ကိုအောင်၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒီတပတ်မှာတော့ ငပလီကမ်းခြေမှာ ခရုခွံလေးတွေကို လက်ဆောင်ပစ္စည်း လှလှလေးတွေ ဖန်တီးရင်း ၀တ္ထုလေးတွေ ရေးနေတဲ့ ငပလီသူ စာရေးဆရာမတစ်ယောက်ရဲ့အကြောင်း တင်ဆက်ပေးချင်ပါတယ်။

ငပလီကမ်းခြေဆိုတာ ရခိုင်ပြည်နယ်တောင်ပိုင်းက လှပတဲ့ ကမ္ဘာကျော် ကမ်းခြေတခုပါ။ ကမ်းခြေကို လာရောက်တဲ့ သူတိုင်းက ကမ်းခြေက ခရုနဲ့ အလှဆင်ထားတဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းလေးတွေကို သတိထားမိကြမှာပါ။

အဲ့ဒီ ကမ်းခြေက အများပြည်သူ အပန်းဖြေတဲ့ ဧရိယာက ဆိုင်တန်းလေးတွေမှာ ငပလီအမှတ်တရ ပစ္စည်းဆိုင်လေး တစ်ဆိုင် ထဲမှာ ကိုယ်တိုင်လုပ်တဲ့ အလှဆင် ခရုပစ္စည်းလေးတွေကို ရောင်းချရင်း ဘ၀သရုပ်ဖော် စာပေတွေရေးသားနေတဲ့ စာရေး ဆရာမ တစ်ယောက် ရှိပါတယ်။ သူ့ရဲ့ဘ၀ သူ့ရဲ့ စာပေ နဲ့ သူ့ရဲ့ ကမ်းခြေအကြောင်း တင်ဆက်ပေးမှာပါ။

သံတွဲမြို့နယ်ထဲက လက်ပံစု ရွာလေးမှာမွေးဖွားပြီး ငပလီကမ်းခြေ မဇင်ကျေးရွာမှာ ကြီပြင်းလာခဲ့တဲ့ စာရေးဆရာမ မေလှိုင်းဖြူ က ငယ်စဉ်ကတည်းက စာပေကိုဝါသနာကြီးသူတယောက် ဖြစ်ခဲ့တာပါ။ အဲ့ဒီအချိန် မြို့နဲ့ အလှမ်းဝေးနေတုန်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းသေးတဲ့ အချိန်တုန်းကတော့ စာဖတ်ဝါသနာပါတဲ့ ကလေးမလေးတယောက်အတွက် ဖတ်ရှုခဲ့ရတာတွေက ရုပ်ပုံတွေပါတဲ့ စာအုပ်တွေ မဂ္ဂဇင်းတွေတော့ မဟုတ်ခဲ့ပါဘူး။

ဆရာ မေလှိုင်းဖြူက “ငယ်ငယ်လေးကတည်းက စာဖတ်ဝါသနာပါတယ်လေ။ တခြားကလေးတွေ ကစားနေရင်တောင်မှ စာအုပ် တစ်အုပ်နဲ့ ထောင့်တထောင့်မှာ၊ စာရွက်အစုတ်ကလေး တွေ့ရင်တောင်မှ ကောက် ကောက်ဖတ်တယ်။ အကြော် ထုတ်လာတဲ့ စာရွက်လေးဆိုလဲ ဖတ်တယ်။ စာဖတ်တာကို အရမ်းစိတ်ဝင်စားတယ်။ စာဖတ်နေရရင် စိတ်ချမ်း သာတယ်။” လို့ ပြောပါတယ်။

မဇင်ရွာမှာ ပြောင်းရွှေ့လာပြီး ငပလီကမ်းခြေကို အမှီပြုပြီး မိသားစု စီးပွားရပ်တည်လာနိုင်တဲ့အခါမှာတော့ ငပလီရွာက စာအုပ် အငှားဆိုင်လေးမှာ ဖောက်သည်လုပ်ရင်း နှစ်သက်တဲ့ စာအုပ်တွေလဲ ၀ယ်ယူနိုင်ပြီး ကလောင်သွေးနိုင်ခဲ့တာပါ။

