ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

AA နဲ့ တပ်မတော်တို့ရဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေ ရပ်နေတာ ၆ လ လောက် ရှိနေပါပြီ။ သို့ပေမဲ့ မိုင်းနဲ့ စစ်ကျန် လက်နက် ပေါက်ကွဲမှု အန္တရာယ်ကိုတော့ မကြာခဏဆိုသလို ကြားနေရပြီး တစ်ဖက်မှာ လည်း တပ်မတော်က တပ်စွဲ နေရာယူထားတာတွေ လက်ရှိ အချိန်ထိ ရှိနေပါတယ်။

ဒီ အကြောင်းအရင်းတွေကြောင့် တောတောင်ကို မှီခို လုပ်ကိုင် စားသောက်သူတွေအနေနဲ့ တောထဲ၊ တောင်ထဲ မဝင်ရဲကြတော့ဘဲ စားဝတ်နေရေး အပိုင်းမှာ အခက်ခဲ ဖြစ်နေကြရပါတယ်။ ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် အထက်ပိုင်းက ဦးစွန်းတောင် ကျေးရွာမှာဆိုရင် မြို နဲ့ ခမီ တိုင်းရင်းသားတွေ နေထိုင်ကြပါတယ်။

ဒီကျေးရွာမှာ အထက်၊ အောက်နှစ်ရွာ ခွဲထားပြီး နှစ်ရွာလုံး ပေါင်းလိုက်ရင် လူဦးရေ ၈၀၀ ကျော် ရှိပါတယ်။ ရွာသား အများစုကတော့ သူတို့ကိုယ် သူတို့ “မြို” လို့ ခံယူထားကြပေမယ့် နိုင်ငံရေး အသိုင်းအဝိုင်းတွေကို မေးမြန်းရာ မှာတော့ ဒီရွာဟာ “ခမီ” ရွာသားတွေ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒီ ကျေးရွာမှာ နေထိုင်သူတွေဟာ တိုင်းရင်းသားတွေ ဖြစ်တဲ့အလျောက် ဟင်းရှာ၊ ထင်းခုတ် လုပ်ကိုင် စားသောက် ကြသူတွေ ဖြစ်ပြီး ပြီးခဲ့တဲ့ AA နဲ့ တပ်မတော်တို့ ရခိုင့်မြေပြင်မှာ စစ်ပွဲတွေ စတင်လာခဲ့ချိန်မှာတော့ သူတို့ရဲ့ ထမင်းအိုး ကွဲသွားပါတော့တယ်။

“အရင်နဲ့ ခုနဲ့က မတူတော့ဘူးလေ။ အရင်ကတော့ တောင်ကြီးတွေမှာ သွားကြတယ်။ ရှာကြတယ်။ ခူးကြတယ်။ တစ်ရွာလုံးက မရှိတာလည်း ရှာ။ ရှိတာလည်း ရှာကြနဲ့။ ခုက လုံးဝ မသွားရဲဘူး။ ဒီ စစ်ပွဲ ဖြစ်ကတည်းက လုံးဝ မသွားရဲတော့တာ။ တောင်တွေကို မတက်ရဲတော့ဘူး။ တစ်ယောက်မှ ထင်းတွေ ဘာတွေ ခုတ်ဖို့လည်း မသွားရဲဘူး။ မိန်းမတွေမပြောနဲ့ ယောကျာ်းတွေလည်း အခု မသွားရဲ ကြတော့ဘူး။”

အသက် (၄၅) နှစ်အရွယ် ဦးစွန်းတောင် အောက်ရွာဒေသခံ ဒေါ်ဝါဝင်းရွှေ ပြောပြ သွားတာပါ။

Photo: Arakan Yoma

AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေဟာ ၂၀၁၈ ကုန်ပိုင်းမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အချိန် အတောအတွင်း တိုက်ပွဲတွေကြောင့် ကျေးရွာတွေကို လက်နက်ကြီး ကျရောက် ပေါက်ကွဲတာတွေ ဖြစ်ဖူးတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။

အဆိုပါ တိုက်ပွဲတွေ ငြိမ်သက်သွားလို့ လက်နက်ကိုင် အဖွဲ့တွေ အေးချမ်းသွားချိန် ရောက်တဲ့ အထိတောင် သူတို့ ရွာသားမှာတော့ ဒီအခက်အခဲကို ကြုံနေရဆဲ ဖြစ်ပါတယ်။ အသက် (၁၇) နှစ်အရွယ် မန္ဒာစိုးကတော့ တောင်ပေါ်မှာ စစ်သားတွေ လက်ရှိ အချိန်ထိ ရှိနေသေးတာကြောင့် သူမရဲ့အမေဟာ တော၊ တောင်မသွားရဲ ဖြစ်နေရပြီး မိသားစု စားဝတ်နေရေး အဆင်မပြေတော့ဘူး လို့ ဆိုပါတယ်။

“အခက်ခဲက စားဝတ်နေရေးတွေ အဆင်မပြေဘူး။ အဖေကလည်း မလေးရှားမှာပါ။ အမေက ထင်းရောင်းစားရ တယ်လေ။ အဲတောင်ပေါ်မှာလည်း စစ်သားတွေရှိတော့ အဲစစ်သားတွေနဲ့ ဝင်လို့မရဘူး။”

