Arakan Yoma |

ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမှာ အမှိုက်ပုံကို မှီခိုအားထားပြီး လုပ်ကိုင် စားသောက် သူတွေ တစ်နေ့ထက် တစ်နေ့ များပြားလာနေပါတယ်။ စစ်တွေမြို့ရဲ့ ရပ်ကွက် အမှိုက်ပုံတွေမှာ ပြန်လည်အသုံးပြုလို့ရတဲ့ ပစ္စည်းတွေ ကောက်ယူ ရောင်းချသူ အရင်က အနည်းကျဉ်းပဲ ရှိခဲ့ရာကနေ အခုဆိုရင် တော်ရုံမဟုတ်တဲ့ အခြေအနေ တစ်ခုအထိ ရှိလာနေတာပါ။

အမှိုက် လာကောက်သူတချို့ရဲ့ အပြောအရဆိုရင်တော့ အရေအတွက် ၆၀ ကျော် လောက်ထိ ရှိတယ်လို့ သိရပါတယ်။ အခုလို များပြားတဲ့ အရေအတွက်ဟာ ကိုဗစ် ကာလကနေ စတင်ခဲ့ပြီး အခုဆိုရင် ပိုများလာတာ တွေ့ရပါတယ်။

စွန့်ပစ်ပစ္စည်းက တဆင့် ဝမ်းစာ ရှာဖွေကြတဲ့ သူတွေထဲမှာ ကျူးကျော်ရပ်ကွက်မှာ နေထိုင်သူတွေ၊ ရွှေ့ပြောင်း လုပ်သားတွေနဲ့ စစ်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေး ခိုလှုံလာကြတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ပါဝင်လာပါတယ်။ အဲဒီအနက် အမျိုးသမီးတွေ အများဆုံး ပါဝင်ပြီး အသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်း တွေ့ရပါတယ်။

သူတို့တွေဟာ ပလက်စတစ်၊ ဘီယာဗူးခွံ၊ အရက်ပုလင်း၊ သံတို၊ သံစတွေနဲ့ ပြန်လည်ရောင်းချလို့ရတဲ့ ပစ္စည်း တွေကို ကောက်ယူကြသလို တချို့ဆိုရင်လည်း အားလူးတွေ၊ ဟင်းသီးဟင်းရွက်နဲ့ ငရုပ်သီးစတဲ့ စားသုံးလို့ရတဲ့ ပစ္စည်းတွေကို ကောက်ယူကြပါတယ်။

ခန္ဓာကိုယ်ကို အကာကွယ် ဖြစ်စေတဲ့ နှာခေါင်းစည်းတွေ၊ ဘွတ်ဖိနပ်ရှည်တွေ၊ လက်အိပ်တွေကို သူတို့အနေနဲ့ အသုံးပြုဖို့ မတတ်နိုင်ကြပါဘူး။ ဒါကြောင့် နေ့စဉ်မီး မြှိုက်ထားလေ့ရှိတဲ့ စစ်တွေသုဿန်က ဒီအမှိုက်ပုံမှာ လာရောက် လုပ်ကိုင်ကြတဲ့ သူတို့တွေဟာ မီးခိုးမွှမ်းတဲ့ ဒဏ်အပြင် မီးလောင်တာ၊ တခါတခါ ဆေးထိုးအပ်နဲ့ ပြတ်ရှ စေတဲ့ အရာတွေရဲ့ ဒဏ်တွေကိုလည်း ခံစားကြရပါတယ်။

ဒီလို လုပ်ကိုင်စားသောက် နေသူတွေအနေနဲ့ ပထမမှာပိုင်းမှာ လာရောက်ကောက်သူ နည်းပါးတာကြောင့် အဆင်ပြေ ခဲ့ကြပေမယ့် လက်ရှိမှာတော့ ကောက်သူ များတာကြောင့် အဆင်မပြေ ကြတော့ဘူးလို့ ပြောကြပါ တယ်။ အမှိုက်ပုံကို အမှီပြုရင်း လုပ်ကိုင် စားသောက်နေကြတဲ့ နေ့လုပ်နေ့စားတွေဟာ တစ်နေ့ကို ငွေတစ်ထောင့် ငါးရာလောက်ကနေ ၃ ထောင်လောက် အထိ ရကြပါတယ်။

 463 total views,  1 views today