ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

သာမန်လူတွေတောင် ဖြတ်သန်းဖို့ ခက်ခဲလှတဲ့ ဒီကမ္ဘာလောကကြီးထဲမှာ မွေးရာပါဗီဇကြောင့်ဖြစ်ဖြစ်၊ အခြေအနေတစ်ခုခုကြောင့်ဖြစ်ဖြစ် အများက သတ်မှတ်ကြတဲ့ ချို့ယွင်းချက်တစ်ခုခု ရှိနေသူဆိုရင် ဘယ်လောက်ထိခက်ခဲလိုက်မလဲဆိုတာ ပြောနေစရာတောင် မလိုတော့ပါဘူး။ ဒီလိုခက်ခဲတဲ့ ဘဝပေးအခြေအနေတွေကို အံတုရင်း တစ်ဦးတည်း တိုက်ပွဲဝင်နေသူက ကိုကျော်ကျော်မိုးပါ။

ယောက်ျားနာမ်စားတပ်ပြီး ခေါ်ဆိုတာကို ကြိုက်နှစ်သက်ပေမယ့် တကယ်တော့ သူ့ကိုယ် သူ အမျိုးသမီးတစ်ဦးလို့ ခံယူထားတဲ့ LGBT တစ်ဦးပါ။ သူ့ရဲ့ မိတ်ကပ်လုပ်ငန်း အမည်ကတော့ လှသင်္ဂ ီ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က မိတ်ကပ်လောကမှာ ထင်ရှားကျော်ကြားပြီး သူ့ကို မသိသူလည်း နည်းပါတယ်။

“လူသားထဲကလူပဲ။ လူထူးလူဆန်းလည်း မဟုတ်။ မိန်းမလျာ၊ ယောက်ျားလျာ အစုံပါတယ်။ ခွဲခြားဆက်ဆံစရာလည်း မလိုဘူး။ ဒီလူတွေ ကြားထဲမှာ ဆင်းရဲ၊ ချမ်းသာစရိုက်များစွာရှိသလို LGBT တွေမှာလည်း အများကြီးရှိတယ်။ လူသားထဲက လူတွေ ဖြစ်တာကြောင့်ပဲ။ အဲဒါ ကို LGBT တွေ မကောင်းဘူးလို့ ခေါင်းစဉ်တပ်ပြီးတော့ ပြောတာကို မုန်းတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ယောက်ျားမှာလည်း ဘိန်းစား ရှိမယ်။ သူခိုးရှိမယ်။ လူကောင်းရှိတယ်။ လူတော်ရှိတယ်။ LGBT တွေမှာလည်း ဒီလိုပဲ။ လူတိုင်းစိတ်ကို တစ်ယောက်တည်းပြုပြင်လို့ မရ ဘူး။ ဘာလို့ဆို သူ့မှာအထုံပါလာတယ်လေ။ မိန်းမလျာတွေကသာသူခိုး၊ ဘိန်းစား ဆိုတာမျိုး လုံးဝမကြိုက်ဘူး။ အကုန်လုံးကို သိမ်းကျုံးမ ပြောနဲ့။ အမြဲတမ်းပြောဖြစ်ပါတယ်။”

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နေထိုင်ပြီး လက်ရှိမှာတော့ အသက် ၂၉ နှစ်ရှိနေပါပြီ။ လူမှန်းသိတတ်စအရွယ်ကနေ ဆယ်တန်းအောင်လို့ ဘွဲရတဲ့အထိ သာမန်ယောက်ျားလေးတစ်ဦးလို နေထိုင်ခဲ့ပေမယ့် နောက်ပိုင်း သူလိုချင်တဲ့ဘဝဟာ ဘာလဲဆိုတာကို သိလာပြီးချိန်မှာ အ ခုလို ဘဝမျိုးနဲ့ ပြောင်းလဲနေထိုင်ခဲ့သူပါ။

