ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ကမ္ဘာပေါ်မှာ တစ်နှစ်ကို ပလက်စတစ် သန်း ၃ ရာလောက် ထုတ်လုပ်လျက် ရှိနေပါတယ်။ အဲဒီထဲက ၉ ရာခိုင်နှုန်း လောက်ကိုသာ ပြန်လည် သုံးစွဲလေ့ရှိပြီး ကျန်တဲ့ ၁၂ ရာခိုင်နှုန်းဟာ လေထဲမှာ အဆိပ်တောက် အဖြစ် ပျံ့နှံ့သွားသလို ကျန်တဲ့ ၇၉ ရခိုင်နှုန်းဟာလည်း ပတ်ဝန်းကျင်မှာ ဒီအတိုင်းပဲ ရှိနေပါတယ်။

ပလက်စတစ် တန်ချိန် ၈ သန်း ကျော်ဟာ ပင်လယ်ထဲကို ရောက်ရှိသွားပြီး အဲဒီရေထု ညစ်ညမ်းမှုကြောင့် ရေနေသတ္တဝါ သေဆုံးမှု ၃ ဆအထိ တိုးလာ နိုင်တယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ဆောင်နေတဲ့ နိုင်ငံတကာ အဖွဲ့တွေက သတိပေးနေပါတယ်။ ဒါ့အပြင် အဲဒီအမှိုက်တွေကို လာပုံတဲ့နေရာမှာ ဆိုရင်လည်း ဘေး ပတ်ဝန်းကျင်ကို ကျန်းမာရေး ထိခိုက်စေသလို သဘာဝ ဓာတ်မြေသြဇာကိုလည်း ဆုံးရှုံးစေပါသေးတယ်။

ဒီအခြေအနေမှာ ပြန်လည် တီထွင်အသုံးပြုမှုဟာ အရေးပါလာပါတယ်။ တနည်းအားဖြင့် ပလက်စတစ်ကို ပြန်လည် အသုံးပြုသူတွေဟာ ကမ္ဘာကြီးကို တစ်ဖက်တစ်လမ်းက ကယ်တင်နေသူတွေပါ။ ဒါပေမယ့် ကျနော်တို့ ပတ်ဝန်းကျင် မှာတော့ စွန့်ပစ် ပလက်စတစ်ကို ပြန်လည် တီထွင်သုံးစွဲနိုင်ဖို့ အတွက် အဓိက ထောက်ပံ့ ပေးသူတွေ လို့ဆိုရမယ့် ကောက်ယူ ရောင်းချသူတွေဟာ အဆင်းရဲဆုံး လူတန်းစားတွေ ဖြစ်နေပြီး သူတို့ကို နှိမ်ချ ဆက်ဆံ တာတွေလည်း ခံကြရပါသေးတယ်။

ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမှာဆိုရင် သုဿန်မှာ တစ်မြို့လုံးက အမှိုက်ပုံတွေကို စုယူ သိမ်းဆည်းပြီး စည်ပင်က ကားတွေနဲ့ လာရောက် စွန့်ပစ်ပါတယ်။ အဲဒီ စွန့်ပစ်ပစ္စည်းတွေကို မှီခိုပြီး သက်မွေးဝမ်းကျောင်း ပြုနေ သူ ၆၀ လောက် ရှိနေပါတယ်။ သူတို့တွေဟာ ပြန်လည် ပြုပြင်လို့ရတဲ့ ပစ္စည်းတွေကို ကောက်ယူ၊ ရောင်းချရင်း စားဝတ်နေရေးအတွက် ဝင်ငွေရှာဖွေလေ့ ရှိကြသလို တချို့ဆိုရင်လည်း ဟင်းသီး ဟင်းရွက်တွေကို ကောက်ယူ စားသုံးကြပါတယ်။

ဓာတ်ပုံ – အောင်အောင်မြင့်/Arakan Yoma

“ရတဲ့ ရက်ဆိုရင် ၂၀၀၀ ၊ ၃၀၀၀ ရတယ်။ မရနေ့ဆိုရင် ၁၅၀၀။ အတိုင်းထက်အလွန် နေပူပြင်းလာရင်လည်း မကောက်နိုင်တော့ဘူး။ ထွက်လာရင် ၂ နာရီကျော်၊ ၃နာရီမှ ထွက်လာရတယ်။ နေပူပြင်းရင် မကောက်နိုင်ဘူး။ မနက် ၆ နာရီခွဲ၊ ၇ နာရီလောက် လာကြတယ်။ မနက်ဆိုရင် ၁ နာရီ ထိုးတဲ့အခါထိုးတယ်။ ၁၂ နာရီ ထိုးတဲ့ အခါထိုးတယ်။” လို့ ၇ နှစ်ဝန်းကျင် အမှိုက်ပုံကနေ ပြန်လည် ရောင်းချလို့ရတဲ့ ပစ္စည်းတွေ ကောက်ယူရောင်းချ နေတဲ့ အသက် (၄၀) အရွယ် ဒေါ်စုစုလှိုင်က ပြောပြပါတယ်။

