ထူး ၊ ရိုးမရေဒီယိုမဂ္ဂဇင်း


ရခိုင်ပြည်နယ်မှာ အစိုးရက တရားဝင် ခန့်အပ်ထားကြတဲ့ တိုင်းရင်းသား ဘာသာသင် နေ့စားလပေး ပညာရေးဝန်ထမ်းများ လစာထုတ်မရတဲ့ အခက်ခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။


အခုလို လစာမရတာကြောင့် စားဝတ်နေရေး ခက်ခဲနေပြီး ပညာရေးဝန်ထမ်းချင်းအတူတူ နေ့စားလပေး ဝန်ထမ်းတွေကို လစာမပေးတာဟာ ခွဲခြားဆက်ခံသလို ဖြစ်နေတယ်လို့ မင်းပြားမြို့နယ် ကြောင်ရေချိုး ကျေးရွာမှာ တာဝန်ကျနေတဲ့ တိုင်းရင်းသားဘာသာသင် ဆရာမ မလှအေးဝင်းက ပြောပါတယ်။
“ဝန်ထမ်းအချင်းချင်းမှာတောင် TA တွေကို ပညာရေးဝန်ထမ်း မဟုတ်သလို ခွဲခြားဆက်ဆံတော့ ကျွန်မတို့ စိတ်မကောင်းဖြစ်ရတယ်။ ပြီးခဲ့တဲ့နှစ်က တရားဝင်ကျောင်းပိတ်ရက်ကလွဲရင် ကျန်တဲ့နေ့တွေအတွက် အပြည့်ရတယ်။ ခုက ပြခဲ့တဲ့ ရက်တွေအတွက်တောင် မပေးဘူး။ နိုင်ငံတော်က ကိုဗစ်ကာလမှာ ထောက်ပံ့တာ တွေကို မမျှော်လင့်ဘူး။ ပုံမှန်လစာလေးပေးဖို့ပဲ မျှော်လင့်တာပါ။”


NLD အစိုးရအာဏာရချိန် ပြီးခဲ့တဲ့နှစ်က ကိုဗစ်ဒုတိယလှိုင်းမှာတော့ ကျောင်းပိတ်ထားပေမယ့် ပုံမှန်လစာ ရရှိခဲ့ကြပြီး စစ်ကောင်စီလက်ထက်မှာတော့ ကိုဗစ်ကြောင့် ကျောင်းပိတ်လိုက်တဲ့ ပထမလမှာတင် လစာမရဘဲ ဖြစ်နေကြတာပါ။


အခြေခံ လုပ်အားခ တစ်နေ့ကို ၄၈၀၀ ရရှိကြတဲ့ ဒီဆရာ၊ ဆရာမတွေကို တိုင်းရင်းသားစာပေ သင်ကြားဖို့အတွက် အစိုးရက တရားဝင် ခန့်အပ်ထားသူတွေလည်း ဖြစ်ပါတယ်။
၂၀၂၁ ပညာသင်နှစ်အတွင်း တစ်ပြည်နယ်လုံးက စာသင်ကျောင်းတွေကို ဇွန်လကတည်းက စတင်ဖွင့်လှစ်သင် ကြားနိုင်ခဲ့ပေမယ့် ကိုဗစ်ကြောင့် သေဆုံးသူနဲ့ ကူးစက်ခံရသူတွေများလာပြီးနောက် ဇူလိုင်လ ၉ ရက်နေ့ကနေ ကျောင်းတွေပိတ်ဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။


နေ့စားလပေးဝန်ထမ်းတွေဟာ ဇွန်လအတွက် လစာအပြည့်ရခဲ့ကြပြီး ၈ ရက်အထိ အလုပ်လုပ်ခဲ့ရတဲ့ ဇူလိုင်လ အတွက်မရဘဲ ဖြစ်နေကြတာလို့ ဆိုကြပါတယ်။
ပုံမှန်ဆိုရင် အစိုးရတရားဝင် ရုံးပိတ်ရက်တွေနဲ့ နွေရာသီကျောင်းပိတ်ရက်အတွက်ကိုပဲ လစာဖြတ်တောက်ရမှာ ဖြစ်ပြီး ကိုဗစ်ကာလဟာ တရားဝင်ရုံးပိတ်ရက် မဟုတ်တဲ့အတွက် လစာပေးဖို့ နစ်နာသူတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။


