ထူး ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ပြီးကာလအတွင်း စစ်ကျန်လက်နက်မဟုတ်ဘဲ မြေမြှုပ်မိုင်း အသစ် ထောင်မှုတွေ ရှိလာသလား ဆိုပြီး မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ ရွာသားတွေက သံသယ ဝင်လာကြပါတယ်။


အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ရပ်တန့်သွားပြီးတဲ့နောက် ၉ လ အကြာ ကျောက်တော်မြို့နယ် ဦးစွန်းတောင် ကျေးရွာမှာ သြဂုတ်လ ၁၇ ရက်နေ့က မြေမြုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ လက်ရှိအချိန်ထိဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နောက်ဆုံးအကြိမ်ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပါတယ်။

ကျေးရွာသား သုံးဦးဟာ ရွာနဲ့နှစ်မိုင်လောက်ဝေးတဲ့ တောင်စပ်မှာ နွားကျောင်းနေကြစဉ် မြေမြှုပ်မိုင်း နင်းမိခဲ့တာ ဖြစ်ပြီး ဒီပေါက်ကွဲမှုကြောင့် အသက် (၃၅) နှစ်အရွယ် ကျေးရွာသား ဦးအောင်သိန်းဆန်းဟာ ခြေကျင်း ဝတ်တစ်ဖက် ဖြတ်လိုက်ရတယ်လို့ ကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက Arakan Yoma ကို ပြောပါတယ်။

“နွားကျောင်းဖို့ သွားရင်းနဲ့ ဖြစ်သွားတာပါ။ အသက်ကတော့ (၃၅) နှစ်ပါတဲ့။ အခုစစ်တွေ(ဆေးရုံ) မှာပါ။ ခြေဖြတ်လိုက်ရတယ်။ ဘယ်ဖက်က။”လို့ ပြောပါတယ်။ ထိခိုက်ဒဏ်ရာရထားသူဟာ လက်ရှိမှာတော့ စစ်တွေပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပါတယ်။

ရွာသားတွေ အနေနဲ့ အဓိက မြေမြုပ်မိုင်းဖော်ဆောင်မှုတွေ အသစ်ရှိလာတယ်ဆိုပြီး သံသယဝင်စေတဲ့ အချက်ကတော့ နေ့တိုင်းသွားလာနေကြနေရာမှာ ဖြစ်ခဲ့တာကြောင့်ပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးစွန်းတောင်ကျေးရွာ လူကြီး တစ်ဦးက အခုလို ပြောပါတယ်။
“သူက အဲဒီဖက်ကို နွားကျောင်းတာက ရက်က များများဖြစ်နေပြီ။ တစ်လ၊ နှစ်လလောက်ဖြစ်နေပြီ။ အမြဲတမ်း ကျောင်းနေတာပဲ။ တပ်ကတော့ တပ်တော် (AA) နဲ့ တပ်နဲ့ဖြစ်ကတည်းက ကျန်ခဲ့တဲ့မိုင်းလို့ပြောပါတယ်။ တချို့ လူတွေက အသစ်ထောင်လာတဲ့ပုံစံလို့ ပြောကြတယ်။ ကျနော်တို့ထင်တာက အသစ်ထောင်လာတဲ့ ပုံစံ သဘောမျိုးကျတယ်။ သူတစ်ယောက်တည်းတောင်မကဘူး။ အဲဒီနေရာမှာ နွားကျောင်းနေကြတာ”


ထိခိုက်ဒဏ်ရာရခဲ့သူ ဦးအောင်သိန်းဆန်း ဆိုရင် အဲဒီနေရာမှာ နေ့စဉ် နွားကျောင်းနေတာဖြစ်ပြီး ရွာထဲက တခြား လူတွေဟာလည်း နေ့စဉ်သွားလာ နေကြတဲ့ နေရာဖြစ်တာကြောင့် စစ်ပွဲ ရပ်တန့်ကာလမှာလည်း ထပ်မံ ထောင်မှုတွေ ရှိလာနေလို့ ရွာသားတွေက ယူဆနေကြတာ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်နေဆဲကာလနဲ့ စစ်ပွဲအပြီးကာလတွေအတွင်း ကျောက်တော်အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်း တခွင်မှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ်ကြောင့် သေဆုံးသူ ၅၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၈၃ ဦး ရှိတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး REC ရဲ့ စာရင်း ဇယားတွေအရ သိရပါတယ်။


