ကိုအောင်၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒီတပါတ်မှာတော့ မြန်မာနိုင်ငံရဲ့ အနောက်ဘက်အစွန်ဆုံး ဒေသဖြစ်တဲ့ မောင်တောဒေသမှာရှိတဲ့ မေယု တောင်တန်းပေါ်က ပျောက်ကွယ်သွားတဲ့ မီးရထားလမ်းတခုရဲ့ အကြောင်းကို ရထားလမ်း နှစ်တရာပြည့် အထိမ်းအမှတ် အနေနဲ့ တင်ဆက်ပေးသွားမှာပါ။

စစ်တွေမြို့ကနေ ဘူးသီးတောင်နဲ့ မောင်တောကို သွားလာဖို့ဆိုရင် ဒီနေ့အချိန်အထိ ရေလမ်းခရီးကို အားထားနေရဆဲပါ။ စစ်တွေမြို့ကနေ မိုင် ၈၀ အကွာအဝေးရှိတဲ ဘူးသီးတောင်မြို့ကို သင်္ဘောနဲ့ လာရောက်ပြီးမှ ကားလမ်းကတစ်ဆင့် မောင်တောမြို့ကို သွားရောက်နိုင်ပါတယ်။

အခုအချိန်မှာ ရသေ့တောင် ဘူးသီးတောင်လမ်းကနေ လာရောက်နိုင်သလို အငူမော်မြစ်ကို ဇက်နဲ့ ဖြတ်ကူးပြီး မောင်တောမြို့ကို လာရောက်နိုင်ပေမယ့် ခရီးကြမ်းတမ်း ခက်ခဲနေသေးတဲ့အတွက် ရေလမ်းခရီးကတော့ လူအများဆုံး အသုံးပြုတဲ့ ခရီးလမ်း ဖြစ်နေပါသေးတယ်။

ဘူးသီးတောင်မြို့ကို သင်္ဘောဆိုက်ရောက်လို့ ကုန်းပေါ်ကိုတက်ပြီဆိုတာနဲ့ တွေ့တဲ့ ရပ်ကွက်ကို အများစု ကတော့ သင်္ဘောဆိပ်လို့ အလွယ်တကူခေါ်ကြပေမယ့် တကယ် ပြန်တမ်းဝင် နာမည်ကတော့ မီးရထားဆိပ် လို့ အမည်တွင်နေပါတယ်။ ဘာကြောင့် သင်္ဘောတွေဆိုက်ကပ်တဲ့ နေရာကို မီးရထားဆိပ် လို့ ခေါ်ရတာလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

“တချိန်က အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို အုပ်ချုပ်တဲ့အချိန်တုန်းက အိန္ဒိယကလာတဲ့ မီးရထားတွေ ဒီ ဘူးသီးတောင်မီးရထားဆိပ်မှာ ဆိုက်ကပ်ခဲ့တဲ့အတွက် မီးရထားဆိပ်ရပ်ကွက်လို့ ဖြစ်လာပါတယ်။” လို့ မီးရထားဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးမောင်က ရှင်းပြပါတယ်။

ဘယ်အချိန်ကာလက ဘယ်အချိန်ကာလအထိ မီးရထားတွေ ပြေးဆွဲခဲ့တာလဲ၊ အခု အဲ့ဒီ မီးရထားလမ်းက ဘယ်လိုပျောက်ကွယ်သွားလဲ၊ မီးရထားလမ်း ရှိခဲ့ဖူးတဲ့ အထောက်အထားတွေ ဘယ်မှာလဲ၊ ဘယ်အရာတွေလဲ၊ စတဲ့အကြောင်းအရာတွေကို ဘူးသီးတောင် မောင်တောက ဒေသခံတွေကို မေးမြန်းတင်ဆက်ပေးမှာပါ။