ဆယ်တန်းအောင်တဲ့အချိန်မှာ ရန်ကုန်မြို့ကို သွားရောက်ပြီး စင်္ကာပူအစိုးရ ကျောင်းဝင်ခွင့် GCE ‘O’ Level တက်ရောက်ခဲ့ပြီး စင်္ကာပူနိုင်ငံ ကိုသွားရောက်ကာ Hotel Management နဲ့ သက်ဆိုင်တဲ့ ဒီပလိုမာတွေတက်ရောက်ယူခဲ့သူပါ။ ဒါပေမယ့် ဒီဘာသာရပ်တွေ၊ ပညာရပ် တွေဟာ သူစိတ်ဝင်စားလို့ မဟုတ်ဘဲ မိဘတွေရဲ့ တွန်းအားကြောင့်သာ တက်ခဲ့ရတာလို့ ဆိုပါတယ်။

“(မြန်မာနိုင်ငံမှာ) ဆယ်တန်းအောင်တယ်။ နိုင်ငံခြား GCE ‘O’ Level ပေါ့။ နိုင်ငံခြားဆယ်တန်းပြန်အောင်တယ်။ Hotel Management နဲ့ ပတ်သက်ပြီးတော့ ချက်တင်ကောလိပ်မှာ Bachelor Diploma ရယ်။ Advanced Diploma ရယ်ပေါ့။ နောက်ဆုံးနှစ် Bachelor ကတော့ မယူဖြစ်လိုက်ဘူး။ ပြီးတာနဲ့ Makeup Artist ဖက်ကို ပြောင်းတယ်ပေါ့။ သင်တဲ့ပညာနဲ့ လျှောက်တဲ့ လမ်းကတော့ နည်းနည်းကွဲတယ်။”

“(စင်္ကာပူမှာ) နောက်ဆုံး ၆ လပဲကျန်တော့တာ။ အဲဒီအချိန်မှာ ကိုရီးယား သူငယ်ချင်းမလေးက “မိုးမင်း ဘာဖြစ်ချင်တာလဲ။ နောက် ၆ လ နေရင် နင် Hotel လက်ထောက်မန်နေဂျာဖြစ်တော့မယ်။ နင့်ရဲ့ဘဝဟာ နက်တိုင်လေး စည်း၊ ဘောင်းဘီဝတ်ပြီး ကျော့ပြီးနေရမှာ။ နင့်ဘဝကို နင်ဟန်ဆောင်ပြီးနေရာမှာနော်။” လို့ပြောလာတော့ ကိုယ့်ဟာကိုယ့် စဉ်းစားမိတယ်။ အဲဒီက ပြန်လာတဲ့အချိန် မိဘတွေက ဒေါသ ထွက်ကြတာပေါ့။ မိဘတွေက မျှော်လင့်ထားတာကို ငါ့သားလေးဟာ နိုင်ငံခြားမှာ တစ်လကို သိန်း ၆၀ ရမယ်။ ၇၀ ရမယ်ပေါ့။ အဲဒီခေတ် ကတည်းကနေဆိုတော့ လာလည်း မလာချင်တော့ဘူးဆိုပြီး ၆ နှစ်လောက် ထွက်ပြေးနေခဲ့တယ်။”

မိဘတွေရဲ့ တွန်းအားကြောင့် နိုင်ငံခြားမှာ ကျောင်းတက်နေခဲ့ရတဲ့ အခိုက်အတန့်တွေဟာ တကယ်တော့ သူလိုချင်တဲ့ ဘဝအစစ်အမှန် မဟုတ်ခဲ့ပါဘူး။ ဒါကြောင့် ငွေကြေးများစွာ ကုန်ကျခံပြီး စင်္ကာပူမှာတက်နေတဲ့ ကျောင်းပြီးဖို့ ၆ လအလိုမှာ မြန်မာနိုင်ငံကို ပြန်လှည့် လာခဲ့ပြီး ဆောက်တည်ရာမရဘဲ ၁ နှစ်လောက် လေလွင့်နေခဲ့သူပါ။

