နောင်နောင် | Arakan Yoma
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ တောကံ ကျေးရွာကနေ စက်တပ်လှေနဲ့ ဆယ်မိနစ်ခန့် သွားရင် ပြည်နယ်ထဲ ရက်ကန်းလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြတဲ့ ဝါဘို ကျေးရွာကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒီဝါဘို ကျေးရွာမှာတော့ ရိုးရာ ရက်ကန်းလုပ်ငန်းဟာ လက်ဆင့်ကမ်းအမွေ ပေးလာတဲ့ အတတ်ပညာရပ် တစ်ခုလည်း ဖြစ်ပါတယ်။
“ပထမဆုံးတော့ ချည်ငင်ရပါတယ်။ ရက်ကန်းရက်ဖို့အတွက် ချည်ငင်ရပါတယ်။ ပြီးရင် ပန်းကောက်ရပါတယ်။ ပန်းဖော်ရပါတယ်။ ပြီးတော့ ပန်းဖော်ထားတာကို တင်းမာအောင် လုပ်ဖို့အတွက် ရက်ကန်းမှာ တပ်ဆင်ပြီးတော့ အကုန်လုံး အဆင်သင့် လုပ်ပြီးတော့မှ ရက်ကန်းရက်လို့ ရပါတယ်။” လို့ ဝါဘိုကျေးရွာက ရက်ကန်းသည် အမျိုးသမီးငယ်တစ်ဦးက ပြောပါတယ်။
ရခိုင်ရိုးရာ ရက်ကန်း လုပ်ငန်းက ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်း လုပ်ကိုင်လာတဲ့ ဝါဘိုကျေးရွာရဲ့ နေအိမ်တိုင်း လိုလို ရက်ကန်းစင်တွေ ရှိသလို ဝါဘိုကျေးရွာသူတွေကလည်း ရက်ကန်းရက်တဲ့ အလုပ်ကို လုပ်ကိုင်ပြီး အသက်မွေးကြတာ ဖြစ်ပါတယ်။
“ အခက်အခဲကတော့ ဒီလိုပါ။ အထည်လိုချင်တဲ့ လူတစ်ယောက်က သူလိုချင်တဲ့ ပုံစံမျိုး၊ လိုချင်သလို ရအောင် ကျွန်မတို့ကလည်း အဲဒီလူ လိုချင်တဲ့ ပုံစံမျိုးအထိ လုပ်ပေးရတာပါ။ သူတို့ကို မလုပ်ပေးနိုင်ရင်လည်း အလိုလိုတော့ စိတ်မကောင်း ကိုယ့်ဘာသာ ဖြစ်ရပါတယ်။ သူတို့က ရင်းထားရတဲ့သူတွေ။ ကျွန်မတို့က သူတို့ကို ရက်လုပ်ပေးရတာလောက်ပဲ။ တစ်ခါတစ်လေဆို အော်ဒါမျိုး ကြိုမှာတာတွေတော့ ရှိပါတယ်။ အားလုံးက ဒီမှာ အငှားလုပ်ကြတာပါ။ စလုပ်မယ် ဆိုကတည်းက အငှား လုပ်တာပါ။ အလုပ်ရှင်က သူ့စိတ်တိုင်းကျ ကိုယ် လိုသလောက်ကို ပေးလာပါတယ်။ ပြောသမျှ။ အထည် ၃၀ ဆိုရင် ၃၀ လိုသမျှကို ပြောလာပါတယ်။ အဲဒီအချိန် တစ်လအတွင်း ပြီးရမယ်လို့ ပြောလာပါတယ်။ တစ်လအတွင်း ပြီးအောင် ရက်ပေးရပါတယ်။”
ဝါဘိုကျေးရွာသူ ဦးသိန်းမြဟာ ရိုးရာ အထည်အလိပ်တွေ ရက်လုပ်တဲ့ ရက်ကန်းကို သူ့အသက် ၁၈ နှစ်ကတည်းက စလုပ်ခဲ့တာပါ။