“ငပလီမှာ စာအုပ်ဆိုင်ရှိတယ်။ ကျွန်မက မဇင် က နှစ်မိုင်ကျော်ဝေးတယ်။ အဲဒီနှစ်မိုင်ကို စက်ဘီးနဲ့ စာအုပ် လာငှားတယ်။ အဲ့ဒီမှာ ကေသီ စာပေဆိုတာ ရှိတယ်။ ကိုယ်ကတော့ စာအုပ်ဆိုင် ဖောက်သည်ကြီးပေါ့။ စာအုပ်အသစ် ရောက်တယ် ဆိုရင် ကိုယ့်အတွက် ချန်ထားပေးတယ်။ ကိုယ်က တခါငှားရင် ငါးရက်၊ လေးရက်၊ အဲ့လိုယူတာကိုး။ ဘယ်လောက်ပဲ ဈေးကြီး ဈေးကြီး၊ ကျန်တဲ့နေရာမှာ အသုံးလျှော့ပြီး ဒီ စာအုပ် တွေကိုပဲ အဓိက ၀ယ်စုတယ်၊ ၀ယ်ဖတ်တယ်၊ အဲ့လိုပဲ နှစ်နှစ်ကာကာနဲ့ စာပေအလုပ်တွေ၊ စာရေးစာဖတ်တာတွေ လုပ်ခဲ့တယ်။” လို့ သူက ဆက်ပြောပါတယ်။

အငှားဆိုင်က စာအုပ်တွေ ငှားဖတ်ရင်း၊ စိတ်ဝင်စားစရာ ၀တ္ထုတို ပြိုင်ပွဲတွေမှာ ၀င်ပြိုင်ရင်းနဲ့ မိန်းမပျိုတယောက်ကတော့ စာပေနယ်ထဲကို ခြေလှမ်းစမိခဲ့ပါပြီ။

“စာအုပ်တွေကို ဆိုင်ကနေ လစဉ်ထုတ်တွေ ငှားဖတ်ရင်းနဲ့ ရယ်စရာ မဂ္ဂဇင်းမှာ ပြိုင်ပွဲလေးတွေခေါ်တာတွေ့တယ်၊ ဟာသ ၀တ္ထုတိုပြိုင်ပွဲဆိုပြီး တွေ့တဲ့ အခါကျတော့ အဲ့ဒီဝတ္ထုလေးတွေ ဖတ်ရင်း ဖတ်ရင်းနဲ့ ဒါမျိုးဆို ငါလဲ ရေးနိုင်တယ်၊ ငါလဲ စမ်းကြည့်ဦးမှပဲလေ ဆိုပြီး အဲ့ဒီမှာ ပထမဆုံး ရေးပြီးတော့ ပြိုင်ပွဲဝင်လိုက်တာ။” လို့ ဆရာမ မေလှိုင်းဖြူက ဆိုပါတယ်။ “အဲ့ဒီမှာ ပထမဆုရတယ်။ ၁၉၉၇ မှာပဲ အဲ့ဒီ ပထမဆုရတဲ့ ၀တ္ထုလေးနဲ့ပဲ စာပေနယ်ကို ရောက်လာတာပေါ့။”

