ထူး ၊ အာရ်ကန်ရိုးမ

ခုတလော ရခိုင်ပြည်မှာ စစ်ပြန်ဖြစ်တော့မလား ဝေဖန်သံတွေ ကြားနေရပါတယ်။

တပ်မတော်ရဲ့ စစ်ကြောင်း လှုပ်ရှားမှုတွေကို ပေါ်တင်မြင်လာရရုံမက ရေပြင်မှာ လက်နက်ကြီး စမ်းသပ် ပစ်ခတ်မှုတွေကိုပါ တွေ့လာရပြီး အခုလို အသံတွေ ဆူညံလာတာပါ။

အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကို နေရာ အကျအန ရယူလာပြီး တော်လှန်ရေးခရီး ၇၅ ရာခိုင်နှုန်း အောင်မြင် ခဲ့ပြီလို့ ရခိုင့်တပ်တော် တပ်မှူးချုပ်က ထုတ်ဖော် ပြောကြားလာချိန် တပ်မတော် စစ်ကြောင်းတချို့ လှုပ်ရှားမှု ရှိလာပါတယ်။

ဒီ့မတိုင်ခင် ရခိုင်ပြည်နယ် အတွင်း ဧည့်စာရင်းစစ်တာတွေ၊ လက်နက်စမ်းသပ် ပစ်ခတ်မှုများကိုပါ တပ်မတော် ဘက်က လုပ်လာတာပါ။ မြန်မာ့ အာဏာသိမ်းမှုမှာ ရခိုင်ဒေသဟာ ငြိမ်သက်နေခဲ့ပြီး ပြီးခဲ့တဲ့ ရက် သီတင်းပတ် တချို့က စပြီး AA ဘက်က မီဒီယာများနဲ့ ခပ်စိပ်စိပ်တွေ့လာခဲ့ပါတယ်။ သူတို့ရဲ့ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး အကြောင်းကို ပေါ်ပေါ်တင်တင် မိတ်ဆက်လာတဲ့ သဘော ယူဆရပါတယ်။

ဒါတင်မကဘဲ ကိုဗစ်ကာလ ရခိုင်ပြည်ရဲ့ ကူးစက်မှုကို ထိန်းချုပ်လျော့ချဖို့ အေအေက အမိန့်များထုတ်ပြန်တာနဲ့ အပြစ်ပေး အရေးယူတာတွေ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ခဲ့ပါတယ်။ ရခိုင်ပြည်ကို ချန်လှန်ထားပြီး စစ်ရေးနဲ့ နိုင်ငံရေးမှာ ကျန်ဒေသများအတွက် အချိန်ပေးထားရတဲ့ တပ်မတော်ဟာ ရုတ်ခြည်းဆိုသလို ပြန်ပြီး အာရုံ စိုက်လာရတဲ့ သဘောဖြစ်သွားပါတယ်။

ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်မှာ ဆိုရင် AA လှုပ်ရှားမှုတွေကို သတင်းပေးဖို့ အုပ်ချုပ်ရေးမှူးတွေကို စစ်တပ်က ညွှန်ကြားထားပြီး ဒီရက်ပိုင်း စစ်အင်အားနဲ့ တပ်စခန်းတိုးချတာတွေ ပိုမိုမြင်တွေ့လာရပါတယ်။

သြဂုတ်လ ၂၆ ရက်နေ့မှာဆိုရင် သစ်ပုတ်တောင်ရေတပ်စခန်းအနီးက သိုင်းချောင်းရွာကို စစ်အင်အား ၁၀၀ လောက်က ဝင်ရောက် တပ်စွဲထားပြီး အိမ်ထောင်စု စာရင်း စစ်ဆေးတာတွေ၊ အသွားအလာ ကန့်သတ်တာတွေ လုပ်နေတယ်လို့ ပြောကြပါတယ်။

ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်လွင်က “ကျနော့် အမြင်ကို ပြောရမယ်ဆိုရင် ဘယ်နိုင်ငံမှာ မဆို အာဏာက သုံးရပ်ပဲရှိတာ။ အုပ်ချုပ်ရေး အာဏာ၊ တရား စီရင်ရေး အာဏာ၊ ဥပဒေပြုရေး အာဏာ။ အာဏာသုံးရပ်မှာ နှစ်ရပ်ကို စစ်ဦးစီးချုပ်ရဲ့ အင်တာဗျူးမှာ ပါသလို အုပ်ချုပ်ရေး အာဏာနဲ့ တရားစီရင်ရေးအာဏာကို ULA/AA က လုပ်နေတယ်လို့ ပြောတဲ့ဟာက ထိပ်တိုက် တိုးမယ့် ပုံစံမျိုးမြင်ပါတယ်။ အင်တာဗျူးပြီးတာနဲ့ အရပ်ဖက်တွေမှာ စစ်သားတွေ သွားလို့လာလို့ လုပ်နေ တာတွေ၊ နောက်ပြီးတော့ စခန်းတွေ တည်ဆောက်နေတာတို့၊ တိုးချဲ့တာတို့၊ စစ်သားတွေကို နေရာ ပြောင်းရွှေ့တာတွေ၊ ပို့တာတွေ တွေ့ရတယ်။ စစ်ဖြစ်နိုင်ခြေ ရှိတယ်လို့ ကျနော်က မြင်တယ်။”လို့ ပြောပါတယ်။

သိုင်းချောင်းကျေးရွာဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလ အတွင်းမှာတင် ရွာသားတချို့က မိုင်းထောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က ဝင်ရောက်စစ်ဆေးပြီး မဲပေးခွင့်နဲ့ အသွားအလာ ကန့်သတ်ခဲ့ရဖူးတဲ့ ရွာလည်း ဖြစ်ပါတယ်။

ဒီဖြစ်စဉ်တွေ မတိုင်ခင် ပြည်နယ်မြို့တော် စစ်တွေအပါအဝင် မြို့နယ်တချို့မှာ စစ်အင်အား တိုးချဲ့လာပြီး လှည့်ကင်း ဆောင်ရွက်ကာ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာ၊ တချို့ ရပ်ကွက်တွေမှာ နေအိမ်တွေ ဝင်စစ်တာတွေ ရှိပါတယ်။ ဒီအပြင် စစ်တွေနဲ့ ပေါက်တောအပိုင် ပင်လယ်ပြင်မှာ လက်နက်ကြီးပစ် စမ်းသပ်မှု ပြုလုပ်မယ်လို့ ခြိမ်းခြောက်တာတွေလည်း ရှိခဲ့ပါတယ်။

သြဂုတ်လ ၂၈ ရက်နေမှာတော့ စစ်ကောင်စီက တပ်စခန်းချထားတဲ့ မင်းပြားမြို့နယ် မင်းရွာအရှေ့ဖက် တောင်တန်းက ကျယ်လောင်တဲ့ ပေါက်ကွဲသံ တချက်ထွက်ပေါ်လာခဲ့ပါတယ်။ နောက်တစ်နေ့ သြဂုတ်လ ၂၉ ရက်နေ့မှာ တပ်ရဟတ်ယာဉ်တွေ ပျံဝဲနေတာတွေ ရခိုင်မှာ တွေ့လာရပါတယ်။

မင်းပြားမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက Arakan Yoma ကို ခုလို ပြောပါတယ်။

