ရိုးမရေဒီယိုမဂ္ဂဇင်း

စက်တင်ဘာလ ၁၄ ရက်။ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ဘွဲ့ရ၊ ဆယ်တန်းအောင်၊ ကိုးတန်းအောင် မူဆလင် လူငယ်များကို နေ့စားလပေး သင်ကြားရေးကူ ဆရာ/ဆရာမများအဖြစ် ခန့်အပ်နိုင်ရန် အခြေခံပညာ ဦးစီးဌာနက စီစဉ်ဆောင်ရွက်လျှက် ရှိသည်။

အဆိုပါ ပညာရေးဝန်ထမ်း ခန့်အပ်မည့် မူဆလင်လူငယ်များကို မောင်တောခရိုင် ပညာရေးမှူးရုံးက စာရင်းကောက် ယူနေပြီး မည်သည့် အချက်အလက်များဖြင့် စိစစ်ရွေးချယ် ခန့်အပ်သွားမည်ကို မသိရှိရကြောင်း မောင်တောခရိုင် ပညာရေးမှူးရုံးက ပြောသည်။

“ဘာကြောင့် အခုလို စီစဉ်တာလဲတော့ မသိဘူး။ ဒါက ပညာရေးဝန်ကြီးဌာနက တစ်ဆင့် ညွန်ကြားရေးမှူးရုံး အဆင့်ဆင့်ညွန်ကြားတာဖြစ်လို့။ လောလောဆယ်ကတော့ သူတို့က စာရင်းတောင်းထားတယ်။ အခုစာရင်းကောက်ယူနေတယ်။ ပြည်နယ်ရုံးကို ၁၅ ရက်နေ့ စာရင်းပေးရမယ်။ ရည်ညွန်းစာက လူငယ်တွေကို ခန့်အပ်ဖို့လောက်ပဲ အကြမ်းပေါ့။ ဘယ်လိုအချက်တွေနဲ့ စိစစ်ခန့်အပ်မယ်။ ဆိုတာတွေတော့ မသိပါဘူး။”ဟု မောင်တောခရိုင် ပညာရေးမှူး ဦးခင်အောင်က ပြောသည်။

စက်တင်ဘာလ ၁၀ ရက်နေ့မှ စတင်စာရင်းကောက်ယူထားချက်အရ မောင်တောမြို့နယ်တွင် ဘွဲ့ရ မူဆလင်လူငယ် ၁၀၀ ကျော်ရှိပြီး ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်များတွင် ဆက်လက် ကောက်ယူနေဆဲဖြစ်ကာ စာရင်းရလာဒ်ကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပြည်နယ်ပညာရေးမှူးရုံးသို့ ပို့ပေးရမည်ဖြစ်သည်။

ထိုပညာရေးဝန်ထမ်းအဖြစ် ခန့်အပ်ခံရသည့် မူဆလင် လူငယ်များသည် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့ နယ် မူဆလင်ကျေးရွာများရှိ စာသင်ကျောင်းများတွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး မောင်တောခရိုင်တွင် မူဆလင် ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားနေသည့် စာသင်ကျောင်းပေါင်း ၈၀ ကျော်ရှိကြောင်း သိရသည်။

ယခုလို မူဆလင် လူငယ်များကို ပညာရေး ဝန်ထမ်း ခန့်အပ်ရန် စီစဉ်ခြင်း၏ ရည်ရွယ်ချက် အပါဝင် တစ်မြို့နယ်တွင် ဦးရေမည်မျှ ခန့်အပ်ရန်သွားမည်ကို မသိရှိရသေးကြောင်း အဆိုပါ မောင်တောခရိုင် ပညာရေးမှူးက ဆိုသည်။

ထိုကိစ္စများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ဖြစ်ပေါ်ခဲ့သော လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခဖြစ်ပြီး နောက်ပိုင်း မူဆလင် လူငယ်များမှာ အလုပ်အကိုင်နှင့် ပညာသင်ကြားရေး အခွင့်အလမ်းများ ဆုံးရှုံးခဲ့သည်။ ယင်းနောက် (၆) နှစ်ခန့်လောက် အကြာတွင် မူဆလင် လူငယ်များအတွက် အလုပ်ကိုင်အခွင့်လမ်းတစ်ခုကို ယခုလို စီစဉ်လာခြင်းလည်း ဖြစ်သည်။

ယင်းအပြင် အစ္စလာမ်ဘာသာဝင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွက် ရန်ကုန်အဝေးသင် တက္ကသိုလ်မှ သီးခြားအဝေးသင် ဌာနခွဲတစ်ခုကို ယခုနှစ် ပညာသင်နှစ်တွင် မောင်တောမြို့နယ်မှာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 440 total views,  1 views today