တကယ်တော့ သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်းမှာ ပထမဆုံး ရေးသားယှဉ် ပြိုင်ဖြစ်ခဲ့တဲ့ ၀တ္ထုတိုလေးကတော့ ရယ်စရာမဖြစ်ခဲ့တဲ့ ၀တ္ထုတိုလလေး တပုဒ်ပါ။ ပန်းကြာငုံရဲ့ မနက်ဖြန်လို့ အမည်ပေးခဲ့တဲ့ ၀တ္ထုတိုလေးတပုဒ်ဟာ အတူတူ ကြီးပြင်းခဲ့တဲ့ သူငယ်ချင်း မိန်းကလေးတယောက်ရဲ့ သနားစရာ ဘ၀အကြောင်း ဖြစ်နေခဲ့ပါတယ်။ ဆယ်နှစ်ကျော်ရွယ် မိန်းကလေးတစ်ယောက်က မိဘတွေရဲ့ ဓနိရည်ဆိုင်မှာ နေထိုင်ရင်း ဓနိရည်စွဲ၊ အရက်စွဲပြီး ဆင်းရဲဒုက္ခဖြစ်သွားရတဲ့ အကြောင်းပါ။ အဲ့ဒီ ၀တ္ထုတိုလေးအတွက် ရခဲ့တဲ့ စာမူခ ဆုငွေ ငါးရာပေမယ့် ကရုဏာသက်စဖွယ် အဖြစ်အပျက်ကတော့ အခုအချိန်ထိ မှတ်မှတ်ရရ ရှိနေတုန်းလို့ ဆိုပါတယ်။

“အဲ့ဒီခေတ်က ငါးရာဆိုလည်း အများကြီးပဲ။ စာအုပ်တအုပ်နဲ့ ဆုငွေငါးရာနဲ့ …. ဆုငွေ ငါးရာလေးကို ကိုင်ပြီးတော့ သူ့ကို ကျွန်မသွား ပေးတယ်။ သွားတော့ သူနဲ့လမ်းမှာတွေ့တော့ စက်ဘီးပေါ်က ခုန်ဆင်းပြီးတော့ သူငယ်ချင်းရေ နင့်အကြောင်း ရေးတဲ့ ၀တ္ထုက ဆုရတယ်။ အဲ့ဒါကြောင့် နင့်ကို ငါ ဒီပိုက်ဆံလေးပေးဖို့လာတယ်။  နင်စားချင်တာဝယ်စား ဆိုတော့ ဟယ် …. သူငယ်ချင်းရေ ၀မ်းသာတယ်… ၀မ်းသာတယ် ဆိုပြီး အဲ့ဒီပိုက်ဆံလေး ယူသွားပြီးတော့ ငါ ညနေအတွက်တော့ ဖူလှုံသွားပြီပေါ့ …. ဆိုပြီး ကျွန်မပေးလိုက်တဲ့ စာမူခလေးနဲ့ သွားပြီးတော့ သူ အုန်းရည် အရက် သောက်တယ်ပေါ့လေ။ အဲ့ဒီအကြောင်းလေးကို ကျွန်မ မှတ်မှတ် သားသားပါ”

သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်းမှာ ပြိုင်ပွဲဝင်မိခဲ့လို့ ဆုရခဲ့တဲ့နောက်ပိုင်း ယမုံဇင် နာမည်နဲ့ သောင်းပြောင်းထွေလာ ရီစရာ၊ သောကြာ၊ ပျော်ပျော်ရွှင်ရွှင်၊ ရယ်စရာရသစုံမဂ္ဂဇင်း တွေမှာရေှးရင်း ပြိုင်ပွဲတွေ ၀င်ပြိုင်ရင်း လက်တွေ့လာတဲ့အခါတော့ ရွှေအမြုတေ မဂ္ဂဇင်းရဲ့ ရွှေအသစ်ကဏ္ဍမှုာ ပါဝင်ယှဉ်ပြိုင်ချင်လို့ ကလောင်နာမည် အသစ်တခုကို ပြောင်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီလိုနဲ့ မေလှိုင်းဖြူ ဆိုပြီး ကလောင်သစ်တခု ရှင်သန်ခွင့်ရခဲ့ပါပြီ။