ဘူးသီးတောင် မောင်တော မြို့နှစ်ခုဆက်သွယ်ဖို့အတွက် တခုတည်းသော ဆက်သွယ်ရေးလမ်းကြောင်းအဖြစ် ကားလမ်းကိုပဲ အသုံးပြုနေရပြီး ၁၆ မိုင်အရှည်ရှိတဲ့ လမ်းဟာ ယခင်က မီးရထားလမ်းတခုဖြစ်ခဲ့ပါတယ်။

တရားလွှတ်တော်ရှေ့နေ တယောက်လဲဖြစ်ပြီး မြို့မိမြို့ဖတစ်ယောက်လဲဖြစ်တဲ့ အသက် ၆၆ နှစ်အရွယ် ဦးအောင်ကျော်ညွန့်ဟာ မောင်တောမြို့ဇာတိဖြစ်ပြီး ယခုအချိန်အထိ မောင်တောမြို့မှာပဲ နေထိုင်ပါတယ်။ သူ သိရှိထားတဲ့ မီးရထားလမ်းအကြောင်းကို အခုလိုပြောပြပါတယ်။

“ဘူးသီးတောင် မောင်တောသွားတဲ့လမ်းကတော့ ကတ္တရာလမ်းဖြစ်နေပြီ၊ အဲ့ဒီခွဆုံကနေပြီးတော့ ရွှေဇား တံတားအထိ ကျောက်လုံးကြီးတွေ၊ အဲ့ဒါ ရထားလမ်းလုပ်ခဲ့တာ။ အဲ့ဒီတံတားရဲ့ တဖက်ကိုလည်း ကျောက်လုံးကြီးတွေ၊ အဲ့ဒီကျောက်လုံးကြီးတွေက ဘယ်အထိရောက်လဲဆိုရင် ဟို ကညင်ချောင်းအထိ ရောက်သွားတယ်။ အဲ့ဒီ ကညင်ချောင်းဟာ ရထားလမ်းအစလို့ ပြောတယ်။ အဲ့ဒီတံတားဟာ ရထားဖြတ်တဲ့ တံတား။ ဘူတာအစက ကညင်ချောင်းမှာ ဘူတာစတယ်။ အဲ့ဒီကသွားပြီးတော့ ဘူးသီးတောင် မောင်တော ကတ္တရာလမ်းဖြစ်နေတဲ့ လမ်းတလျှောက်ဟာ ရထားလမ်းပဲ။”

ဒီမီးရထားလမ်းကို တည်ဆောက်ဖို့အတွက် အာရကန် ဖလော်တီလာ ကုမ္ပဏီက မာတင်ကုမ္ပဏီကို လုပ်ငန်း အပ်နှံခဲ့ပြီး ၁၉၁၆ ခုနှစ်မှာ စတင်ဖောက်လုပ်ခဲ့တာပါ။ ၁၉၁၈ခုနှစ်မှာ ဖောက်လုပ်ပြီးစီးခဲ့ပြီး ၁၉၂၆ခုနှစ်အထိ မီးရထားပြေးဆွဲခဲ့တယ်လို့ မေယုဒေသအကြောင်း လေ့လာပြီး ဆောင်းပါးတွေ ရေးနေတဲ့ ဆရာဦးလှဖြူသန်းက ပြောပါတယ်။

“ကညင်ချောင်းကနေ ဘူးသီးတောင်အထိကို မီးရထားလမ်းဖောက်ပါတယ်။ မှတ်တမ်း မှတ်ရာအရ ၁၉၁၈ မာတင်အင်ကုမ္ပဏီ ဆိုပြီး မှတ်ထားပါတယ်။ အဲ့ဒီအချိန်ကလည်း မီးရထားလမ်းကုမ္ပဏီက အရှူံး ပေါ်ပါတယ်။ အဓိကမီးရထားလမ်းဖြတ်တဲ့ ရွှေဇားတံတားဟာ ၁၉၂၆ လေမုန်တိုင်းမှာ ပျက်သွားတယ်လို့ ယူဆတယ်။ အဲ့ဒီအချိန်ကတည်းက ဘူးသီးတောင် မောင်တော ဘယ်လို အဆက်အသွယ်ဖြစ်သလဲဆိုတော့ စစ်တွေကို ရခိုင်ပြည်နယ်ကို ၀င်ပေါက်သည် မောင်တော မောင်တောက ဘူးသီးတောင်၊ အဲ့ဒီဝင်ပေါက် မောင်တောနဲ့ ဘူးသီးတောင်သည် ညီအကိုမြို့လို ဖြစ်နေတဲ့အတွက် ဘူးသီးတောင်မောင်တော ဖြစ်နေတယ်။”