သူ သတိဝင်လာပြီး နောက်မှာတော့ သူ့ကိုယ်သူ LGBT တစ်ယောက်ဆိုတာကို ပထမဆုံးလက်ခံခဲ့ပြီး ရန်ကုန်မြို့မှာပဲ သူဝါသနာပါတဲ့ အလှ ဖန်တီးရှင်ပညာကို သင်ယူခဲ့ကာ သူလိုလားတဲ့ ဘဝအစစ်မှန်ထဲကို စတင်လျှောက်လှမ်းခဲ့တယ်လို့ ပြောပါတယ်။ စတင် လျှောက်လှမ်းခဲ့ ချိန်မှာလည်း မိဘအသိုင်းအဝိုင်းက လက်မခံခဲ့ကြပါဘူး။ လက်ခံလာအောင်ဘယ်လို လုပ်ခဲ့လည်း ဆိုတာကလည်း စိတ်ဝင်စားစရာပါ။

“ပထမကတော့ လက်မခံကြဘူး။ လက်ခံလာအောင်လုပ်မယ့် အဓိကအချက်က အလုပ်နဲ့သက်သေပြရမယ်။ ဒီဆိုင် စဖွင့်တယ်။ ကိုယ့် ဟာကိုယ် အလုပ်လုပ်တယ်။ ကျော်မိုး တစ်ပတ်မှာ ဒီလောက်ရှာနိုင်တယ်။ ကျော်မိုးဘဝကို ကျော်မိုးခြေထောက်ပေါ် ရပ်တည်နိုင်တယ်။ ဆိုတာကို သက်သေပြတော့ သူတို့ဖက်က စပြီး လက်ခံလာတယ်။ တစ်ခြားမိဘတွေလို သတ်လို့ပုတ်လို့ အိမ်ပေါ်က နှင်ချတဲ့ထိတော့ မ ရှိဘူး။ ကျော်မိုးအဖေရဲ့ဆွေမျိုးသားချင်းတွေက သူဘာလိုချင်လဲ။ နိုင်ငံခြားမှာ ဆက်ပြီးကျောင်းမတက်ချင်ရင် သူဖြစ်ချင်တဲ့ ဘဝကို မိ ဘက ဆက်ပြီးထောက်ပံ့ပေးရမယ်ဆိုတော့ ကျော်မိုးကို မိတ်ကပ်လောကက ဆရာတွေဆီမှာ အပ်နှံပေးတယ်။”

ရန်ကုန်မှာ ၂ နှစ်ကျော်အချိန်ပေးပြီး ပညာသင်လို့ သူ့ဇာတိမြို့ စစ်တွေကို ၂၀၁၃ ခုနှစ်မှာ ပြန်လာခဲ့ပြီး သူ့စိတ်ကူးထဲက အိမ်မက်လေး ဖြစ်တဲ့ ပထမခြေလှမ်းကို စတင်ကောင်ထည်ဖော်ပါတယ်။ အကောင်ထည်ဖော်ချိန်မှာလည်း သူ့ရဲ့ခရီးလှမ်းက သိပ်ပြီး ချော့မွေ့မနေခဲ့ပါ ဘူး။ ဒါပေမဲ့ သူလိုချင်တာဘာလဲ။ သူဖြစ်ချင်တာဘာလဲ။ ဆိုတာကို မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်တော့မယ်လို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချထား ပြီးပြီမို့လို့ သူကနောက်မဆုတ်တော့ဘဲ ရှေ့ဆက်ကာလျှာက်ခဲ့ပါတယ်။
သူ့ရဲ့ ပထမဆုံးခြေလှမ်းဆိုတာက အလှပြင်ဆိုင်လေးတစ်ဆိုင်ဖွင့်နိုင်ဖို့ပါ။

“ကိုယ်က ဝါသနာနောက်ကို လိုက်တယ်လေ။ ငွေကြေးနောက်ကို လိုက်တာမဟုတ်ဘူး။ ကံကောင်းချင်တော့ ကိုယ့် မိဘကလည်း ကိုယ် ဘာလိုအပ်နေလည်း ဆိုတာကို အမြဲတမ်းနောက်က ထောက်ပံ့ပေးတယ်။ ကိုယ်က အမှန်တကယ်ဝါသနာပါတယ်။ ဒါသည် သက်မွေးဝမ်းကြောင်းပညာရပ်။ ကိုယ်နဲ့လည်း အပ်စပ်တဲ့ အနုပညာလေ။ အခုဆိုရင် ဒီဆိုင်ဖွင့်တာ ၈ နှစ်တောင်ရှိပြီလေ။ ဒီဇင်ဘာ ၂၅ (၂၀၁၉) ဆိုရင်။”