“ဆင်တူယိုးမှား ကလောင်လေးတွေလဲ များနေတယ်၊ ပြီးတော့ ဟာသကို ကလောင် တခုနဲ့ ရေးမယ်၊ ရသကို ကလောင်တခုနဲ့ ရေးမယ်ဆိုပြီးတော့ စဉ်းစားလိုက်တယ်။ ရွှေ အမြုတေ ပို့ဖို့အတွက် စဉ်စားတဲ့အခါ ကျွန်မက ကမ်းခြေမှာလဲနေတယ်၊ လှိုင်းကလေးတွေကိုလည်း ချစ်တယ်၊ ပြီးတော့ ဖြူဖြူစင်စင်လေးပဲ ဖြစ်ချင်တယ် ဆိုပြီးတော့ မေလှိုင်းဖြူဆိုပြီး ကိုယ့်ကလောင်ကလေးကို ရွေးလိုက်ပြီးတော့ ရသစာပေကို မေလှိုင်းဖြူနဲ့ပဲရေးတယ်။”လို့လည်း ဆရာမ မေလှိုင်းဖြူက ဆိုပါတယ်။

မေလှိုင်းဖြူ ဆိုတဲ့ ကလောင်သစ်တခုကို ဖန်တီးနိုင်ခဲ့တဲ့ စာမူကတော့ ချစ်သူတို့ရဲ့ မောင်းထောင်းပွဲ နာမည်နဲ့ ၀တ္ထုတိုလေးဖြစ်ခဲ့ပြီး ရွှေ အမြုတေ မဂ္ဂဇင်းရဲ့ ရွှေအသစ်ကဏ္ဍမှာ ရွေူးချယ်ခံခဲ့ရတာပါ။

“မြေပုံမြို့နယ်မှာ ကျောင်းဆရာမလုပ်တဲ့အခါ အဲ့ဒီရွာမှာ တော ဓလေ့လေးတွေရှိတယ်၊ သူတို့ဆီရောက်မှ တွေ့ဖူးတာလေ။ ညဘက်ကျလို့ရှိရင် ယောကျာ်းလေးတွေက မိန်းကလေးတွေကို အောက်ကနေပြီးတော့ တုတ်နဲ့ထိုးပြီး ရွာလည်တယ်လေ။ အဲ့ဒီအကြောင်းအရာလေးကို အခြေခံပြီးတော့ သူတို့မှာ တန်ဆောင်မုန်း လပြည့်နေ့ကျလို့ရှိရင် ချစ်သူတွေ မောင်းထောင်းတာ၊ ဆုံတခုမှာ ယောကျာ်းလေးက ကျည်ပွေ့ တချောင်း၊ မိန်းကလေးက ကျည်ပွေ့ တချောင်းနဲ့ မောင်းထောင်းတာ၊ ကျွန်မက အဲ့ဒီရွာမှာ ကျောင်းဆရာမ ငါးနှစ်လုပ်ခဲ့တော့ အဲ့ဒီ အကြောင်းလေးတွေကို နှစ်သက်တယ်။ ကျွန်မ ရွှေ မှာ ရေးမယ်လို့ စိတ်ကူးတဲ့အခါ အဲ့ဒီအကြောင်းလေးကို သဘောကျပြီးတော့ ချစ်သူတို့ရဲ့ မောင်းထောင်းပွဲ ဆိုပြီးတော့ ဇာတ်လမ်းလေးဆင်ပြီး ကျွန်မရေးလိုက်တာ၊ ဒေသ အကြာင်းအရာလေးတွေဖြစ်တော့ ဦးဝင်းငြိမ်းက သဘောကျပြီးတော့ ရွေးလိုက်တယ်ပေါ့။” လို့ သူက ဆက်ပြောပါတယ်။

၁၉၉၇ ခုနှစ်က စပြီး ရသစာပေတွေရေးသားခဲ့တာ ၂၀၁၈ ခုနှစ်အထိ ၀တ္ထု အပုဒ်ရေ တရာကျော်နဲ့ ၀တ္ထုတိုပေါင်းချုပ် စာအုပ် ၂ အုပ် ထုတ်ဝေခဲ့ပြီး ကမ်းခြေ ပုံပြင်စာအုပ်ကတော့ နှစ်ကြိမ်ပြန်ရိုက်ခဲ့ပါတယ်။ ပတ္တမြား FM ရေဒီယိုကလည်း ဆရာမရဲ့ ၀တ္ထုတို ၃ ပုဒ်ကို အသံလွှင့်ခဲ့သလို၂၀၁၈ ခုနှစ်မှာ ရခိုင်ပြည်နယ်ထဲမှာ အမြင့်ဆုံးလို့ ဆိုနိုင်တဲ့ တန်းခိုးဆရာထွန်း စာပေဆုကိုလဲ ရရှိခဲ့ပါတယ်။