လက်ရှိမှာတော့ ဒီရွာသားတွေအနေနဲ့ ရွာအနီးဝန်းကျင်မှာပဲ ရှာဖွေ စားသောက်နေကြရပြီး ကျပန်း လုပ်ငန်းခွင် တွေမှာ ဝင်ရောက် လုပ်ကိုင်နေကြရတယ် လို့ ဆိုပါတယ်။ ဒါပေမယ့် နဂိုကတည်းက အလုပ်အကိုင် ရှားပါးတဲ့ ဒေသ ဖြစ်တာကြောင့် အလုပ်အကိုင် ပုံမှန် မရှိကြပါဘူး။

“ဦးစွန်းတောင်ရွာက လူတွေက ၅၀%သည် ဒီတောတောင်တွေကို မှီခိုပြီးတော့ လုပ်ကိုင် စားသောက်ရတဲ့ အတွက်ကြောင့် ခုက တောတောင်တွေကို ကိုယ် လိုအပ်သလို သွားလို့ မရတဲ့အခါ တောတောင်ကို မှီခိုပြီး စားသောက်တဲ့ သူတွေက နည်းနည်း အခက်အခဲဖြစ်တယ်။ အရင်တုန်းက တစ်ချို့လူတွေက တောကို မှီခို စားကြတယ်။ တစ်ချို့လူတွေက လယ်ယာ လုပ်စားကြတယ်။ အဲလိုရတဲ့ အလုပ်တွေကို ကျပန်း တောတောင်တွေကို မသွားရတဲ့ အတွက် အဲလို ကျပန်းအလုပ်တွေကိုပဲ ရှာဖွေ စားသောက် ရတာပါပဲလေ။ အရင်ကလိုတော့ ဘယ်အဆင်ပြေပါမလဲ။ တောတောင်တွေမှာ သွားရင် မိုင်းထိမှာ ကြောက်တယ်။ အဲလို အကြောင်း အမျိုးမျိုးကြောင်း ခုက တိုင်းပြည် အေးချမ်းသော်လည်း မိုင်းတွေက ဖော်လို့ ပြီးချင်ရင်မှ ပြီးမှာလေ။ ဖော်လို့ မပြီးခဲဘူး။ မဖော်ခဲ့ဘူးဆိုရင် မိုင်းနင်းမှာ ကြောက်ကြတယ်။ အဲဒီ အကြောင်းတွေကြောင့် တောတောင်တွေကို မသွားရဲကြတော့ဘူး။ အဲ အချက်တွေပါတယ်။”လို့ ဦးစွန်းတောင် အောက်ရွာ ရာအိမ်မှူး ဦးကျော်မြတ်ဦးက ပြောပါတယ်။

Photo: Arakan Yoma

အဆိုပါ ဒေသတွေဟာ မြို့နဲ့ဝေးတဲ့ ဒေသ တစ်ခုဖြစ်သလို မိုင်းနဲ့ စစ်ကျန်လက်နက် အန္တရာယ်ကို သိရှိမှု အားနည်းပါတယ်။

“အဓိက ဒီကျေးရွာမှာ မိုင်းနဲ့ ပတ်သက်ပြီးရင် ပညာပေး လုပ်ငန်းတွေ သဘောက မသင်္ကာ တစ်စုံတစ်ရာ တွေ့ခဲ့ရင် မကိုင်ဖို့ မယူဖို့ အဲဒါတွေကို ကျေးရွာမှာ မိုင်းနဲ့ ပတ်သက်ပြီးရင် အသိပညာပေးတွေ လုပ်စေချင်တယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လည်း ဥပမာ မိုင်းတွေ ထောင်ထားတယ်ဆိုရင် အဲမိုင်းတွေကို ရှင်းလင်း ပေးစေ ချင်ပါတယ်။”လို့ သူက ဆက်ပြောပါတယ်။

ရခိုင် တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး – REC ရဲ့ စာရင်း ကောက်ယူချက်တွေ အရ ဆိုရင် ရခိုင် မြောက်ပိုင်းမှာ မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၀ ကျော်နဲ့ ထိခိုက် ဒဏ်ရာရသူ ၈၀ ကျော် လောက် ရှိနေပါတယ်။

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်ကတော့ မြေမြုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန် လက်နက် ပေါက်ကွဲမှုကြောင့် ရခိုင်ပြည်နယ်က ကလေးငယ် ၄၇ ရာခိုင်နှုန်း ထိခိုက် သေဆုံးနေရပြီး မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာမှာ အများဆုံးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကျေးရွာသားတွေကတော့ သူတို့တွေ အနေနဲ့ လုံလုံခြုံခြံနဲ့ နဂိုအတိုင်း လုပ်ကိုင်စားလို့ နေနိုင်ဖို့ အတွက် မိုင်း ရှင်းလင်းရေးတွေနဲ့ တပ်စွဲထားတဲ့ စခန်းတွေကို ပြန်လည် ရုတ်သိမ်းပေးဖို့ တောင်းဆို နေကြပါတယ်။