မိတ်ကပ်အလှဆင်လုပ်ငန်းအပြင် နောက်ပိုင်းမှာတော့ လုပ်ငန်းတိုးချဲ့တဲ့ အနေနဲ့ ရခိုင်ပြည်နယ်မှာ ဘယ်သူမှ မလုပ်ဖူးသေးတဲ့ မင်္ဂလာ ဆောင်၊ ရှင်ပြုပွဲနဲ့ တခြားရိုးရာပွဲတွေမှာ အသုံးပြုတဲ့ ဝတ်စုံငှားရမ်းဝန်ဆောင်မှုတွေကို ပြုလုပ်နိုင်ခဲ့သလို ဒီလိုရိုးရာ ဝတ်စားဆင်ယင်မှုပြ ပွဲတွေကို တခမ်းတနားနဲ့ ဆောင်ရွက်တဲ့အထိ လုပ်ကိုင်နိုင်လာခဲ့ပါတယ်။


ဒါ့အပြင် ရခိုင်ပြည်နယ်က ရွက်ပုံးသီး အလှယ်မယ်တွေကို နှစ်စဉ်မွေးထုတ်ပေးနေသူလည်း ဖြစ်ပါတယ်။


“သတိုးသမီး Wedding Service ပေးတယ်။ ဝတ်စုံတွေ Service ပေးတယ်။ အရင်ကဆိုတော့ အနုပညာနဲ့ ပတ်သက်လို့ Miss Universe ချိုချိုထွန်းတို့ နှစ်ကတည်းကနေ။ နောက်ပြီးတော့ Wedding Show ဆိုတာ ရခိုင်ပြည်မှာ တစ်ယောက်မှ မလုပ်ဖူးဘူး။ ရခိုင်ရိုးရာဝတ်စား ဆင်ယင်မှု ပြပွဲပုံစံမျိုးပေါ့။ ရခိုင်ရိုးရာရှင်ပြုပြပွဲ။ မင်္ဂလာဆောင်ပြပွဲ။ ဦးဥတ္တမခန်းမမှာ မင်းသားပေါင်းမြောက်များစွာနဲ့ ကြီးကြီးကျယ်ကျယ် လုပ်ခဲ့တယ်ပေါ့နော်။ အဲဒါက ကျော်မိုးရဲ့ပထမဆုံးမှတ်တိုင်ပေါ့။ ဒုတိယအနေနဲ့ Miss Universe သုံးနှစ်တိုင်တိုင်လုပ်နိုင်ခဲ့တယ်။ နောက်ပိုင်းကျတော့ တိုင်းရေးပြည်ရေးအခြေအနေမကောင်းတာနဲ့ မလုပ်ဖြစ်တော့တာ။”


အခုဆိုရင် နှစ်ပေါင်းများစွာ မသိကျိုးကျွန်ခံလာရတဲ့ LGBT တွေတန်းတူအခွင့်အရေးရဖို့အတွက် တိုက်ပွဲဝင်ဖို့လည်း အသင့်ဖြစ်နေပါပြီ။ ဒီလိုဖြစ်လာရတာကလည်း သူတို့မျက်မြင်ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေကြောင့်ပါ။ စစ်တွေမြို့မှာ ကြုံတွေ့နေရတဲ့ မိန်းမလျာတွေရဲ့ ရင်နှင့်ဖွယ်ဖြစ်ရပ်တွေကိုလည်း အခုလိုပဲ စိတ်မကောင်းစွာနဲ့ ပြောပြပါတယ်။