“အခုက ဘယ်လိုလဲဆိုတော့ ဇွန်လက ကျောင်းတက်ရတယ်။ လကုန်တော့ လစာရပါတယ်။ အခု ဇူလိုင်လမှာ လကုန်ပေမယ့် လစာမရလို့ ရုံးကိုသွားပြောတယ်။ အထက်က ပြောတာက ဘဏ်မှာ ဘတ်ဂျတ်မရှိလို့ မပေးနိုင်ဘူးပေါ့။ အဲလိုပြောတယ်။ သြဂုတ်လကုန်မှာ နှစ်လစာ ပေါင်းပေးဖို့လဲ ကြားရတယ်။ ဒါပေမဲ့ မသေချာပါ။ တရားဝင်စာ ထုတ်ထားတာ မရှိဘူး။ မနှစ်က ကျွန်တော်တို့မှာ ကိုဗစ်ကာလ ကျောင်းပိတ်ကာလ ဖြစ်တယ်။ တရားဝင်ကျောင်းပိတ်ကာလ မဟုတ်ပါ။ မနှစ်ကတော့ ဇူလိုင်လ လစာက နေပြီးတော့ နှစ်လပိုင်း နွေရာသီကျောင်းပိတ်တဲ့အထိ လစာရပါတယ်။ အခုဒီလက တရားဝင်ကျောင်းပိတ်တဲ့ ကာလ မဟုတ်ပါ။ ကိုဗစ်ကို အကြောင်းပြပြီး ပိတ်ထားတာပဲ ရှိတယ်။ ကျွန်တော်တို့လည်း တာဝန်ယူထားတဲ့ အတိုင်း ကျောင်းတက်ပါတယ်။ ရခိုင်စာပေတင်မက တခြားဘာသာပါ သင်ပေးရတယ်။”လို့ နေ့စားလပေး ပညာရေး ဝန်ထမ်းအရေးလှုပ်ရှားသူ သံတွဲမြို့နယ် ညောင်ပင်ဈေးအမကကျောင်းက ဆရာကိုအောင်မင်းထွန်းက ပြောပါတယ်။


ပြီးခဲ့တဲ့ နှစ်က စာရင်းဇယားတွေအရ မြန်မာတစ်နိုင်ငံလုံးမှာ တိုင်းရင်းသားစာပေသင် ပညာရေးဝန်ထမ်း စုစုပေါင်း ၁ သောင်းကျော်ရှိပြီး ရခိုင်တပြည်နယ်လုံးမှာတော့ ခန့်မှန်းခြေ တစ်ထောင်ကျော်လောက် ရှိနေပါတယ်။
သူတို့တွေဟာ တိုင်းရင်းသား စာပေတွေသာမက သက်ဆိုင်ရာကျောင်းတွေမှာ လစ်လပ်နေတဲ့ နေရာတွေ အတွက်ပါ တာဝန်ယူကြရပြီး အမြဲတမ်း ဆရာ၊ ဆရာမတွေနည်းတူ လုပ်ကိုင်ကြရပါတယ်။