“ကိုယ့်ကိုယ်ကို စာပေသမားတယောက် ဖြစ်လာလိမ့်မယ်လို့လဲ မထင်ခဲ့မိဘူး။ ပြိုင်ပွဲဆိုတော့ ငါလဲ ရေးနိုင်တာပဲ ဆိုပြီး ပြိုင်ကြည့်လိုက်တာ။ ပြိုင်ပြီးတော့လဲ ပျော်တယ်။ အဲ့ဒီကြားထဲမှာ ဆက်တိုက် စာရေးထာတော့လဲ မဟုတ်ဘူး။ လေးငါးနှစ်ခြား မရေးပဲ နေဖြစ်သွားတယ်။ ပြတ်သွား တယ်ပေါ့။ စီးပွားရေး ကိစ္စတွေလဲ ရှိတာကို။ ရုန်းကန်နေရတဲ့ အခြေအနေမျိုးကျရင် စာရေးတာနဲ့လဲ အဆက်အသွယ် ပြတ်သွားတာ ရှီတယ်လေ။ စာပေသမား တယောက် ဖြစ်လာမယ် လို့တော့ မထင်မိဘူး။ ပျော်တော့ ပျော်မိတယ်။ ရေးချင်တာလေး ရေးလိုက်တယ်။ ပို့ချင်တဲ့နေရာ ပို့လိုက်တယ်နဲ့ပဲ ကျွန်မ ကျော်ဖြတ်လာတာ။ ကိုယ့်ဟာကိုတောင် မကြာခဏမေးဖြစ်တယ်။ ငါ စာပေသမားတယောက်မှ ဟုတ်ရဲ့လား၊ လမ်းကြုံလို့ ၀င်ထိုင် နေတာများလား ဆိုပြီး မေးခွန်းမေးမိတယ်။ အခုမှ ဒီနှစ်တွေမှပဲ ငါဟာ စာပေသမားပါလားဆိုပြီး ကိုယ့်ကိုယ်ကို နဲနဲ ယုံကြည်ရဲတယ်ပေါ့ အရင်ကတော့ ကိုယ့်ကိုယ်ကို မယုံကြည်ရဲဘူး။” လို့ ဆရာမ မေလှိုင်းဖြူက ဆိုပါတယ်။