“(စစ်တွေ) ကားဂိတ်ကို သွားကြည့်လိုက်။ ရခိုင်ပြည်နယ်တလွှားက မိန်းမလျာတွေ အများကြီးရှိတယ်။ မြို့ပေါ်ကို တက်လာတယ်။ ဘာ လုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။ ရိုင်းရိုင်းလေးပြောရရင် Sex Worker ပေါ့။ ဟိုယောက်ျားနဲ့ လိုက်အိပ်။ ဒီယောက်ျားနဲ့ လိုက်အိပ်။ ငွေရေး ကြေးရေးအဆင်မပြေ။ အလုပ်အကိုင်မရှိရင် ယောက်ျားတွေနဲ့လိုက်အိပ်ပြီး ပိုက်ဆံရှာကြတယ်။ အရက်မူးသမားတွေနဲ့ တွေ့ရင် အသတ် ခံရတယ်။ အသတ်ခံရတဲ့နောက်ပိုင်းမှာရော သူတို့နောက်ကလိုက်တဲ့ အဖွဲ့အစည်းရှိလား။ မရှိဘူး။ ကျော်မိုးမျက်မြင်မှာ အသတ်ခံရလို့ သေသွားတာ ၁ ယောက်၊ ၂ ယောက်တောင် ရှိတယ်။ ဘယ်သူလိုက်မှာလဲ။ ရဲကလည်း မလိုက်ဘူး။ သူတို့နောက်မှာရပ်တည်တဲ့ မားမား မတ်မတ်အဖွဲ့အစည်းမရှိ။ သူတို့ကိုတိုင်လည်း ငါတို့ဒီလိုဖြစ်ရင် ဘယ်ကိုဆက်သွယ်ရမှာလဲဆိုတဲ့ အသိဉာဏ်မရှိဘူး။ ဘယ်သူကမှလည်း ထဲထဲဝင်ဝင်လုပ်ပေးတာမှ မရှိတာကို။ ချိုးဖောက်မှုတွေ သိပ်ရှိတယ်။ ကိုကျော်မိုးတို့ဖြစ်ရင် ကိုယ့်ဟာကိုယ်ဖြေရှင်းနိုင်တယ်။ သူတို့ကျ တော့ အသတ်ခံရင် အသားကြေ၊ အသက်သာပါသွားမယ်။ သူတို့ရပ်တည်မယ့်အဖွဲ့အစည်းမရှိဘူး။ ကားဂိတ်မှာ ဆိုနယ်ဖက်က လာတဲ့ မိန်းမလျာတွေအများကြီး ဘဝပျက်နေကြတာ။ အချိန်တန်ရင် ရောဂါဆိုးတွေခံစားပြီး ဘဝပစ်သွားရတယ်။ အရင်ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ ပုံစံအတိုင်းပဲ သွားနေတာ။ အဲဒါတွေကို ကျော်မိုးက ပြောင်းလဲသွားစေချင်တာပေါ့။”

ဒီလိုအခြေအနေတွေကို ရင်ဆိုင်နေကြရပေမဲ့ သူတို့ရှေ့ကမားမားမတ်မတ်ရပ်တည်ပေးမယ့် လူ့အဖွဲ့အစည်း၊ အသိုင်းအဝိုင်းတစ်ခုလိုအပ် နေပြီး ရပ်တည်ပေးမယ့် အဖွဲ့အစည်းတွေမှာလည်း LGBT အရေးနားလည်တတ်ကျွမ်းသူတွေဖြစ်ဖို့ အရေးကြီးသလို ပြည်သူလူထုကို နား လည်လက်ခံလာအောင် စည်းရုံးပြီး တကယ့်စိတ်ရင်းနဲ့ ကူညီပေးသူတွေဖြစ်ဖို့ လိုအပ်ပါလိမ့်မယ်။
လက်ရှိ ရခိုင်ပြည်နယ်ရဲ့ အနေအထားမှာဆိုရင်တော့ တကယ်လုပ်ဆောင်ပေးမလိုလိုနဲ့ လုပ်ဆောင်နေကြတဲ့ ဟန်ပြအဖွဲ့အစည်းတွေကို သာ တွေ့လာရတယ်လို့ သူက ဆိုပါတယ်။