အခုလို လုပ်ကိုင် စားသောက်နေသူတွေထဲမှာ ကျူးကျော်ရပ်ကွက်မှာ နေထိုင်သူတွေ၊ ရွှေ့ပြောင်း လုပ်သားတွေနဲ့ စစ်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေး ခိုလှုံလာကြတဲ့ စစ်ဘေး ဒုက္ခသည်တွေလည်း ပါဝင်ပါတယ်။ အဲဒီအနက် အများစုမှာ အမျိုးသမီးတွေဖြစ်ပြီး ကျောင်းနေအရွယ် ကလေးငယ်တွေလည်း ပါဝင်ပါတယ်။

ဆယ်နှစ်အရွယ် မောင်သန်းဝင်းနိုင်ကတော့ “ကျနော်က မြှောက်ဦးကပါ။ မေမေက ပဲ ရောင်းပါတယ်။ ဖေဖေလည်း ဘီယာဗူး ကောက်တာပါ။ မကြာသေးပါဘူး။ ၅ ရက်၊ ၆ ရက်လောက်ပဲ ရှိပါ သေးတယ်။ ၁ တန်းက ကျောင်းထွက်လိုက်တာပါ။ မိသားစု ၆ ယောက်ရှိပါတယ်။ ညီလေး၊ နှစ်ယောက် ညီမလေး တစ်ယောက်ပါ။ ပြီးတော့ ဖေဖေနဲ့ မေမေပါ။ ဘီယာဗူးကောက်တာ အများကြီးရရင် လေးတယ်။ တခါတလေဆိုရင် ခြေထောက်တွေမှာ ပုလင်းကွဲရှပါတယ်။”လို့ ပြောပါတယ်။

သူတို့အနေနဲ့ ပလက်စတစ်အပါဝင် ပြန်လည်အသုံးပြုလို့ရတဲ့ ဘီယာဗူး၊ ရေသန့်ဗူး၊ ပုလင်းခွံ၊ သံတိုသံစနဲ့ ကော်ဗူးတွေကို ကောက်ယူကြပြီး ဒိုင်တွေဆီမှာ တဆင့်ရောင်းချကြတာပါ။ တစ်နေ့ကို ငွေကျပ်တစ်ထောင့် ငါးရာ လောက်ကနေ ၃၊ ၄ ထောင်လောက်အထိ ရရှိကြပြီး အခြေမကောင်းတဲ့ နေ့တွေဆိုရင် ပန်းရံနဲ့ ကျဘန်း လုပ်ငန်းတွေကို ဝင်လုပ်ကြတယ်လို့ ဆိုကြပါတယ်။

“ကျမက အပျိုဘဝကနေ ဒီလိုလုပ်စားတာပါ။ ကောက်နေခဲ့တာပါ။ ပန်းရံအလုပ် မကျရင် အလုပ်တွေကို လုပ်ပါတယ်။ အိမ်ထောင်ကျပြီး နောက်ပိုင်းတော့ မလုပ်လိုက်တော့ပါ။ အိမ်ရှင်နဲ့ကွဲပြီး နောက်မိန်းမ ယူ သွားတော့ ကိုယ့်မှာ အလုပ်လည်း မရှိသေးဘူး။ ကလေးကလည်း ငယ်ငယ်လေးပဲ ရှိသေးတဲ့အခါ ပြင်ပ အလုပ်ကို လုပ်ဖို့ တစ်ရက်လုံးလည်း အချိန်မရလို့။ အခုလို တစ်မနက်ပဲ လုပ်နေတာပါ။”လို့ အသက် (၂၀) အရွယ် မသဇင်ရွှေက ပြောပါတယ်။

ဓာတ်ပုံ – အောင်အောင်မြင့်/Arakan Yoma

သာမန်လူအရပ်သာသာ မြင့်တဲ့ ဒီအမှိုက်ပုံမှာ လုပ်ကိုင်နေကြတဲ့ သူတို့တွေဟာ ခန္ဓာကိုယ်ကို အကာကွယ် ဖြစ်စေတဲ့ နှာခေါင်းစည်းတွေ၊ ဘွတ်ဖိနပ်ရှည်တွေ၊ လက်အိပ်တွေကို အသုံးပြုဖို့ မတတ်နိုင်ကြပါဘူး။ ဒါကြောင့် နေ့စဉ် မီးမြှိုက်ထားလေ့ရှိတဲ့ ဒီအမှိုက်ပုံက မီးခိုးမွှမ်းတဲ့ ဒဏ်အပြင် မီးလောင်တာ၊ တခါတခါ ဆေးထိုးအပ်နဲ့ ပြတ်ရှစေတဲ့ အရာတွေရဲ့ ဒဏ်တွေကိုလည်း ခံစားကြရပါတယ်။

