ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

မောင်အေးထွန်းနဲ့ ကျော်ကျော်နိုင်တို့က ကျေးရွာအုပ်စု တခုတည်းမှာ ကြီးပြင်းလာကြတဲ့ ငယ် သူငယ်ချင်းတွေ ပါ။ ဒါပေမယ့် အသက် ၁၈ နှစ် ပြည့်လာချိန် ကျော်ကျော်နိုင်က နိုင်ငံသားကဒ် ကိုင်ဆောင်ခွင့်ရပြီး လွတ်လပ်စွာ သွားလာခွင့်ကို ရခဲ့ပေမယ့် မောင်အေးထွန်းကတော့ အဲဒီအခွင့်အရေးတွေ ကို ဆုံးရှုံး နေရပါတယ်။

“ပုဇွန်မျှားတယ်။ ပုဇွန် မကိုက်ရင် ပိုက်ချတယ်။ အဲဒီလို လုပ်စားနေတာပါ။ (တစ်နေ့ကို ပိုက်ဆံ – ကျပ်) ၃၀၀၀၊ ၄၀၀၀၊ ၅၀၀၀ ရတယ်။ အဲဒီလို ရတာလေးနဲ့ စားနေတာပေါ့။ (နိုင်ငံသားကတ်)မရှိဘူး။ လုပ်လို့ မပေးပါ။ အကြိမ် ၁၀၀ လောက် ကြိုးစားဖူးတယ်။ ငါတို့က နိုင်ငံသား မဟုတ်ဘူးလို့ (သူတို့က – အာဏာပိုင်) ပြောတယ်။ ဘယ်မှလဲ သွားလို့မရဘူး။” လို့ ရွာနံဘေးက ချောင်း ကလေးမှာ လှေငယ်တစ်စင်းနဲ့ ပုဇွန်မျှားနေတဲ့ ကိုမောင်အေးထွန်းက ရင်ဖွင့်ပါတယ်။

နိုင်ငံသားကတ် ကိုင်ဆောင်ခွင့်ရထားတဲ့ ကိုမောင်အေးထွန်းရဲ့သူငယ်ချင်းဟာ မိသားစု စားဝတ်နေရေး အခက်ခဲကြောင့် နိုင်ငံခြားကို သွားရောက်ပြီး အလုပ်လုပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကိုမောင်အေးထွန်းကတော့ အသက် (၃၂) ရှိလာပြီး ကလေး ၃ ယောက်ရတဲ့ အချိန်ထိ နိုင်ငံသား အထောက်ထား မရှိတာကြောင့် ဘယ်ကိုမှ မသွားဖူးသေးဘူးလို့ ပြောပါတယ်။

ကျော်ကျော်နိုင်ဟာ ဒေသခံ ရခိုင်လူမျိုး မိဘတွေက မွေးဖွားလာတဲ့ ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ပြီး မောင်အေးထွန်းကတော့ အစ္စလာမ်ဘာသာဝင် မိဘတွေက မွေးဖွားလာသူ တစ်ဦးပါ။ မတူကွဲပြားတဲ့ ဒီ အသိုက်အဝန်း နှစ်ခုဟာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာအုပ်စုမှာ ငြိမ်ချမ်းစွာ အတူတကွ နေထိုင်ကြတာ ဖြစ်ပါတယ်။

Photo : Arakan Yoma

ချောင်းအလယ်မှာ ပုဇွန်မျှားနေတဲ့ ကိုမောင်အေးထွန်းဆီကို ကျွန်တော်တို့ကို လှေလှော်လိုက်ပို့ရင်း ကိုမောင်မောင်စိုးက “မလေး (မလေးရှား) လည်း သွားချင်တယ်။ သွားချင်ရင် ငွေက ဘယ်က ရမလဲ။ (ကျပ်) သိန်း ၁၀၀ ၊၂၀၀။ သွားလို့ တော့ အဆင်ပြေပါတယ်။ ခိုးလို့ သွားရမှာပေါ့။ နိုင်ငံသားကတ် မရှိလို့ လွယ်လွယ်တော့ မရဘူး။ မီးထဲ အကုန် ပါသွားပါပြီ။ မှတ်ပုံတင် လိုချင်လို့ ဘယ်လို ယူရပါဖို့လဲ။ ကျနော် အဘိုး၊ အဘွားတွေအားလုံး အပေါက်ဝ အလယ်မူမှာ မွေးတာ။” လို့ သူ့ဆန္ဒကို ပြောပြပါတယ်။