“ရခိုင်ပြည်နယ်အတွက် ဘာလိုလဲဆိုရင် LGBT ရဲ့ကျန်းမာရေးနဲ့ အသိပညာဗဟုသုတ၊ သက်မွေးဝမ်းကြောင်းပညာရပ်သင်ကြားမှု အဓိက ထောက်ပံ့ပေးဖို့လိုတယ်ပြောတော့ သူတို့လက်မခံဘူး။ သူတို့ပရိုဂရမ်က ဘာဖြစ်တယ်။ ညာဖြစ်တယ်နဲ့။ ဘာလဲ LGBT ဟာ သူတို့အပေါ်မှာ အခုချိန်ထိ မျောက်ပြဆန်တောင်းလား။ အခုအောက်ခြေဆင်းကြည့်။ ကားဂိတ်မှာ ကလေးငယ်တွေ(LGBT) ဘာထောက်ပံ့မှုမှ မရှိဘူး။ General Knowledge လည်းမရှိ။ NGO အဖွဲ့အစည်းတွေ ရောက်တယ်။ ရုံးမှာဝန်ထမ်းခန့်တယ်။ ပြီးသွားတယ်။ ဒါကြောင့်ကျော်မိုး ဘယ်အဖွဲ့အစည်းနဲ့မှတွဲပြီး အလုပ်မလုပ်ဖူးဘူး။ လုပ်လည်းမလုပ်ဘူး။ ဒါပေမဲ့ အမှန်တကယ်လိုအပ်လို့ရှိရင် ကိုယ့်ဖက်က ကူညီဖို့အဆင့်သင့်ပဲ။ အသက်မွေးဝမ်းကြောင်းပညာရပ်သင်ပေးရမှာလား။ ဘာလုပ်ပေးရမှာလဲ။ LGBT ဖက်က မှန်မှန်ကန်ကန်တော့ ထောက်ပံ့မယ်။ ရပ်တည်မယ်ဆိုုရင် ကျော်မိုး အမြဲတမ်းအဆင်သင့်။”

အခုလို ဘယ်သူ့ကိုမှ အားကိုးမရတဲ့အခြေအနေမှာ ဘယ် LGBT အဖွဲ့ဝင်အနေနဲ့ပဲ ဖြစ်ဖြစ် သက်မွေးဝမ်းကြောင်းပ ညာရပ်တစ်ခုခုတတ် မြောက်ထားဖို့ လိုအပ်ပြီး တစ်ချို့နယ်ပယ်တွေမှာ သူတို့ကို လက်မခံကြပေမယ့် သူတို့မှာသာ ပညာရပ်တစ်ခုခု ပါလာရင်တော့ သူတို့ရဲ့ ရှေ့ဆက်ရှောက်မယ့် ဘဝခရီးလမ်းအတွက် ပိုမိုလွယ်ကူနိုင်ပါတယ်။

ကိုကျော်ကျော်မိုးကတော့ သူတို့ဟာ LGBT မို့လို့ တစ်ခြားသူတွေထက် ပိုကြိုးစားရမယ်လို့ ခံယူထားတယ်လို့ ဆိုပါတယ်။

“ကိုယ်တို့ဟာ LGBT ဖြစ်တဲ့အတွက်ကြောင့် အလုပ်ကို ကောင်းကောင်းမွန်မွန်ကြိုးစားရမယ်။ လူလူချင်းအားနာမှု ရှိချင်ရင် သက်မွေးဝမ်းကြောင်းပညာရပ်တစ်ခု ရှိကိုရှိရမယ်။ ခုကျော်မိုး သက်မွေးဝမ်းကြောင်း ပညာရပ်နဲ့ ကောင်းကောင်းမွန်မွန် လျှောက်လှမ်းနေတယ်။ တစ်ခြား သူတွေကိုလည်း သက်မွေးဝမ်းကြောင်းကို လျှောက်လှမ်း စေချင်တယ်။ အခုဆိုရင် ကျော်မိုးဆီမှာ အလုပ်လုပ်တဲ့ LGBT ဆိုင်ဝန်ထမ်းတွေ ရန်ကုန်မြို့က လာလုပ်ကြတယ်။ ဘာကြောင့် လာလုပ်ကြလဲ။ သူတို့ကို်ယ် သူတို့ရပ်တည်နိုင်တယ်။ အဲဒီလိုဖြစ်စေချင်တယ်။ သူ့လက်ထဲမှာ ပညာရပ်တစ်ခုရှိရင် မည်သည့်ဆိုင်မှာမဆို အလုပ်ဝင်လုပ်လို့ ရတယ်။ တစ်ချို့ကတော့ မိန်းမလျာမို့ အလုပ်မပေးချင်။ အဲဒီမိန်းမလျာမှာလည်း ပညာရပ်တစ်ခုမလာရင် တစ်ယောက်မှ မခန့်ချင်ဘူး။ ကျော်မိုးကိုယ်တိုင်လည်း မခန့်ချင်ဘူး။ သက်ဆိုင်တဲ့အဖွဲ့အစည်းကလုပ်ပေး ရမှာပေါ့။”


