နောင်နောင် | Arakan Yoma

ဗုဒ္ဓပူဇနိယ အကဟာ ဘုရား၊ တရား၊ သံဃာံ ရတနာသုံးပါးကို ဆီမီးနဲ့ ရှိခိုးပူဇော်တဲ့ ရခိုင်ရိုးရာ အကတစ်ခု ဖြစ်ပါတယ်။ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာ အရ တစ်ခြားအကတွေ မကသေးခင် မြတ်စွာ ဘုရားရှင်ကို ဦးခိုက်ပူဇော်တဲ့အနေနဲ့ ဗုဒ္ဓပူဇေနိယအကကို ပထမဆုံး ကပြ ဖျော်ဖြေရတာ ဖြစ်ပါတယ်။

ဒီအကဟာ ဗုဒ္ဓဘာသာ စတင်ထွန်းကားခဲ့တဲ့ ဓညဝတီခေတ်မှာ စတင်ပေါ်ပေါက်လာတာ ဖြစ်ပြီး ရခိုင်ရိုးရာ ဆီမီးခွက်အကလို့လည်း ခေါ်ပါတယ်။

ဒီလို ရိုးရာအကနဲ့ ယဉ်ကျေးမှုထုံးတမ်းဓလေ့တွေကို မြတ်နိုးတတ်သူ ဒေါ်ညိုညိုစောဟာ မျိုးဆက်သစ် အမျိုးသမီးတွေကို ရခိုင်ရိုးရာ အကတွေနဲ့ ပတ်သက်ပြီး သင်ကြားပေးနေသူတစ်ယောက်ပါ။

“ဗုဒ္ဓဘာသာဝင်တွေမှာ ဘုရားကို စပြီး ရှိခိုးတဲ့အက။ ဘုရားရှိခိုးအက။ ဘုရားကို ပူဇော်တာ ပထမဆုံး။ ရိုးရာတွေမှာဆိုလည်း ဗုဒ္ဓပူဇနိယအကတေးကို ပထမဆုံး တိုက်ပြီးမှ တခြားအကတွေကို တေးတိုက်ရတယ်။ ဗုဒ္ဓပူဇေနိယအကကို မကသေးဘဲ တခြားအကတွေကို ကလို့ မရဘူး။” လို့ ရခိုင်ရိုးရာအကတွေကို ချစ်မြတ်နိုးပြီး စိတ်ဝင်စားသူ ကချင်သူတွေကို ကိုယ်တိုင်လည်း သင်ကြားပေးနေသူ ဒေါ်ညိုညိုစောက ပြောပါတယ်။

သူက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ နေထိုင်ပြီး ရခိုင်ရိုးရာယဉ်ကျေးမှုအကတွေကို အသက် ၁၃ နှစ်အရွယ်ကတည်းက စတင် ရင်းနှီးခဲ့သူပါ။ ဒါပေမယ့် သူ အသက် ၁၆ နှစ်မှာ အိမ်ထောင်ကျခဲ့တာကြောင့် သူ ချစ်မြတ်နိုးတဲ့ အကတွေနဲ့ ၅ နှစ်ကျော်လောက် ဝေးကွာခဲ့ရပါတယ်။

အဲဒီနောက် သူ အသက် ၂၁ နှစ်မှာ ရိုးရာယဉ်ကျေးမှုအက လောကထဲ ပြန်လည်ရောက်ရှိလာပြီး ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့ရဲ့ ကြီးကြပ်သူအနေနဲ့ရော၊ အကသင်ပေးသူအဖြစ်နဲ့ပါ တစိုက်မတ်မတ် လုပ်ကိုင်လာတာ အခုဆိုရင် နှစ်ပေါင်း ၂၀ ကျော် ရှိနေပါပြီ။