ကျေးရွာ ၈ ရွာ ရှိတဲ့ အဲဒီအုပ်စုထဲက ၆ ရွာမှာ ရခိုင်တွေ နေထိုင်ကြပြီး အလယ်မူနဲ့ ပြားမူလို့ ခေါ်တဲ့ ကျေးရွာ နှစ်ခုမှာတော့ မွတ်ဆလင်တွေနေထိုင်ကြပါတယ်။ အလယ်မူမှာ လူဦးရေ ၉၀၀ ကျော်၊ ပြားမူမှာ ၆၀၀ ကျော် စုစုပေါင်း ၁၅၀၀ ဝန်းကျင်လောက်ရှိပြီး ကလေးငယ်နဲ့ အမျိုးသမီး ဦးရေက ပိုများတယ်လို့ ကျေးရွာ တာဝန်ခံ ဦးမောင်မောင်က ပြောပါတယ်။

တစ်ရွာချင်းစီ အမည်ခွဲထားပေမယ့် တရွာနဲ့ တရွာ ဆက်နေတဲ့ ဒီကျေးရွာတွေက မတူကွဲပြားတဲ့ အသိုက်အဝန်း နှစ်ခုထဲက ရခိုင်တို့ကတော့ နိုင်ငံသား စိစစ်ရေးကဒ်ပြားတွေ ကိုယ်စီ ရှိကြပေမယ့် မွတ်ဆလင်တွေမှာတော့ ကျေးရွာကို အုပ်ချုပ်နေတဲ့ ရွာလူကြီးကအစ တစ်ဦး တစ်ယောက်မှာမှ နိုင်ငံသားကတ်ပြား ကိုင်ဆောင်ခွင့် မရှိသေးပါဘူး။

အလယ်မူ ကျေးရွာတာဝန်ခံ ဦးမောင်မောင်က “ကျနော်တို့ရွာမှာ နိုင်ငံသားကတ်ပြားကတော့ တစ်ယောက်မှ မရသေးပါ။ ပြားမူ၊ အလယ်မူ။ အပေါက်ဝထဲမှာ ရှိသမျှ အစ္စလာမ်ဘာသာ တစ်ယောက်မှ ရတာ မရှိပါဘူး။ သုံးခေါက်ချိုး ၁၀၀ ရာခိုင်နူန်းမှာ ၅ ရာခိုင်နူန်း ရှိပါတယ်။ (ကျနော်ကိုယ်တိုင်မှာလည်း) မရှိပါဘူး။” လို့ ပြောပါတယ်။

ဒီကျေးရွာမှာ နေထိုင်ကြတဲ့ သူတွေဟာ လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်းနဲ့ ကုန်ရောင်း ကုန်ဝယ်စတဲ့ တပိုင် တနိုင် အခြေခံ လုပ်ငန်းတွေကို လုပ်ကိုင်ကြသလို မတတ်နိုင်တဲ့ သူတွေကလည်း တချို့ လုပ်ငန်းခွင်တွေမှာ ကျဘန်း အလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကြပါတယ်။ အခုလို နိုင်ငံသား အသိမှတ်ပြု ကတ်ပြား မရှိတာကြောင့် သူတို့တွေဟာ မိမိရဲ့ရွာထဲကနေ နယ်ကျော် သွားလာခွင့် မရဖြစ်နေကြတယ်လို့ ရွာသားတွေက ပြောပါတယ်။

၂၀၁၂ ပဋိပက္ခ မတိုင်ခင်မှာတော့ သူတို့ဟာ ပြည်နယ်အနှံ့ သွားလာပြီး အလုပ်လုပ်ကိုင်ခွင့် ရခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ ပိုမို ကန့်သတ်ခံလာခဲ့ရပြီး မိမိတို့ရဲ့ကျေးရွာထဲက တခြားတစ်ရွာကို အလုပ်သွားလုပ်ဖို့ တောင် အခက်အခဲ ဖြစ်နေကြတာပါ။ ဒီလို အခက်အခဲတွေကြောင့် သူတို့တွေမှာ ကျေးရွာတွင်းမှာ ရှိတဲ့ အလုပ်အကိုင် အနည်းအကျဉ်းကိုသာ မျှတ လုပ်ကိုင်နေကြရပြီး ပိုမိုကြပ်တည်းစွာနဲ့ ဘဝကို ရုန်းကန်နေကြရပါ တယ်။ ဒီအကြောင်းကိုတော့ ကျေးရွာလူကြီး ဦးမောင်မောင်က ဥပမာ ပေးရင်း အခုလိုပဲ ရှင်းပြထားပါတယ်။

