတဲ့အချိန်ဆိုတော့။”လို့ ပြောပါတယ်။

ကျူးလွန်ခံရတဲ့ မိသားစုတွေထဲက တချို့မှာ လုပ်ငန်း ကဏ္ဍအလိုက် ရွေထည်၊ ဖုန်းနဲ့ ငွေကျပ်သိန်းရာနဲ့ချီ ဆုံးရှုံးသွားတွေ ပါဝင်သလို တချို့မှာလည်း ရှိစုမဲ့စုလေးတွေ ပါသွားကြပါတယ်။

ကျူးလွန်သူတွေကလည်း ခုနောက်ပိုင်း အုပ်စုဖွဲ့လာကြသလို ဓားတွေ၊ တုတ်တွေတောင် မဟုတ်ကြတော့ဘဲ သေနတ်တွေတောင် ကိုင်ဆောင်လာကြတဲ့ ဖြစ်စဉ်တွေကိုလည်း ကျူးလွန်ခံရသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။


စက်တင်ဘာလ ၆ ရက်နေ့ကညအချိန်မှာ ဓားပြတိုက်ခံခဲ့ရတဲ့ စစ်တွေမြို့ စက်ရုံစုရပ်ကွက်က ဦးလှကြာအောင်က “ကျနော်တို့ ၉ နာရီဆို အိပ်ရာဝင်ပါပြီ။ ကျနော်ကတော့ အစကတည်းကနေ နေလေ့နေထ မရှိဘူး။ အလား အသွားလည်း မရှိဘူး။ ကိုယ့်ဟာကို အိပ်ရာဝင်သွားပြီ ၉ နာရီ။ ဆေးယူဖို့ဆိုပြီး လာနှိုးတယ်လို့ ဆိုပါတယ်။ ကျနော့် ယောက္ခမက ကျနော့်ကို နိုးတယ်။ ကျနော်ကတော့ မနိုးဘူး။ ဆေးဝယ်ဖို့ဆို ကျနော်ကလည်း အိပ်ချင်မူးတူး ထသွားတယ် ။ ဘာဖြစ်တာလဲ ဖျားတာလား နာတာလား ကျနော်က မေးတယ်။ တစ်ခါတည်း တက်ပြီး သေနတ်နဲ့ ထောက်တယ်။ မှောက်ဆိုတော့ ကျနော်က သေနတ်နဲ့ ထောက်လိုက်တော့ သွေးထွက်သွားပါတယ်။ ခေါင်းမှာ သွေးကျတော့ အော်သွေးထွက်သွားပြီပေါ့။ ကျနော်ကို မှောက်ပြီး ဝပ်ခိုင်း ထားတယ်လေ ကြိုးနဲ့ချည်ဆို ပြီးပြောပါတယ်။ တက်ပြီး ကြိုး ချည်တယ်။ သူတို့မှာ ကြိုး အဆင့်သင့်ပါတယ်။ နောက် ဘေးနားက ကိုယ်သုတ်နဲ့ ခေါင်းကို ချည်လိုက်တယ်။ ဒါဆို ကျနော် ဘာမှ မမြင်တော့ဘူး။ ပိတ်ပြီး။ အထဲဝင် ဆိုပြီးပြောတယ်။ အထဲခန်းထဲ ထိုင်ခိုင်းတယ်။ ကျနော်မှာ ယောက်ခမ အသက်ကြီး တစ်ယောက်ရှိတယ် သူ့ကို လည်း ကြိုးချည်ဆိုတယ်။”လို့ ပြောပါတယ်။


ဒီဖြစ်ရပ်တွေအပြင် တခြား တိုင်တန်းမှုတွေလည်း ရှိနေနိုင်လို့ ရဲတပ်ဖွဲ့ကို ဆက်သွယ်ရာမှာ ဖြေဆိုဖို့ငြင်းသလို ရခိုင့်တပ်တော်က ဖွဲ့စည်းထားတဲ့ မှုခင်းလက်ခံရေးအဖွဲ့ဆီကို အီးမေးလ်နဲ့ မေးမြန်းရာမှာလည်း ပြန်လည် ဖြေကြားတာ မရှိခဲ့ပါဘူး။


ရခိုင်ပြည်နယ် စစ်တွေမြို့က မွတ်ဆလင်ဒုက္ခသည်စခန်းတွေမှာလည်း ကိုဗစ်တတိယလှိုင်း ဖြစ်ပေါ်လာ ပြီးနောက် အလုပ်တွေ မလုပ်ကြရချိန် လုံခြုံမှုအားနည်းနေတာကြောင့် ခိုးဆိုးလုနှိုက်တွေ များနေတယ်လို့ Arakan Yoama ကို ပြီးခဲ့တဲ့လက ရပ်မိရပ်ဖတစ်ဦးက ပြောထားပါတယ်။


“ဒုက္ခသည်တွေစခန်းမှာ ကျတော့ အအေးမိတယ်။ တုပ်ကွေးဖြစ်တယ်။ ချောင်းဆိုးတယ်။ ရောဂါနဲ့ ခံစားရတာက တမျိုး။ နောက်ပြီးတော့ အစားအသောက်နဲ့ ခံစားရတာက တဖုံ။ လူတွေက ငတ်လို့၊ တောင်းစားလို့ အဲလိုရှိတယ်။ နောက်တခုပိုဆိုးတာက လူလေးငါးယောက်စုပြီးတော့ ခိုးတာ၊ ပြောင်ပြောင်တင်းတင်း လုတာတွေရှိတယ်။”

 580 total views,  1 views today