“ကိုယ်က ဒီအလုပ်ကို တတ်နိုင်သမျှ ကြိုးစားပြီး လုပ်ပါတယ်။ မလုပ်ဖူးခဲ့ပေမယ့် အစကတည်းက ကြိုးစားပြီး လုပ်ပါတယ်။ ကိုယ့်ကို ကိုယ် ယုံကြည်ချက်နဲ့ ရအောင် လုပ်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လုပ်တာပါ။”
သူက ရက်ကန်းအတတ်ပညာကိုတော့ သူ့အမေဆီကပဲ လေ့လာသင်ယူခဲ့တာ ဖြစ်ပါတယ်။
“ကိုယ်က တစ်ခုမှ နားမလည်တော့ အမေကိုပဲ အားကိုးရတယ်။ အကုန်လုံး တတ်နိုင်သမျှကိုတော့ အမေ့ကိုတော့ လုပ်ခိုင်းပါတယ်။ ကိုယ်ကတော့ အဲလောက် မတတ်ပါဘူး။ နောက် စလုပ်ပြီး လေးငါးရက်လောက် နေပြီးတော့မှ ကိုယ်က နဲနဲ နားလည်စပြုလာတာပါ။”
လုပ်ငန်းအတွေ့အကြုံ မရှိသေးဘဲ ဒီရက်ကန်းလုပ်ငန်းကို စလုပ်ရတဲ့အချိန်က ဦးသိန်းမြအတွက်တော့ အခက်ခဲဆုံး အချိန်ပဲ ဖြစ်ပါတယ်။
“ပင်တော့ ပင်ပန်းပါတယ်။ ခြေတွေလက်တွေ နာတာလည်း ဖြစ်တတ်ပါတယ်။ ပထမဆုံး လုပ်တဲ့အချိန်ကဆိုရင် နေရထိုင်ရတာလည်း ခက်ခဲပါတယ်။ နေမကောင်းဖြစ်ပါတယ်။ သံလုံးနဲ့ လုပ်ထားတာ ဆိုတော့ ခက်ခဲပါတယ်။ လက်တွေ နာပါတယ်။ အဲဒီအချိန်မှာ လက်သည်းတွေ ကျိုးတယ်။ လက်သည်းအရှည်တောင် ထားလို့မရပါဘူး။ ဘယ်ကစပြီး ဘယ်လို လုပ်ရမယ်ဆိုတာ မသိပါဘူး။ သူများ လုပ်တာကိုလည်း ကြည့်ပြီး လုပ်လဲ မရဘူး။ သင်တဲ့သူက စိတ်ပါဖို့လည်း လိုသေးတယ်။ ကိုယ် လုပ်ချင်တဲ့ ဆန္ဒ။ ကိုယ် လိုချင်တဲ့ ဆန္ဒတော့ ရှိရပါမယ်။ တတ်အောင် လုပ်မယ်ဆိုတဲ့ စိတ်တော့ ခံယူထားရပါတယ်။”
ခေတ်တွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ရက်ကန်းရက်လုပ်တဲ့ နည်းပညာတွေကလည်း တိုးတက် ပြောင်းလဲ လာခဲ့ပါတယ်။ အရင်က လက်ရက်ကန်းလို့ ခေါ်တဲ့ ရက်ကန်းစင်တစ်စင်ကို လူနှစ်ယောက်တွဲပြီး လုပ်ကိုင်ခဲ့ကြရပေမယ့် အခုချိန်မှာတော့ လူတစ်ယောက်တည်းကပဲ လွယ်ကူစွာ ရက်လုပ်လို့ ရတဲ့ ဆွဲရက်ကန်းနဲ့ပဲ ရက်လုပ်နေကြတာပါ။
“ကျွန်မအတွက်ကတော့ ဒီအလုပ်က အရေးပါပါတယ်။ မိသားစု စားဝတ်နေရေးအတွက်ပါ။ မိသားစုက လေးယောက်ရှိတယ်။ အဖေက ထိုင်းမှာပါ။ အမေက ကျွန်မနဲ့ တူတူနေပါတယ်။ သားမိနှစ်ယောက်က ရက်ကန်းရက်တယ်။ မောင်လေးက ရန်ကုန်မှာပါ။ လေးယောက်လုံး အလုပ်လုပ်ကြပါတယ်။”
ရခိုင်ရိုးရာ ရက်ကန်းစင်တစ်စင်မှာတော့ ရဟတ်၊ ကျွမ်းသီး၊ ချွန်း၊ သျှား၊ ယဉ်သွား၊ နှပ်ကြိမ်၊ ထိုးဝါးလုံး၊ ညှပ်သီး၊ ခြေနင်းဆိုပြီးတော့ ရှိပါတယ်။