မဂ္ဂဇင်းတွေမှာ ၀တ္ထုတိုလေးတွေ ရေးသားနေရင်း က ရခိုင်ပြည်ထုတ် မဂ္ဂဇင်းတွေနဲ့လည်း အဆက်အသွယ် ဖြစ်လာခဲ့ ပြီးတဲ့နောက် ဒေသတွင်းထုတ်ဝေတဲ့ မဂ္ဂဇင်းတွေမှာလဲ ပါဝင်အားဖြည့် ရေးသားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ဆက်သွယ်ရေးတွေကလဲ ပြတ်တဲ့အခါလေ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် အငှားဆိုင်မှာ တင်တဲ့ စာအုပ်တွေ လောက်ပဲ ဖတ်ရတယ်။ အငှားဆိုင်မှာတင်တာက ပြည်မက စာအုပ်တွေကများတယ်။ အဲလိုများတော့ ပြည်မက စာအုပ်တွေနဲ့ပဲ ဖတ်ပြီးတော့ ကြီးပြင်း လာတာလေ။ ကိုယ့်ရခိုင်မှာ မဂ္ဂဇင်းတွေ ထွက်မှန်းကို သိလဲ မသိရဘူး။ ဖတ်လဲ မဖတ်ရဘူး။ ကျွန်မတို့လဲ ဒွါရာဝတီမဂ္ဂဇင်းဆိုပြီး လုပ်တဲ့အခါကျမှ ရခိုင်ဘက်နဲ့ ကိုယ့်ဘက်နဲ့ အဆက်အသွယ် ဖြစ်ပြီးတော့ သူတို့ဆီကလည်း မဂ္ဂဇင်းထွက်တာတွေ ကျွန်မတို့သိလာ ရတယ်။ သိတဲ့အချိန် သူတို့ကလဲ ကိုယ့်ကို အားပေးကြပါတယ်။ မဂ္ဂဇင်းထွက်နေတယ်၊ သူတို့ဆီကို စာမူတွေ ပို့ပေးပါ။ အဲ့လိုပြောတဲ့အခါ သြော် ကိုယ့်ဆီမှာလဲ ဒီလို စာအုပ်တွေ မဂ္ဂဇင်းတွေ ရှိတာပဲ ရှိရင်ပို့ရမှာပေါ့ဆိုပြီးတော့ ရခိုင်မဂ္ဂဇင်း၊ ရခိုင်ပြည်နယ် မဂ္ဂဇင်း … သူကတော့ ရပ်သွားပြီးပေါ့လေ၊ မာန်အောင် မဂ္ဂဇင်း၊ အခုဆိုရင် မင်းပြား နှစ် ၁၅၀ ပြည့် မဂ္ဂဇင်း၊ သံတွဲက လမ်းပြကြယ်၊ ဒွါရာဝတီ၊ အခုနောက်ပိုင်း လည်း ဒေသ မဂ္ဂဇင်းတွေက ထွက်သမျှတော့ စာမူတောင်းတယ်။ နိုင်သလောက်လဲ ရေးတယ်။ လွတ်သွားတဲ့ မဂ္ဂဇင်းတွေလဲ ရှိတယ်။” လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ မေလှိုင်းဖြူဆိုတဲ့ ကလောင်အမည်ရဲ့နောက်မှာ ငပလီရဲ့ လှိုင်းလုံးလေးတွေနဲ့ ပင်လယ်ရဲ့ ရနံ့တို့ကအတူ တွဲဖက် သင်းပျံ့လာခဲ့ပါတယ်။ ငပလီကမ်းခြေ အခြေခံ ဘ၀သရုပ်ဖော် ၀တ္ထုလေးတွေကို သဘောကျ လက်ခံသူများ လာခဲ့တဲ့ အတွက် ကမ်းခြေပုံပြင်နဲ့ လွမ်းငွေ့ဝေစီ ငပလီ စာအုပ် နှစ်အုပ်ကို ထုတ်ဝေနိုင်ခဲ့ပါတယ်။

“ကိုယ့်ဒေသဆိုတော့ ကိုယ်ချစ်တယ်။ အရင်တုန်းကဆိုရင် ငပလီ အကြောင်းအရာတွေ ရေးတဲ့ စာရေးဆရာတွေ ရသ စာရေးဆရာတွေ ရှိတယ်လေ။ ဆရာအောင်သာမိုး၊ ဆရာမောင်လွန်းကြင်၊ ကိုယ့်ဆီက ဆရာတွေလေ။ ဆရာတင်မြင့်ဦး တို့၊ နောက်ပိုင်း ဆရာမောင်လွန်းကြင်တို့လဲ မရှိတော့ဘူး ဆုံးသွားပြီ၊ ဆရာ အောင်သာမိုးတို့ နာမည်ကြီး ဆရာတွေပေါ့။ သူတို့လဲ ဆုံးသွားကြပြီ။ ဆရာတင်မြင့်ဦးတို့ဆိုလည်း အရေးနည်းသွားပြီ။ ဆိုတော့ ကိုယ့် ငပလီ အကြောင်းကို ရေးတဲ့ စာရေးဆရာ မရှိသလောက်ဖြစ်သွားတယ်။ အဲ့ဒါကြောင့် ကိုယ်က ကြိုးစားပြီးတော့ရေးမယ်။ ကိုယ့်ထက် တော်တဲ့လူတွေက ဒီအကြောင်းကို ရေးမယ်ဆိုရင် ငပလီလေးက ဒီ့ထက်တောင်မှ ၀တ္ထုလေးတွေ ကြွ ရွ ပြီး လှနေမှာ။ အဲ့ဒီလိုမျိုး ရေးပေးတဲ့လူတွေလဲ ပေါ်ပေါက်စေချင်တယ်။ အခုတော့ ကိုယ်တတ်တဲ့ အတတ် ပညာလေးနဲ့ပဲ နိုင်သလောက် ဖော်ထုတ်ပြီး ရေးနေတာပါ။” လို့ သူက ဆက်ပြောပါတယ်။