“တောင်းဆိုချင်တာက အရင်ကလို တောင်တွေကို သွားပြီး ခူးပြီးရှာလို့ စားရအောင်အတွက် တောင်တွေမှာ မိုင်း ထောင် ထားတာတွေကို သန့်ရှင်းရေးတွေ လုပ်ပေးစေချင်ပါတယ်။ ခု တောင်တွေကို မသွားရတာက စစ်သားတွေက တောင်ပေါ်မှာ ရှိသေးလို့ပေါ့။ ဦးစွန်းတောင်စေတီမှာ။ ရွာသားတွေကလည်း မထွက်ရဲ။ မသွား ရဲဘူးပေါ့။ အဲလူတွေက မိုင်း ထောင်ထားမလား မိုင်းတွေကိုလည်း ကြောက်ရတယ်။ အရင်က စေတီမှာ စစ်သား မရှိဘူး။ သွားချင်သလို သွား။ ရှာချင်သလို ရှာ။ ခူးချင်သလို ခူးလို့ရတယ်။ ခုက ဟိုကိုလည်း ကြောက်။ ဒီကိုလည်း ကြောက်။ ကျမတို့က ကြားကနေ ကြောက်ဖို့ ဖြစ်နေတယ်။ အဲဒါကြောင့် ခက်ခဲနေရတာ။ စားရေး သောက်ရေး၊ အကုန်လုံး။ ရွာကိုတော့ မဆင်းဘူး။ ခုထက်ထိ ရှိတယ်။”လို့ ဒေါ်ဝါဝင်းရွှေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင်ပြီး ရန်ကုန်-စစ်တွေ အဝေးပြေး ကားလမ်းမ တလျှောက်မှာ တပ်မတော်က မိုင်း ရှာဖွေ ရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမယ့် ဒေသခံတွေကတော့ သူတို့ဟာ လူကြီး လမ်းကြောင်း လုံခြုံရေးအတွက်သာ လုပ်ဆောင်တာ ဖြစ်ပြီး တောတောင်တွေမှာပဲ ရှင်းလင်းပေးဖို့ လိုလား နေကြတာပါ။ ပြည်နယ်ကောင်စီ တာဝန်ရှိသူ ဗိုလ်မှူးကြီး မင်းသန့်ကတော့ AA နဲ့ တပ်မတော်တို့ အပစ်ခတ် ရပ်စဲရေးတွေ လုပ်ဆောင် လာနိုင်ရင် တောတောင်တွေမှာ မိုင်း ရှင်းလင်းရေးတွေ လုပ်ဆောင် လာနိုင်လိမ့်မယ် လို့ ပြောထားပါတယ်။

ဦးစွန်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနေဝင်းကတော့ သူတို့ ရွာတွေမှာ မိုင်း ရှင်းလင်းပေးဖို့ တောင်းဆိုခဲ့ကြ တာကြောင့် ရှင်းလင်းပေးမယ် ဆိုတဲ့ အကြောင်းကြားစာ ရခဲ့ပေမယ့် အဲဒီ ကိစ္စဟာ ဒီနေ့အထိ အကောင်ထည် ပေါ်လာတာ မရှိဘူးလို့ ပြောပါတယ်။

“ကျနော့်မှာ စာတင်ပြီးရင် ရောက်လာတာ ရှိပါတယ်။ မိုင်း ရှင်းလင်းဖို့ လာမယ် ဆိုပြီး ကျနော့်ဆီ စာရောက်လို့ ရှိတယ်။ လာမလား ဆိုပြီး ကျနော်လည်း မျှော်လင့်ချက် ရှိတယ်။ ကျနော့် ရပ်မိရပ်ဘတွေကိုလည်း တင်ပြလို့ ရှိပါတယ်။ ကျနော်တို့ ဒီမှာ မိုင်း ရှင်းဖို့ လာမယ်လို့ စာရောက်လို့ ရှိတယ် ဆိုပြီး ကျနော်က ကြိုတင် ပြောထားပါတယ်။ ကျနော့်ရွာသူ၊ ရွာသားက တောတောင်ကို မှီခိုပြီးစားတဲ့ လူတန်းစား ဖြစ်တာကြောင့် မိုင်း ရှင်းလင်းချင်တယ်။”

မြိုနဲ့ ခမီတိုင်းရင်းသားတွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းက တောင်ပေါ်ဒေသတွေမှာ နေထိုင်ကြပြီး တောင်ယာနဲ့ လယ်လုပ်ငန်းတွေ လုပ်ကိုင်လေ့ ရှိကြပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေ ရပ်တန့်နေပေမယ့် အဆိုပါ လူမျိုးစုတွေလိုပဲ တောင်တောင်ကို မှီခို လုပ်ကိုင်စားသောက်နေသူတွေ အကုန်လုံးဟာ အဲဒီ အန္တရာယ်တွေ ကြုံတွေ့ နေကြရတာလည်း ဖြစ်ပါတယ်။

 537 total views,  1 views today