ရွှေ့ပြောင်းလုပ်သား ဒေါ်ငွေခင်နုက “လင်တစ်ယောက်က လေဖြတ်လို့ အလုပ် လည်း မလုပ်နိုင်ဘူး။ ခု ကြည့် မမြင်တော့လို့။ ဒီအလုပ်တစ်ခါမှ လုပ်ဖူးတာ မဟုတ်ဘူး။ ခြေထောက် တွေမှာ မီးတွေလောင်လို့ အထက်ကို အမှိုက်ပုံပေါ်တက်သွားရင် အထဲကို “ဘိ”ခနဲ ဝင်သွားတယ်။ မီးတွေ လောင်လို့ ပေါ့ ခြေထောက်တွေမှာ။ အခက်ခဲခံရတယ်။ သားရယ်။ ပူတယ် မီးဒဏ်သင့်တယ်။ အရမ်း။ ခွန်းနဲ့ ဆွဲငင် ရတာလည်း ရင်ဖတ်တွေပါ အောင့်တယ်။ ခါးတွေ ပြတ်ကျတော့မဲ့ အတိုင်းပဲ။ အဲဒီလို အခက်အခဲတွေနဲ့ ခံတယ်ပေါ့။ အန်တီလည်း လုပ်တာမကြာသေးဘူး အရင်ဆိုရင် ရေခဲချောင်းရောင်းတယ်။ ပန်းရံလုပ်တယ်။ ခု ပန်းရံလည်း မကျတော့ ဒီလို လုပ်နေတာ။”လို့ ပြောပါတယ်။

နေပူမရှောင်၊ မိုးရွာမရှောင် လုပ်ကိုင်နေကြရတဲ့ သူတို့တွေဟာ ရေသယ်ယူလာဖို့မတတ်နိုင်တဲ့ အခြေအနေတွေ ရှိကြပါတယ်။ ဒါကြောင့် ရေသောက်ငတ်လို့ အနီးအနားပတ်ဝန်းကျင်က ရေတောင်းသောက်တဲ့ အခါမှာလည်း ခွဲခြားဆက်ဆံမှုတွေ ခံကြရတယ်လို့ မသဇင်ရွှေက အခုလို ပြောပြပါတယ်။

“ရေရှားတယ်။ ရေသောက်ငတ်တယ် ဆိုရင် ကျောင်းကိုသောက်ဖို့ ဝင်သွား ရင်လည်း မသောက်ရဘူး။ သောက် မယ်ဆိုရင်လည်း သွားခတ်ရတယ်။ ရေအိုးနဲ့ပေါ့။ ရေအိုးမှာလည်း ခတ်ထား ခဲ့ရသေးတယ်။”

ဒီလို လုပ်ကိုင်စားသောက်နေသူတွေ အနေနဲ့ ပထမမှာပိုင်းမှာ လာရောက်ကောက်သူ နည်းပါးတာကြောင့် အဆင်ပြေခဲ့ ကြပေမယ့် လက်ရှိမှာတော့ ကောက်ယူ ရောင်းချသူများပြားလာပြီး အရင်လို အဆင်မပြေကြတော့ ဘူးလို့ ပြောဆိုကြပါတယ်။

“အခက်ခဲကြုံရတာက ကောက်တဲ့လူဦးရေ များလာတဲ့အခါ ဘယ်လိုမှ အဆင် မပြေဘူး။ အရင်တုန်းကဆို ၇ ရက် တစ်ပတ်လောက်ဆို တစ်ခါ သွင်းလို့ရတယ်။ ငွေက ဘယ်လောက်မှ မကြာဘူး။ လည်ပတ်မှု ရှိတယ်။ ခု တစ်လနေလို့ စုထားတာ မသွင်းရဘူး။ တစ်လကြာသွားတယ်။ တစ်လခွဲ ကြာသွားတယ်။ (စစ်ဘေးဒုက္ခသည်) ကယ်ဆယ်ရေးတွေ ဝင်လာတယ်။ သူတို့မှာလည်း အလုပ်မရှိ။ အကိုင် မရှိတော့ ကောက်ကြတယ်။ သွင်းကြတယ်။ ရောင်းကြတယ်။ စားကြတယ်ပေါ့။” လို့ လက်ရှိကြုံနေရတဲ့ အခက်အခဲကို ဒေါ်စုစုလှိုင်က ရှင်းပြပါတယ်။

တကယ်တော့ သူတို့ဟာ စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတာ ဆိုပေမယ့် ကမ္ဘာကြီးမှာ တစ်နေ့ထက် တစ်နေ့ များပြားလာနေတဲ့ ပလက်စတစ် အန္တရာယ်ကို တစ်ဖက်တစ်ဖက်က လျှော့ချရင်း ပြန်လည် အသုံးပြုလို့ ရအောင် လုပ်ဆောင်နေကြသူတွေပဲ ဖြစ်ပါတယ်။

 537 total views,  1 views today