“ကျနော်တို့ ရွာထဲမှာ ၂၀၁၂ မတိုင်ခင်ကာလမှာ ဥပမာ – လူအယောက် ၁၀၀ ရှိခဲ့တယ်။ အလုပ်သမား ၁၀၀ ထဲ က ၃၀၊ ၄၀ က ဒီတောင်ကို ကျော်ပြီး ရသေ့တောင်၊ ဘူးသီးတောင်ကို အလုပ်တွေ၊ ဘာတွေ သွားလုပ်လို့ ရတယ်။ ကျန်တဲ့ လူပေါင်း ၆၀၊ ၇၀ ထဲကက ထမင်းတွေ၊ ဟင်းတွေနဲ့ ပုဏ္ဏားကျွန်းနယ်၊ ပေါက်တောနယ်မှာ ပိုက်ချဖို့၊ ငါးဖမ်းဖို့ တစ်လ၊ ၁၅ ရက် သွားတာတွေ ရှိပါတယ်။ နောက် လူ ၂၀၊ ၃၀ လောက်ကျန်ရင် ရွာထဲမှာ အလုပ်တွေ ဘာတွေ လုပ်ပြီးရင် အဆင်ပြေပါတယ်။ ခုက အဲလို အပြင်မှာ သွားပြီးရင် အလုပ် မလုပ်နိုင်တဲ့အခါ ရှိတဲ့ အလုပ်သမား ၁၀၀ က အကုန်လုံး ရွာထဲမှာ ကျန်လိုက်ပါတယ်။ အလုပ်ခိုင်းဖို့ ရှိတဲ့ လူက အယောက် ၃၀။ အလုပ် လုပ်ဖို့ရှိတဲ့ လူက ၁၀၀။ ဒါဆို ၃၀ က အလုပ်ရတယ်ဆိုရင် ကျန် ၇၀ က အလုပ်မရဘဲနဲ့ တန်းလန်းကြီးပေါ့။”

၂၀၁၂ ခုနှစ် ပဋိပက္ခမှာ အဲဒီအချိန်တုန်းက အာဏာရခဲ့တဲ့ ဦးသိန်းစိန် အစိုးရအဖွဲ့ဟာ မွတ်ဆလင်တွေကို သီးခြား ဒုက္ခသည် စခန်းတွေမှာဖြစ်စေ၊ ကျေးရွာတွေမှာ သီးသန့်ဖြစ်စေ ထားရှိခဲ့တာ အခုအချိန်ထိပါပဲ။

အစိုးရဟာ မွတ်ဆလင်တွေသာမက အစ္စလာမ်ဘာသာကိုးကွယ်တဲ့ ကမန်တိုင်းရင်းသားတွေကိုပါ သီးခြားထားရှိခဲ့တာပါ။ ဒီပြဿနာတွေကို အဆိုပါ အစိုးရသက်တမ်း ကုန်လွန်ချိန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရက ဖြေရှင်းနိုင်ဖို့ မျှော်လင့်ခဲ့ကြပေမယ့် ၅ နှစ်သက်တမ်းကုန်တဲ့အထိ မကိုင်တွယ်နိုင်ခဲ့တဲ့အပြင် မွတ်ဆလင်တွေနဲ့ ပတ်သက်ပြီး ထပ်လောင်း ပြဿနာတွေသာ ပေါ်ပေါက် လာခဲ့ပါတယ်။

လက်ရှိမှာတော့ ဒီကျေးရွာတွေမှာ သုံးခေါက်ချိုး ကတ်ပြားကိုင်ဆောင်ခွင့်ရသူ ၅ ရာခိုင်နှုန်း လောက်သာ ရှိပြီး ကျန်တဲ့ သူတွေမှာ ဘာအထောက်အထားမှ မရှိဘူးလို့ ဆိုပါတယ်။ ၂၀၁၆ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံထဲမှာ တရားဝင် နေထိုင်သူအဖြစ် သတ်မှတ်နိုင်မယ့် NVC ကဒ် ထုတ်ပေးမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဒီကတ်ကို ကိုင်ဆောင်သူတွေကို ဘင်္ဂလားဒေ့ရှ်ဖက်ကို ပြန်ပို့မယ်ဆိုတဲ့ ကောလဟာလတွေကြောင့် ဒေသခံတွေဟာ မလိုလားခဲ့ကြပါဘူး။