“မတို့ရွာ ရှေ့ဖက်က မိုင်းတစ်လုံး ပေါက်သွားတာ။ လေယာဉ်လည်း သစ်ပင်တစ်ရပ် ကျော်လောက်က ဝဲသွားတယ်။ တောင်ပေါ်မှာ ပျံဝဲပြီး ကြည့်သွားတယ်။ ဒီနေ့ နှစ်စီးသွားတယ်။ သူတို့ အရင်က ထောင်ထားတဲ့ မိုင်းတွေ တခါတလေ ပေါက်ကွဲတယ်။ တခါတလေ သူတို့ ထိတယ်။ အဲဒီလိုတွေ ရှိတယ်။ မကြာမကြာ ပေါက်တယ်။ သူတို့ ထောင်ထားတဲ့ မိုင်းတွေပဲ ရှိမှာပေါ့။ မနေ့နေ့ခင်းက တစ်စီး တက်သွားတယ်။ စစ်သားတွေက မတို့ရွာ ရှေ့တည့်တည်က တောင်ထိပ်မှာရှိတယ်။ တိုက်ပွဲတွေလည်း ရှေ့လမှာ ဖြစ်မယ်လို့ ခန့်မှန်း နေကြတယ်။ ရွာသားတွေကလည်း တိုက်ပွဲဖြစ်မှာ ကြောက်နေကြတယ်။”

ဒီပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် တပ်ဖွဲ့ဝင် တချို့ထိခိုက်တာ ရှိတယ်လို့ သတင်းထွက်နေပေမယ့် အာဏာပိုင်တွေဆီ ဆက်သွယ်လို့မရတဲ့ အခက်အခဲကြောင့် သတင်းကို အတည်ပြုဖို့ ခက်ခဲပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် ဦးစွန်းတောင်ကျေးရွာက မြိုလူမျိုး တစ်ယောက် မိုင်းနင်းမိလို့ ခြေထောက် တစ်ဖက်ဖြတ်ခဲ့ရပါတယ်။

ရခိုင်ပြည်နယ်လို့ ဆိုလိုက်ရင် အနောက်ဖက်နယ်စပ်က ပြဿနာတွေ၊ လူမျိုးရေးအဓိကရုဏ်းနဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ တွဲမြင်ခဲ့ကြပေမယ့် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း အတည်ငြိမ်ဆုံး ဒေသဟာ ရခိုင်ပြည်နယ်ဖြစ်လာခဲ့ပါတယ်။

လက်ရှိမှာတော့ လက်နက်ကိုင်နှစ်ဖွဲ့ စလုံးက လှုပ်လှုပ်ရွရွဖြစ်လာတဲ့ အခြေအနေကြောင့် ဒေသခံတွေကတော့ တိုက်ပွဲတွေ တကျော့ပြန် ဖြစ်လာတော့မလားဆိုပြီး စိုးရိမ်နေကြပါတယ်။ တိုက်ပွဲဖြစ်နိုင်ခြေ နည်းတယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိသလို စစ်ဖြစ်လာမယ့် လမ်းစကို မြင်နေရတာတွေ ရှိတယ်လို့လည်း နိုင်ငံရေးအကဲဖြတ်တွေ အကြား ကြားနေရပါတယ်။

တိုက်ပွဲတကယ်ဖြစ် မဖြစ်ကို အာမခံချက်အတွက် AA နဲ့ စစ်ကောင်စီတပ်တွေ အကြား တရားဝင် အပစ်ရပ် စာချုပ် ချုပ်ဆိုထားကြတာ မရှိပါဘူးလို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း မီဒီယာတွေကို ဖြေကြားထားပါတယ်။

ပြည်နယ် မြောက်ပိုင်းဒေသနေ ရခိုင်ဒေသခံ တချို့ကတော့ စစ်ကောင်စီတပ်တွေ တိုးချဲ့လာသလို တချို့ ကျေးရွာတွေမှာ လည်း မြေမြှုပ်မိုင်း အသစ်တွေ ထောင်တာ ရှိလာကြောင်း သံသယဝင်နေကြပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်က ကုန်ကြောင်းရေကြောင်း လုံခြုံရေး ဆောင်ရွက်မှုတွေ အလုံးအရင်းနဲ့ ရှိလာ နေတယ်လို့ မျက်မြင်တွေကနေ သိရပါတယ်။

သတင်းဆောင်းပါးဓာတ်ပုံ – CTTO

 703 total views,  1 views today