“ကလေးဘဝ ကျောင်းတက်နေတဲ့ အသက် ၁၃ နှစ်အရွယ်ကတည်းက ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့မှာ ဝင်ပြီးကလာတာ။ ကိုယ့် ရခိုင်ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့အနေနဲ့ ဝင်ပြီးကတာ။ ဗုဒ္ဓပူဇေနိယအက ကကွက်တွေကို ကတယ်။ ပိုးဝါမှာဆိုရင် အရံအနေနဲ့ ကတယ်။ ပြီးရင် ပြဇာတ်တွေမှာ ကတယ်။ ဇာတ်ထုတ်တွေမှာ ကတယ်။ အသက် ၁၃ နှစ်ကနေ ၁၆ နှစ်ထိ ဆယ်တန်းထိပေါ့ ကျောင်းတက်ခဲ့တယ်။ အဲဒီကနေ စပြီးတော့ အိမ်ထောင်ကျသွားတော့ ရိုးရာအကနဲ့ ၅ နှစ်ကျော် ၆ နှစ်လောက် ဝေးကွာခဲ့တယ်။ အခု ရိုးရာပြန်ဝင်တဲ့ နောက်ပိုင်းမှာဆိုရင် ယိမ်းနေရာမှာ မကတော့ဘူး။ ကြီးကြပ်သူနေရာမှာပဲ ဝင်လုပ်ပြီးတော့ အခု ကလေးတွေကို သင်ပေးနေတယ်။” လို့ ဒေါ်ညိုညိုစောက ပြောပြပါတယ်။

ဗုဒ္ဓပူဇေနိယအကကို ဘုရားပွဲတွေနဲ့ သက်ကြီးရွယ်အို ပူဇော်ပွဲတွေမှာ အများဆုံး ကပြဖြေဖျော်ရတာ ဖြစ်ပါတယ်။ သူက ဒီလိုပွဲတွေမှာ ကိုယ်တိုင်ပဲ လိုက်ကသလို၊ သမိုင်းဆိုင်ရာ ပြဇာတ်တွေနဲ့ ဇာတ်ထုတ်တွေမှာလည်း နောက်ခံ တေးသီချင်းတွေကို သီဆို ပေးရတတ်ပါသေးတယ်။

“အခု အန်တီတို့က များသောအားဖြင့် သျှစ်သောင်းနဲ့ ရိုးရာဟာ ကိုယ့်မြောက်ဦးမြို့မှာ ရှိနေတဲ့အတွက် ယှဉ်တွဲနေတယ်လေ။ သျှစ်သောင်းဘုရားပွဲတိုင်း အန်တီတို့ ရိုးရာအဖွဲ့ ကရတယ်။ ဒီဆီမီးခွက်အကအပါအဝင် တခြားအကတွေလဲ ကတယ်။ ရခိုင်သမိုင်းဟူသမျှ ဇာတ်ထုတ်တွေ ကတယ်။ ပြဇာတ်ဆိုရင် ရခိုင်သမိုင်းပြဇာတ်။ ဇာတ်ထုတ်ဆိုရင်လဲ ရခိုင်သမိုင်းဇာတ်ထုတ်တွေကို ကတယ်။ ပြီးတော့ နွေရာသီဆိုလို့ ရှိရင် နယ်တွေက ဘုန်းကြီးပျံပွဲတွေမှာ ကဖို့ လာခေါ်ရင်လဲ တစ်ခါတစ်လေ သွားကဖြစ်ပါသေးတယ်။” လို့ ဒေါ်ညိုညိုစောက ဆိုပါတယ်။

ဒါ့အပြင် သူက ခုလို ဆက်ပြောပါသေးတယ်။

“ဒီ ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့ဟာ သျှစ်သောင်းဘုရားပွဲက ရတဲ့ ငွေနဲ့ ရိုးရာအဖွဲ့အစည်းတစ်ခု တည်တံ့အောင် ဆိုပြီး လုပ်နေကြတာပဲ ဖြစ်ပါတယ်။ တခြားအဖွဲ့အစည်းတွေက ထောက်ပံ့တာမျိုး၊ အဲလိုမျိုးလည်း မရှိပါဘူး။ သျှစ်သောင်းဘုရားပွဲတစ်ပွဲ မကလိုက်ရဘူးဆိုရင် ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့မှာ ကမယ့်နေရာ မရှိတော့ပါဘူး။ ရခိုင့်ရိုးရာ ယဉ်ကျေးမှုအဖွဲ့မှာ ရံပုံငွေလဲ မရှိတော့ အဆင်မပြေပါဘူး။ နောက်ပြီးတော့လည်း ကိုယ့် မြောက်ဦးမှာ သျှစ်သောင်းဆိုတာက အထွတ်အမြတ်ဖြစ်တဲ့အတွက် ခုလို ပွဲမကျတဲ့အပေါ် အန်တီတို့ ရင်ထဲမှာ လုံးဝ စိတ်မကောင်းဖြစ်မိတယ်။”