LGBT တစ်ယောက်ဖြစ်တယ်ဆိုတာကို လက်ခံဖို့ သူ့ကိုသူတောင် ကြောက်ရွံ့နေခဲ့တဲ့ ကိုကျော်ကျော်မိုးဟာဆိုရင် အစပိုင်းမှာ အခက်ခဲ တွေရှိခဲ့ပေမယ့် ၁၀ စုနှစ်တစ်ခုနီးပါးခန့်ကြာမြင်တဲ့ အခုအချိန်မှာဆိုရင် အောင်မြင်မှုတွေရရှိနေပါပြီ။ ဘာလို့လဲဆိုတော့ သူဟာ ဝါသနာ ကို အရင်းခံ၊ ကြိုးစားမှုကို ရှေ့တန်းတင်ပြီး လုပ်ဆောင်ခဲ့တဲ့ အတုယူဖွယ် လုပ်ရပ်တွေကြောင့်ပါပဲ။
ဒါပေမယ့် သူ့ကတော့ အောင်မြင်မှုဆိုတာ ဘေးလူတွေရဲ့သတ်မှတ်ချက်တစ်ခုလို့သာ မှတ်ယူတယ်လို့ ဆိုပါတယ်။


“မိန်းမလျာလိုနေထိုင်ပေမယ့် ယောက်ျားကဲ့သို့ အလုပ်လုပ်နေရတယ်။ ကိုယ်နံပါတ်တစ်နေရာကိုရောက်ရင် နံပါတ်တစ်မှာမြဲဖို့ ခက်ခဲတဲ့ အတွက်နဲ့ အောင်မြင်မှုဟာ ဘာလဲ။ အောင်မြင်မှုက ဘယ်လောက်ထိ ဖြစ်တယ်လို့ ပြောလို့မရဘူး။ နေရာလေးတစ်ခုပဲ မြဲစေချင်တယ်။ အောင်မြင်မှုဆိုတာကတော့ အပြင်လူ သတ်မှတ်တာပေါ့နော်။ ကျော်မိုးကတော့ ကိုယ့်မှာရှိနေတဲ့နေရာလေးတစ်ခုကျလို့ မသွားချင်ဘူး။ အဲဒီနေရာမှာပဲ အကြာကြီးနေချင်တယ်။ ဒါက ကိုယ့်ရဲ့သတ်မှတ်ထားတဲ့ အကန့်သတ်လေးတစ်ခုပေါ့နော်။”


ကိုကျော်ကျော်မိုးကတော့ LGBT တွေအတွက် ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်သလို အတုယူဖွယ်ကောင်းသူတစ်ဦး နူးညံ့သိမ်မွေ့တဲ့ မိန်း မလျာတစ်ဦးဖြစ်ပေမယ့် အမှန်တရားအတွက် တိုက်ပွဲဝင်မယ့် တိုက်စစ်မှူးတစ်ဦးကဲ့သို့ ရဲရင့်သူပါ။ သူ့အနေနဲ့ ဂုဏ်အယူရဆုံးလုပ်ရပ် ကတော့ သူ့ကို ရခိုင်လူထုအသိုင်းအဝိုင်းကလည်း လေးစားအားကျကြတာပဲ ဖြစ်ပါတယ်။

 975 total views,  1 views today