တကယ်တော့လဲ ၀ါသနာအရ စာပေရေးသားနေပေမယ့် စားဝတ်နေရေး ရုန်းကန်နေရင်း ရေးသား ရတာဖြစ်လို့ စာရေးချိန် ရဖို့လဲ ခက်ခက်ခဲခဲ ဖန်တီးရယူခဲ့ရပါတယ်။ ခရုခွံလေးတွေကို အမှတ်တရ ရောင်းကုန် ပစ္စည်းလေးတွေဖြစ်ဖို့ ဖန်တီး နေရင်းကပဲ မဂ္ဂဇင်း စာမူဖောင်ပိတ်ချိန် မတိုင်ခင် အရောက်ပို့နိုင်ဖို့ ကြိုးစားရင်း တချို့ အရာတွေ ပေးဆပ်ခဲ့ရတာပါ။

“ကျွန်မတို့ လုပ်တာက ငပလီကမ်းခြေက ခရုလုပ်ငန်းတွေ အဓိကလုပ်နေတော့ ပစ္စည်းတွေက အော်ဒါ ၀င်နေတယ်။  သုံးသိန်းဖိုး ဘယ်နှစ်ရက်နဲ့ အပြီး၊ အဲ့လိုမျိုးဆိုတော့ ဒီဘက်ကလဲ ၀တ္ထုက ဘယ်နှစ်ရက်နေ့ အပြီး တောင်းထားတယ် ဖောင်ပိတ်တော့မယ် ဆရာမ၀တ္ထုကိုစောင့်နေတယ်။ တပါတ်ပဲ လိုတော့တယ် ဆိုရင် အဲ့ဒီ ခရုလုပ်ငန်း သုံးသိန်းဖိုးကို မလုပ်တော့ပဲ လက်လွှတ်လိုက်တယ်။ အဲ့ဒီအခါကျရင်တော့ ကိုယ့်ရဲ့ အမတွေကတော့ ပြောတာပေါ့ ပူညံပူညံ၊ တခါတခါကျရင် ကိုယ်က စာတွေဘာတွေ ရေးနေတုန်း အမလာလို့ရှိရင် စာရွက်တွေ ဖွက်ပစ်လိုက်ရတာတို့ ဘာတို့ ရှိတယ်။ တခါတခါ အခုအချိန်ထိ အဲ့လိုလုပ်နေရတာ။” လို့ ဆရာမ မေလှိုင်းဖြူက ပြောပါတယ်။

အဲ့ဒီအတွက် ကိုယ်တိုင်ဖန်တီးခဲ့တဲ့ ခရုလေးတွေရဲ့အကြောင်း၊ ကိုယ်တိုင် မြတ်မြတ် နိုးနိုး ရှင်သန်နေတဲ့ ကမ်းခြေ ပတ်ဝန်းကျင်ရဲ့အကြောင်း၊ ကိုယ့်ဒေသက လူတွေရဲ့အကြောင်းတွေကို ဇာတ်လမ်းဆင် ရေးသားရင်း ပရိတ်သတ်ရဲ့ တုန့်ပြန်မှုနဲ့ ပီတိဖြစ်ရတာလဲ ရှိပါတယ်။