ဒေါ်ညိုညိုစောက သူ့ဆီကို ရိုးရာအက ပွဲလမ်းသဘင်တွေနဲ့ ပတ်သက်ပြီး တခြား မြို့ရွာတွေက အကူအညီတောင်းရင်လည်း နိုင်တဲ့ ဘက်က ကူညီပေးတတ်သူပါ။ ဒါကြောင့် အနီးအနား ကျေးရွာမှာ ရိုးရာ အကပွဲတွေ ကျင်းပရင် ဒေါ်ညိုညိုစောဆီမှာပဲ အက လာသင်ကြရတာပါ။

ဒါနဲ့ ပတ်သက်ပြီးတော့လည်း သူက “ ဒီ ရခိုင့်ရိုးရာ အကတွေနဲ့ ပတ်သက်လာရင် ဘယ်လိုပဲ အကူညီတောင်းတောင်း၊ အားလုံးကူညီပေးတယ်။ ကျောင်းကပွဲတွေ၊ စုံညီပွဲတော်တွေက အကူအညီလာတောင်းရင်လည်း လိုက်ကူညီပေးပါတယ်။ ဒါ့အပြင် ရခိုင့်ရိုးရာအကတွေမှာ ဆံထုံးထုံးဖွဲ့ဖို့၊ အဝတ်အစား ဝတ်ဖို့ဆိုရင်လည်း အမြဲတမ်းလုပ်ပေးပါတယ်။” လို့ ဆိုပါတယ်။

ဒေါ်ညိုညိုစောမှာ သားသမီး သုံးဦး ရှိပါတယ်။ ဘုရားပွဲတွေဆိုရင် တမိသားစုလုံး ဆိုကြကကြရပါတယ်။

“ဟိုအရင်ခေတ်တွေနဲ့မတူ။ အခုခေတ် ကလေးတွေက စိတ်ပါဝင်စားမှု အားနည်းတယ်။ စိတ်ဝင်စားတဲ့ သူတွေကလည်း ငွေကြေးချမ်းသာတဲ့ သူတွေ မဟုတ်ပါဘူး။ တစ်နေ့လုပ် တစ်နေ့စား ကလေးတွေက ကနေကြတာ။ အဲဒါကြောင့် ကဖို့ လူခေါ်လာတဲ့အခါ အခက်အခဲတွေ ဖြစ်တယ်။” လို့ သူက ဆက်ပြောပါတယ်။

ဒေါ်ညိုညိုစောက မိသားစု စားဝတ်နေရေးအတွက်တော့ ရပ်ကွက်ထဲ ထမင်းတစ်ခါပြင် ဆိုင်လေး ဖွင့်ထားပြီး အသက်မွေးဝမ်းကြောင်း ပြုပါတယ်။ ဒီအလုပ်က သူ့ မိသားစုအတွက် မြိုးမြိုးမြက်မြက် ရတာမျိုး မဟုတ်ပေမယ့် သူ ဝါသနာပါတဲ့ ရိုးရာ ကကွက်ကနည်းကဟန်တွေကို ထိန်းသိမ်းရတဲ့အပြင် မျိုးဆက်သစ်လူငယ်တွေကိုပါ အက သင်ပေးရတာကြောင့် စိတ်ချမ်းသာစရာလို့ ခံယူထားသူလည်း ဖြစ်ပါတယ်။

ဒီအကြောင်း ဒေါ်ညိုညိုစောက ခုလို ပြောပြပါသေးတယ်။

“အန်တီတို့ မိသားစုက ဆင်းရဲပေမယ့် အေးအေးချမ်းချမ်းဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် အရမ်းကြီး ငြိုငြင်တာတွေတော့ မရှိဘူး။ ဖြစ်နိုင်ရင် ဒီရိုးရာအကကို အခု လက်ရှိ အခြေအနေတွေထက် ပိုပြီး မြင့်မားအောင် ၊ တိုးတက်အောင် လုပ်ပေးချင်ပါတယ်။”

ဒီလို ရိုးရာယဉ်ကျေးမှုနဲ့ အနုပညာကို မြတ်နိုးတန်ဖိုးထားတဲ့ ဒေါ်ညိုညိုစောဟာ သူ တတ်ထားတဲ့ အကပညာတွေကို လူငယ်အမျိုးသမီးတွေအတွက် လက်ဆင့်ကမ်းအမွေပေးရင်း ရိုးရာယဉ်ကျေးမှုတွေ ပျောက်ပျက်မသွားအောင် ဆက်လက်လုပ်ဆောင်သွားဖို့ ဆန္ဒရှိနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

 1,335 total views,  1 views today