ရိုးမရေဒီယိုမဂ္ဂဇင်

အောက်တိုဘာ ၃၁။ ။ ဒုက္ခသည်ကယ်ဆယ်ရေးစခန်း (ကမ့်) အား ပိတ်သိမ်းပြီးပါက လွတ်လပ်စွာ သွားလာခွင့်ကို ရရှိဖို့ စစ်တွေမြို့ရှိ သက္ကေပြင်ဒုက္ခသည်စခန်းတွင် နေထိုင်သူများက လိုလားနေကြသည်။

ရခိုင်ပြည်နယ်တွင် ကမ့် စုစုပေါင်း ၁၈ ခုရှိနေပြီး အိမ်ထောင်စု ၂၀၅၁၆ စု၊ လူဦးရေအားဖြင့် ၁၁၀၀၁၅ ဦး ရှိနေကာ ထိုကမ့်များအားလုံးကို ပိတ်သိမ်းနိုင်ရေး နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းတို့ ပူးပေါင်း ဆောင်ရွက်လာနေခြင်း ဖြစ်သည်။

သက္ကေပြင်ဒုက္ခသည်စခန်းတည်ရှိရာ စစ်တွေတွင် ကမ့် ၁၂ ခု ရှိနေပြီး ယင်းထဲမှ ထိုစခန်းကို ပိတ်သိမ်းရေး အစိုးရက စီစဉ်လာမှုအပေါ် ဒုက္ခသည်များက ဖွင့်ဟလာခြင်း ဖြစ်သည်။

“စခန်းပိတ်လိုက်ရင် လေးငါးခြောက်လလောက်ဆိုရင် ရိက္ခာကို ပိတ်မယ်။ ကိုယ်ဟာ့ကိုယ်လုပ်စားရမယ်။ အဲ့အချိန်ကျရင် ဘယ်နေရမှ သွားလို့လဲမရဘူး။ တော်တော့်ကို ကျပ်တည်းသွားမှာပဲ။ အဓိကကတော့ စခန်းကိုမပိတ်ခင် လွတ်လပ်စွာ သွားလာခွင့် ရခဲ့ရင် ပိုပြီးအဆင်ပြေပါမယ်” ဟု လူဦးရေ ၆၀၀၀ ကျော်ခန့် နေထိုင်ကြသည့် သက္ကေပြင် စခန်းမှ ဦးရွှေလှ(ခ)အာဒူရော်ဟိမ်းက ပြောသည်။

“အရင်နေခဲ့တဲ့နေရာကို ပြန်လိုချင်တယ်။ ခရီးသွားလာခွင့်လည်း လိုချင်တယ်” ဟု စခန်းတွင် နေထိုင်သူ နောက်ထပ်တစ်ဦးဖြစ်သော ဦးလေဒူးက ပြောသည်။

သက္ကေပြင်စခန်းကိုပိတ်သိမ်းရန် အစိုးရမှ ယခုနှစ်ဇန်နဝါရီလမှ စတင်ပြီး စီစဉ်နေသည်။

စခန်းအတွင်း နေထိုင်သူများကို အကြောင်းကြားထားပြီးဖြစ်သလို အပြီးတိုင်ပိတ်သိမ်းနိုင်ရေးအတွက် နေထိုင်သူ ဒုက္ခသည်များနှင့် အစိုးရကြား ညှိနှိုင်းနေရဆဲဖြစ်သည်။

ဒုက္ခသည်များက ၎င်းတို့အနေဖြင့် လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ရရှိဖို့ကိုသာ မျှော်လင့်နေကြသည်။ အစိုးရအနေဖြင့် လက်ရှိ သက္ကေပြင်စခန်းအနီးတစ်ဝိုက်တွင်သာ ပြန်လည်နေရာချထားပေးမည်ဟု ပြောဆိုထားသည်။

ထိုစခန်းသည် ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်စဉ်များကြောင့် စတင်ပေါ်ပေါက်လာခြင်းဖြစ်ကာ ယခုဆိုလျှင် ၆ နှစ်ကျော်ခဲ့ပြီဖြစ်သည်။

လက်ရှိအချိန်တွင် စခန်းတွင်းနေထိုင်သူများအား ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(World Food Program- WFP) မှ စားနပ်ရိက္ခာများ ထောက်ပံ့ထားသည်။

မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့၏ အကြံပြုချက်များထဲတွင် ပါရှိသော  IDPs စခန်းများကို ပိတ်သိမ်းပြီးနောက် နိုင်ငံသားဖြစ်ခွင့်ရှိသူများကို လွတ်လပ်စွာ သွားလာခွင့်ပေးရန် ဆိုသည့်အချက်ကို အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။

 499 total views,  1 views today