ကတ် ကိုင်ရမယ်လို့ ကျနော်တို့ကို ပြောတော့ ပြောတယ်။ အဲဒါကို ကျနော်တို့ သံသယ ဝင်ပြီးတော့ ချုပ်တာလည်း မရှိဘူး။ ဒီ NVC ကတ် ကိုင်မဲ့ဟာကို ကျနော်တို့ စိတ်ထဲမှာ တစ်မျိုး ခံစားရတယ်။ ဘာကြောင့်လဲ ဆိုရင် ပြီးခဲတဲ့ ကာလမှာ ကျနော်တို့ကို မှတ်ပုံတင်ပေးမယ် ဆိုလို့ပြီးရင် အဖြူကတ် မှတ်ပုံတင်အဖြူမျိုးကို ကိုင်ပါ ဆိုပြီး ပြောတော့ စစ်တွေက ဟိုက ဒီက လဝက ထောက်ခံစာ ယူလို့ပြီးရင် နယ်ကျော်ရတယ်။ ပြည်ကျော်ရတယ်။ ဒီကတ်ပြားကို ကိုင်တာနဲ့ မကိုင်တာနဲ့ တူတူဖြစ်နေတယ်။ အဲဒါကြောင့် ဒီကတ်ပြားကို ကျနော်တို့ လူမျိုးက မကိုင်နဲ့။ ကိုင်လဲ မကိုင်ဘူး။ အဲဒါကို ကိုင်တာနဲ့ ကျနော်တို့ ချုပ်လို့ရပါတယ်။” လို့ ဦးမောင်မောင်က NVC မကိုင်ခဲ့တဲ့ အကြောင်းကို ပြောပြပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက နိုင်ငံသားအထောက်အထားမရှိတဲ့ မွတ်ဆလင်တွေဟာ ပြည်ပနဲ့ ရန်ကုန်တို့လို အလုပ်အကိုင် ပေါများရာ ဒေသတွေကို မှောင်ခို သွားရောက်ကြတာလည်း ရှိပါတယ်။ အခုလို သွားရောက်မှုကြောင့် နိုင်ငံခြားနဲ့ တခြားဒေသတွေကိုပါ ရောက်ရှိသွားကြပြီး အဲဒီဖက်မှာပဲ အခြေချလုပ်ကိုင်ကြ သူတွေရှိသလို လမ်းခရီးအောင်မြင်မှုမရရှိခဲ့ဘဲ ဖမ်းဆီးခံလိုက်ရတဲ့သူတွေ အကြောင်းကိုလည်း သတင်းစာ မျက်နှာတွေမှာ မကြာခဏဆိုသလို မြင်တွေ့မိကြမှာပါ။

လက်ရှိမှာတော့ သူတို့နေထိုင်တဲ့ မြို့နယ်အတွင်းနဲ့ စစ်တွေမြို့တို့ဖက်ကိုတော့ ကျန်းမာရေးကိစ္စတွေ ပေါ်ပေါက်လာရင် သွားလာလို့ ရနေပြီး ငွေကြေး အနေအထားကတော့ သာမန် သွားလာသူတွေထက် ပိုပေးရတယ်လို့ သူတို့တွေဆီက သိခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာတော့ စစ်တွေမြို့နယ်အတွင်းက မွတ်ဆလင်တချို့ မဲပေးခွင့်ရခဲ့တာကို မြင်တွေ့ခဲ့ရပေမယ့် များစွာသော မွတ်ဆလင်တွေဟာ မဲပေးခွင့် ဆုံးရှုံးခဲ့ကြရပါတယ်။ ဒီထဲမှာ ကိုမောင်အေးထွန်းတို့ ရွာသားတွေလည်း ပါပါတယ်။

အသက် (၅၀) ကျော်အရွယ် အလယ်မူရွာသား ဦးအိုင်ဇီလုပ်က “ဒီရခိုင်ပြည်ထဲမှာ ရခိုင်၊ မွတ်ဆလင်၊ သက်၊ မြို ရှိကြတယ်။ သူတို့ နေသလို ကျနော်တို့လည်း နေချင်တယ်။ ကျနော်တို့ ဒီမှာ နေရာတာ သိပ်အခက်အခဲ ရှိပါတယ်။ ဘာလဲဆိုရင် ဒီ တိုင်းရင်းသားတွေနေသလို ကျနော်တို့ သွားလို့လာလို့ မရဘူး။ ကျနော်တို့ ပြောချင်တာက တိုင်းရင်းသားတွေ နေသလို ကျနော်တို့လည်း တူတူ နေလာတာလေ။ ကျနော်တို့လည်း အဲလို နေချင်တယ်။”လို့ တောင်းဆိုပါတယ်။
မိသားစုဝင် ၄ ယောက်ကို တာဝန်ယူထားရတဲ့ ကိုမောင်အေးထွန်းကလည်း သူ့ သူငယ်ချင်းလိုပဲ ပြည်ပကို သွားရောက် လုပ်ကိုင်ချင်နေပါတယ်။ ကိုမောင်အေးထွန်း တစ်ယောက်က ရွာထဲမှာ ပုဇွန်မျှား၊ ပိုက်ချတဲ့ ဘဝက လွတ်မြောက်ပြီး သူ့ သူငယ်ချင်းလိုပဲ မလေးရှားဖက်ကို ဘယ်တော့များ သွားနိုင်မှာလဲ။ အလုပ် လုပ်နိုင်မှာပါလိမ့်။

 609 total views,  1 views today