မိုင်း အသိပညာပေးမှုတွေ လုပ်ဆောင်နေကြတဲ့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေကတော့ စစ်ပွဲရပ်စဲကာလမှာ မိုင်း အသစ်ထောင်တာတွေ ရှိလာတယ်ဆိုရင် ထောင်ထားတဲ့ အနီးတဝိုက်မှာ တပ်စခန်းတွေ ရှိနေလို့လား (သို့မဟုတ်) တခြား အကြောင်းအရာတွေကြောင့်လား ဆိုတာ ဆန်းစစ်ဖို့ လိုတယ်လို့ ဆိုကြပါတယ်။


ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက “အသစ်ဖြစ်တယ်ဆိုရင် အဲဒီနေရာမှာ မိုင်းလာထောင်တဲ့ သူတွေတွေ့ရမယ်လေ။ ဘယ်ဖက်ကလဲ။ ဘာကြောင့်နဲ့ အဲဒီနားမှာ မိုင်းထောင်တာလဲ။ ဘာများ ရှိနေလို့လဲ တစ်ခုခုပေါ့နော်။ စခန်း အထိုင်ချထားလို့လား။ အဲလိုမျိုးတွေရှိတယ်။”လို့ ပြောပါတယ်။


ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုတွေထဲမှာ စစ်ကျန်ဗုံးသီးတွေ၊ အများစုက လက်နက်ကြီးလို့ခေါ်ကြတဲ့ RPG အမြှောက်တွေ၊ မြေမြှုပ်မိုင်း နင်းမိတာတွေက အစ ပါဝင်တာ တွေ့ရပါတယ်။ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်စဉ်မှာ ဆိုရင်လည်း မြေမြှုပ်မိုင်းကြောင့် ဖြစ်ပါတယ်။


ဦးစွန်းတောင်ကျေးရွာမှာ မြို့နဲ့ ခမီတိုင်းရင်းသားတွေ နေထိုင်ကြတာဖြစ်ပြီး အများစုကတော့ တောတောင်ကို မှီခို လုပ်ကိုင်နေကြသူတွေပါ။ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေ စတင်လာပြီး နောက်မှာတော့ ဒီကျေးရွာအနီး တောင်စပ်မှာလည်း နှစ်ဖက်လက်နက်ကိုင်တွေ တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားခဲ့လို့ ရှိပါတယ်။
“(ဦးစွန်းတောင်ပေါ်) တပ်စွဲထားတာ ရှိပါသေးတယ်။ ဟိုတနေ့က မိုင်းပေါက်တော့ ကျနော်တို့ရွာကို ဆက်သွယ်လို့ ပြောလာတယ်။ တိုက်ပွဲဖြစ်တဲ့ အခါ ကျန်ခဲ့တဲ့ မိုင်းတွေဖြစ်နိုင်တယ်။ အဲဒီတောင်နားတွေမှာ မကျောင်းကြနဲ့တဲ့။”
အဲဒီ အချိန်ကစပြီး စစ်ကောင်စီတပ်ဟာ ရွာအနီးတောင်ပေါ်မှာ စတင်တပ်စွဲခဲ့သလို ရွာသားတွေကိုလည်း တချို့နေရာတွေကို မသွားကြဖို့ ကန့်သတ်တာတွေရှိတယ်လို့ ရွာသားတွေကပြောကြပါတယ်။ ရွာသားတွေက တော့ တောင်ပေါ်မှာ တပ်စွဲထားတာ၊ စစ်ကျန်လက်နက်အန္တရာယ်ကို စိုးရိမ်တာတွေကြောင့် မသွားလာရဲကြဘဲ စားဝတ်နေရေး ထိခိုက်လာပြီး မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်ပေး စေချင်တယ်လို့ အရင်ကတည်းကနေ Arakan Yoma ကို ပြောလို့ ရှိပါတယ်။


ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက “ကျနော်တို့ကတော့ မိုင်း အသစ်အဟောင်းကို ကာလနဲ့ပြောရမယ်။ မိုင်းထဲမှာ ပါနေတာကို ကြည့်ပြီး အသစ်အဟောင်းလို့ ခွဲခြားလို့ မရဘူး။ ရွာသားတွေ အယူအဆကို လေ့လာကြည့်သလောက် အရင်ကဆို သွား၊ လာလို့ရတယ်။ အခုတပ်တွေ ရောက်လာခါမှ အဲဒီနေရာမှာ ပေါက်ကွဲတာနဲ့ အသစ် ထောင်တာလား မသိဘူးဆိုတဲ့ စဉ်းစားချက် ဖြစ်မယ်ထင်တယ်။ အသစ်အဟောင်းကို ကျွန်တော်တို့ ခွဲလို့မရဘူး။ တချို့မောင်းတွေဆိုရင် တိုက်ပွဲစဖြစ်ဆဲမှာ ထောင်တာရှိတယ်။ တချို့မိုင်းတွေဆိုရင် နောက်ဆုံးဖြစ်တဲ့ တိုက်ပွဲတွေမှာ ထောင်တာဖြစ်မယ်။ တချို့ ဆိုရင်လည်း တိုက်ပွဲမဖြစ်ပေမယ့် တပ်စခန်း အနီးတွေမှာ တပ်စခန်း လုံခြုံရေးအရ ထောင်တာတွေ ရှိတယ်။”လို့ ပြောပါတယ်။


အခုလို အမည်မသိ မိုင်းတွေရဲ့ နောက်ကွယ်မှာ အဓိကသားကောင်ဖြစ်သွားသူတွေကတော့ ဦးအောင်သိန်းဆန်း တို့လို ဆင်းရဲနွမ်းပါးပြီး ဘဝကို ခက်ခဲစွာ ရုန်းကန်နေကြရသူတွေပါ။ ကုသလမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ မြန်မာ ကတော့ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်တွေကြောင့် သေဆုံးဒဏ်ရာရရှိ သူတွေ အနက် သုံးပုံတစ်ပုံဟာ ရခိုင်ပြည်နယ်ကလို့ ဆိုပါတယ်။
ဒီစစ်တမ်းအရ ရခိုင်ပြည်နယ်ရဲ့ထိခိုက်သေဆုံးသူ ၄၇ ရာခိုင်နှုန်းဟာ ကလေးငယ်တွေ ဖြစ်တယ်လို့ ဧပြီလဆန်းပိုင်က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ဒီလိုထိ သေဆုံးမှုတွေဖြစ်ရတဲ့ အကြောင်းအရင်းကို ကြည့်ရင် ဗဟုသုတ နည်းတာကြောင့်လည်း ပါတယ်ဆိုတဲ့ အချက်ကို ပုဏ္ဏးကျွန်းက ဖားသွားဖမ်းသူတချို့ ဗုံးသီးကို ကောက်ယူခဲ့ကြဖို့ မီးဖိုဘေးမှာ ပေါက်သွားတဲ့ဖြစ်စဉ်၊ မင်းပြားမြို့နယ် စပါးထားကျေးရွာမှာ ဖြစ်ခဲ့တဲ့ ကလေးအုပ်စုလိုက် သေဆုံးဒဏ်ရာ ရကြတဲ့ဖြစ်စဉ်၊ ရသေ့တောင်မြို့နယ်မှာ လက်ပံပွင့်ကောက်ရင်း ဗုံးသီးကို ထုကြည့်လို့ ကလေးငယ်တွေ သေဆုံးဒဏ်ရာရတဲ့ ဖြစ်စဉ်တွေက သက်သေပြနေမှာပါ။


ရွာသားတွေ အခုလို သံသယဝင်လာကြတဲ့ အကြောင်းအရင်း ထဲမှာ တိုက်ပွဲတွေ ရပ်တန့်နေတဲ့ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီအနေနဲ့ ကုန်းလမ်းရေး လမ်းနှစ်ခုလုံးမှာ လုံခြုံရေး၊ စစ်ဆေးရေးတွေ ပြန်လည် လုပ်ဆောင်လာတာ၊ စစ်အင်အားတိုးချဲ့လာတာသလို AA ဖက်ကလည်း ပြည်နယ်အတွင်း အုပ်ချုပ်ရေး အပါအဝင် တရားစီရင်ရေးရာကဏ္ဍတွေ ဆောင်ရွက်လာပြီး ပြည်သူလူထုထောက်ခံမှု ပိုကြီးလာပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာတော့မလား ဆိုတဲ့ စိုးရိမ်စိတ်ဝင်တဲ့ အကြောင်းအရင်းတွေလည်း ပါဝင်ပါတယ်။

 523 total views,  1 views today