“ခြေနင်းက အဆင်မပြေတာတွေ၊ မညီတာတွေလည်း ရှိပါတယ်။ မညီတာကို ညီအောင် လုပ်ရတာတွေ၊ တစ်ခါလုပ်လို့ မရ၊ နှစ်ခါလုပ်လို့မရ။ အဲဒီလိုမျိုးတွေ ဖြစ်တတ်တယ်။ ရက်ကန်းရက်တဲ့ အချိန်တွေမှာလည်း ရက်လို့ မရတဲ့အချိန် စောင်းနေတာတွေ၊ ရွဲ့နေတာတွေ အဲဒီလိုမျိုးတွေလည်း ဖြစ်တတ်ပါသေးတယ်။”
သာမန်အားဖြင့်တော့ အထည်တစ်ထည် ရက်လုပ် ပြီးစီးဖို့ဆိုရင် အချိန် ၇ နာရီလောက် ကြာမြင့်ပြီး ရက်ကန်းသည်တွေရဲ့ ဝင်ငွေ အနည်းအများကလည်း အလုပ်ကျွမ်းကျင်မှုအပေါ် မူတည်ပါတယ်။
“တစ်သောင်းသုံးထောင်ပါ။ ကျွန်မတို့က အဲဒါ အလုပ်ရှင်ကို သွင်းတဲ့ ဈေးပါ။ အလုပ်ရှင်က ကျွန်မတို့ကို ပေးတဲ့ဈေးပါ။ ရောင်းတဲ့ ဈေးမဟုတ်ပါ။ အတိအကျရယ်တော့ မဟုတ်ပါဘူး။ တစ်လကို အထည် ၂၀၊ ၃၀ လောက်တော့ ရက်နိုင်ပါတယ်။ တစ်လကို ငွေရတယ် ဆိုတာက ကိုယ်လုပ်တဲ့အပေါ် မူတည်ပါတယ်။ တစ်လအတွင်း ကိုယ် ရက်နိုင်သမျှတော့ ရပါတယ်။ လုပ်နိုင်သမျှပါ။”
“ကိုယ် ကြိုက်တဲ့ အရောင်ဆို ကိုယ်က အမြဲတမ်း စိတ်တိုင်းကျပါတယ်။ ကိုယ်သဘောကျတယ်။ လှတယ်ဆိုရင် လှပါတယ်။ အကောင်းဆုံးတော့ ရက်ပေးတာပါပဲ။ ဒီအလုပ်က ရိုးရာအလုပ်လို ဖြစ်နေတယ်။ စိတ်လှုပ်ရှားစရာတော့ မရှိပါ။”
ဦးသိန်းမြကတော့ ဒီရက်ကန်းအလုပ်ကို ဝါသနာအရတော့ လုပ်ကိုင်ခဲ့တာ မဟုတ်ပါ။ မိသားစု စားဝတ်နေရေး အဆင်မပြေတဲ့ အချိန်တွေမှာ တစ်ဖက် တစ်လမ်းကနေ ဝင်ငွေကူရှာပေးနိုင်ဖို့ မိရိုးဖလာ လုပ်ကိုင်လာကြတာပါ။
“သူတို့က ဒီအထည်က လုံးဝမကောင်းဘူး၊ မရဘူးဆိုရင် ကိုယ်က စိတ်မကောင်းဖြစ်ရတယ်။ တစ်ခါတစ်လေ ဖောက်သည်တွေက မကြိုက်ရင်ပေါ့။ ဒီအလုပ်ကနေ ထွက်ဖို့ကောင်းတဲ့ထိ စိတ်က ပျက်သွားတယ်။ ဒါပေမယ့် မိဘကို ပိုက်ဆံရှာပေးရဦးမယ် ဆိုတဲ့ စိတ်နဲ့ ဆက်လုပ်ဖြစ်ပါတယ်။ အခြေအနေ ပေးလာမယ် ဆိုရင်တော့ အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ကြိုးစားသွားမယ်ဆိုတဲ့ ယုံကြည်ချက်တော့ ရှိပါတယ်။”
ငယ်စဉ်က ဖြစ်ချင်ခဲ့တဲ့ သူ့ ဆန္ဒတွေကို စွန့်လွတ်ပြီး မိသားစု စားဝတ်နေရေးအတွက် တထောင့်တနေရာအတွက် ကူညီပေးနိုင်ဖို့ မနက် မိုးလင်းကနေ မိုးချုပ်တဲ့အထိ ဦးသိန်းမြကတော့ ရက်ကန်းစင်လေးပေါ်မှာပဲ ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ် ခင်ဗျား။
783 total views, 1 views today