ဆရာဦးအောင်ကျော်ညွန့်ကလဲ သူလေ့လာသိရှိထားတဲ့ မီးရထားလမ်းအကြောင်း အခုလိုရှင်းပြပါတယ်။

“သူတို့လုပ်တဲ့ ရည်ရွယ်ချက်က အဲ့ဒီကနေ ဆက်သွားရင် ဘယ်ထိရောက်မလဲဆိုတော့ တောင်ပြိုထိ ရောက်သွားမယ်။ အခုတောင်ပြို ငြိမ်းချမ်းရေးတံထားထိ ရောက်သွားမယ်။ အဲ့ဒီက တံတားထိုးရင် ဘင်္ဂလား ဒေ့ရှ်က နေ အိန္ဒိယအထိရောက်မယ်။ အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံနဲ့ အိန္ဒိယကိုပါ အုပ်ချုပ်ခဲ့တာ။ အိန္ဒိယ ရောက်ရင် ကမ္ဘာကြီးကိုပါ ပတ်သွားနိုင်တဲ့လမ်းဖြစ်သွားမယ်။”

ဒီမီးရထားကို မောင်တောကနေ ဘူးသီးတောင်အထိ ပြေးဆွဲပေးခဲ့ပေမယ့် စီးသူမရှိတဲ့အတွက် မီးရထား ကုမ္ပဏီက အရှူံးပေါ်ခဲ့ပြီး ရထားပြေးဆွဲမှုကိုလည်း ရပ်တန့်ခဲ့ရပါတယ်။

“၁၆မိုင်ဆိုတဲ့ခရီးက လမ်းလျှောက်ရင် လေးနာရီတောင်မကြာဘူး။ အဲ့လောက်ခရီး လမ်းလျှောက်တာ လောက်က အပျော့ပဲပေါ့။ အမြဲတမ်း လမ်းလျှောက်နေကြတဲ့လူတွေ။ နွားလှည်းနဲ့သွားရင်လဲ အဲ့လောက်မကြာ၊ ခြေလျင်သွားရင်လဲ သိပ်ကြာတဲ့ခရီးမဟုတ်တော့ တမတ်ပေးပြီး ရထားမစီးဘူး။ တမတ်ဆိုတဲ့ ပိုက်ဆံဟာ မိသားစု သုံး လေးယောက် ရှိတဲ့ အိမ်တအိမ်ရဲ့ တနေ့စာဖူလှုံတယ်။ တမတ်ရဖို့ တနေ့စာ ရုန်းကန်ရတာ လွယ်တာမဟုတ်ဘူး။ အဲ့ဒါကြောင့် ဘူးသီးတောင်မောင်တောကို တမတ်ပေးပြီး ရထားမစီးကြဘူး။ ခရီးသွားလာတဲ့ အလုပ်ကလဲ မရှိတဲ့အတွက် ကုမ္ပဏီအရှူံးပေါ်ပြီး ပိတ်လိုက်ရတယ်လို့ သိရတယ်။”