“ကိုယ်ရေးတဲ့အတွက်ကြောင့်လဲ ကိုယ့်ဝတ္ထု ဖတ်တဲ့လူတွေ အနယ်နယ် အရပ်ရပ်က လူတွေက စာတွေပို့ကြတယ်။ ဆရာမ ၀တ္ထုဖတ်ပြီး တော့ စိတ်ဝင်စားတယ်၊ ငပလီကို လာချင်တယ်၊ ငပလီကို လာလို့ရှိရင်လဲ၊ ရေသူမ မောင်တော်ကျောက်၊ ကိုယ်ရေးထားတဲ့ အကြောင်း အရာတွေ သူတို့သိတယ်လေ။ သိတဲ့အခါ ကိုယ့်ကို အမြဲတမ်း စာပို့ပြီးတော့ ပြောတဲ့အခါ ကြည်နူးရပါတယ်။” လို့ ဆိုပါတယ်။

အဲ့ဒီလိုပဲ စာရေးသူတယောက်အတွက် မဖြစ်မနေ ရရှိမယ့် အကောင်းအဆိုး ဝေဖန်မှုတွေကလဲ စာကောင်းတွေဖြစ်လာဖို့ အရည်အသွေး တိုးတက်လာဖို့ တွန်းအားတခု ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဆရာမ မေလှိုင်းဖြူက “၀တ္ထုတပုဒ် စာတပုဒ် ဖတ်ပြီးရင်လဲ ပရိတ်သတ်ကတော့ သူ့အမြင်နဲ့သူ ဝေဖန်မှာပဲ။ ဝေဖန်မှုကိုလည်း ကျွန်မတို့က ကြိုဆိုရမယ်။ ဝေဖန်တယ်ဆိုကတည်းက ကိုယ့်ဝတ္ထုကို သူတကယ်ဖတ်လို့ စိတ်ဝင်စားလို့ ဝေဖန်တာ။ တချို့ကတော့ စာအုပ်ကို ၀ယ်တာဖြစ်ဖြစ်၊ လက်ဆောင်ရတာဖြစ်ဖြစ်၊ ရပြီးရင် တကယ် မဖတ်တဲ့ သူတွေ အများကြီးပဲ အနည်းဆုံးတော့ ဝေဖန်တယ် ဆိုတဲ့သူက အစအဆုံး ဖတ်ထားတာ။ ဖတ်ထားလို့ ဝေဖန်ရဲတာ။ အဲ့ဒါကြောင့် ဘာပဲဖြစ်ဖြစ် သူက စာတပုဒ်ကို အစ အဆုံး ဖတ်ပါလားဆိုပြီးတော့ ကြိုဆိုရမှာပါ။ ဝေဖန်တဲ့ သူတွေကိုလည်း ကျွန်မတို့က ချစ်ရမှာ။ အပြစ်ပြောလို့မရဘူးလေ။” လို့ ပြောပါတယ်။

ငပလီကမ်းခြေ၊ ခရုခွံလေးတွေ၊ ငပလီက လူတွေရဲ့ နေထိုင်မှုစရိုက်တွေ၊ မိသားစုနဲ့ စီးပွားရေး အလုပ်အကိုင်တွေ ကြားထဲမှာ ရသစာပေတွေ ရေးသား နေရပေမယ့် ဒီထက်ပိုတဲ့ အကြောင်းအရာတွေ ခံစားချက်တွေ ဘ၀သရုပ်ဖော်တွေ ရေးသားနိုင်ဖို့ အိပ်မက်ကတော့ ရှိနေဆဲပါ။ ငပလီက မေလှိုင်းဖြူ ဘ၀သရုပ်ဖော် စာတွေ ဆက်ရေးနေဦးမှာပါ။

“နောက်ပိုင်းကျရင်တော့ ကျွန်မလဲ ချင်းပြည်နယ်တို့ ဘာတို့ လေ့လာရေး ခရီးထွက်ပြီး ကျန်တဲ့ ပြည်နယ်တွေ အကြောင်းတွေလဲ တော်တော်များများ ရေးမယ်လို့လဲ ကျွန်မ အားခဲထားပါတယ်။ လုပ်လဲ  လုပ်ရမှာပါ။” လို့ ဆရာမ မေလှိုင်းဖြူက ပြောပါတယ်။

 1,022 total views,  1 views today