မလှအေးဝင်း ဆိုရင် သူတာဝန်ကျရာကျောင်းမှာ ပထမတန်းအတန်းပိုင် တာဝန်ယူထားရသလို ကိုအေးမင်းထွန်း ဆိုရင်လည်း ရခိုင်စာပေအပြင် ကျောင်းမှာ လစ်လပ်နေရာတွေအတွက်လည်း ဝင်ပြရတယ်လို့ ပြောကြပါတယ်။
မလှအေးဝင်းက “ဒီလစာကို မှီခိုသုံးစွဲနေရသူတွေ အများကြီးရှိတယ်။ မပေးဘူးဆိုလို့ရှိရင် အခက်ခဲတွေကြီးတယ်။ တချို့တွေဆိုရင်လည်း ကိုယ့်ရွာကနေ တခြားရွာတွေကို သွားပြရတာတွေ ရှိတယ်။ စားစရိတ်တွေကအစပေးလို့ပေါ့။ တစ်လကို လေးငါးခြောက်သောင်း။ အဲဒီလစာနဲ့ မလောက်ငှလို့ အိမ်ကစရိတ် တောင်းရတာတွေ ရှိသေးတယ်။ အဲဒီထဲမှာ လစာမရဘူး ဆိုရင် အခက်ခဲတွေ အများကြီး ရှိသွားတာပေါ့။”လို့ ပြောပါတယ်။


တကယ်တော့ ရခိုင်ပြည်နယ်မှာ ဆရာ၊ ဆရာမ ၂၉၀၀၀ ဦး ခန့်သာရှိပြီး အဲဒီအင်အားကို စာသင်ကျောင်းပေါင်း ၃၃၀၉ ကျောင်းနဲ့ ကျောင်းသားဦးရေ ၃၈၂၇၀၅ ဦးကို ဖြန့်ကြက် တာဝန်ပေးထားရပြီး ဝန်ထမ်းအင်အား မလောက်ငှမှုတွေ ဖြစ်နေတယ်လို့ ပညာရေးဝန်ထမ်းတွေက ထောက်ပြကြပါတယ်။


သံတွဲမြို့နယ် ညောင်ပင်ဈေး အမကကျောင်းက ဆရာကိုအောင်မင်းထွန်းကတာ့ ပညာရေးဌာနတွေအနေနဲ့ အကြောင်းစုံကို တရားဝင်စာထုတ်ပြီး တိတိကျကျ ကြေညာလိုအပ်တယ်လို့ ဆိုပါတယ်။


ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက ဘဏ္ဍာရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းဌေးဌေးညွှန့်ကို မေးမြန်းရာမှာတော့ ၂၀၂၁ ခုနှစ်အတွက် နေ့စားဝန်ထမ်းတွေကို ဇွန်လ တစ်လစာပဲ ခွဲဝေပေးထားတယ်လို့ ဖြေကြားပါတယ်။
“ရုံးချုပ်မှာကိုယ်တိုင်က ဇွန်လတစ်လစာပဲ ခွဲဝေထားတယ်။ သူတို့ရဲ့ လမ်းညွှန်ချက် အတိုင်းပဲ ကျွန်မတို့က လုပ်ရပါတယ်။ ဇူလိုင်လအတွက် ရုံးချုပ်ကခွဲဝေချက်မရဘူး။ သူတို့က နေ့စားတွေ ဖြစ်တော့ ကျောင်းပိတ်ထားလို့ ရုံးဖက်က မခွဲဝေထားဘူး။”


မျိုးနွယ်စု ၇ ခုရှိတဲ့ ရခိုင်ပြည်နယ်မှာ ခမီနဲ့ ရခိုင်ဘာသာတွေကို တရားဝင်သင်ကြားဖို့ ပြဌာန်းထားပြီး အဲဒီ ဘာသာသင်ဖို့ အတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ တစ်ကြိမ်၊ ၂၀၂၁ ခုနှစ် ဇွန်လမှာ တစ်ကြိမ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။


လက်ရှိမှာ လစာမရဖြစ်နေကြတဲ့ သူတွေထဲ ၉ တန်းအောင်ကနေ ဘွဲ့ရအထိ ပညာအရည်အချင်း ရရှိထားသူတွေ ပါဝင်ပြီး အများစုက လူငယ်တွေ ဖြစ်ကြပါတယ်။

 504 total views,  1 views today