မီးရထားပြေးဆွဲတာ ရပ်တန့်သွားခဲ့ပေမယ့် မီးရထားလမ်းကတော့ ဆက်ပြီး ရှိနေခဲ့ပါတယ်။ ၁၉၂၈မှာ မီးရထား သံလမ်းနဲ့ ဇလီဖားတုံးတွေကို ကုမ္ပဏီက ပြန်လည်ဖြုတ်သိမ်းခဲ့ပါတယ်။ အဲဒီနောက် ဒီ မီးရထားလမ်း ဖောက်ခဲ့တဲ့ လမ်းအူကြောင်းအတိုင်းပဲ ကားလမ်းအဖြစ်အသုံးပြုခဲ့ပြီး ၁၉၆၈ ခုနှစ်ရောက်မှ ကတ္တရာလမ်း ဖြစ်ခဲ့တာပါ။ နောက်ပိုင်းမှာ တချိန်က မီးရထား ပြေးဆွဲခဲ့တယ်ဆိုတဲ့ အထောက်အထားတွေလဲ ပျောက်ကွယ်စ ပြုလာခဲ့ပါတယ်။ အထင်ကရ ရှိခဲ့တဲ့ သံလမ်းဟောင်းတွေ တံတားဟောင်းတွေလည်း စီမံအုပ်ချုပ်သူ တချို့က ဖြုတ်ယူပစ်ခဲ့တဲ့အတွက် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်း လုံးဝနီးပါး ပျောက်ကွယ်သွားခဲ့ပါတယ်။

“က ကြီးကောက် ကွေ့မှာလည်း မီးရထားသွားခဲ့တဲ့ အုတ်ဘောင်တန်း အခုထိ ရှိပါသေးတယ်။ တံတားကို ထောက်လှမ်းရေးခေတ်၊ စစ်အစိုးရခေတ်က ဖျက်ပစ်လိုက်လို့ ပျက်စီးသွားခဲ့ရတယ်။ ဒါပေမယ့် ဘောင်တန်းကတော့ ဒီနေ့ထိ ထင်ထင်ရှားရှား ကျန်နေပါသေးတယ်။”

အထင်ကရ ကျန်ရှိနေတဲ့ အထောက်အထားကတော့ ဘူးသီးတောင်မြို့နယ်ထဲမှာ တည်ရှိနေတဲ့ လှိုင် ခေါင်းကြီးနဲ့ လှိုင်ခေါင်းငယ်တို့ပဲဖြစ်ပါတယ်။ ဒီလှိုင်ခေါင်းတွေကိုလည်း မာတင်အင်ကုမ္ပဏီကပဲ တည်ဆောက် ခဲ့တာပါ။

မီးရထားလမ်းက ကားလမ်းဖြစ်လာတဲ့အခါမှာတော့ အတွင်းက ကားတွေဖြတ်သွားဖို့ အသုံးပြုခဲ့ကြပါတယ်။ ဘူးသီးတောင် မောင်တောလမ်းပေါ်မှာ နှစ်ဆယ့်ငါးနှစ်ကျော် ယာဉ်မျိုးစုံမောင်းနှင်ခဲ့ဖူးတဲ့ ဦးလှမိုးက သူ့ရဲ့ အတွေ့အကြုံကို ခုလို ပြောပြပါတယ်။

“အရင်တုန်းကဆို လှိုင်ခေါင်းကြီးက မြေအညီပေါ့။ ၁၉၉၅ ခုနှစ်မှာ သူတို့က အထဲက ကတ္တရာလမ်းကို ကွန်ကရစ်တုံး ထည့်မယ်ဆိုပြီးတော့ ခင်းလိုက်တာ။ အဲ့ဒီကစပြီး ပျက်တာ။ လမ်းကို လယ်ဗယ် (ရေချိန်ညီ) မချနိုင်ဘူးလေ။ အပေါ်က ရေကျတယ်။ အမြင့် ၆ လက်မ၊ ၁၀ ပေလောက် အပြားကြီးတွေ၊ အဲ့တုန်းကခင်းတာ ကျွန်တော် ကိုယ်တိုင်ပါတယ်။ နောက်ဆုံး ရေနဲ့ကျတော့ မခံတော့ဘူး။ နောက်ဆုံး လှိုင်ဂူကြီးလမ်းက ပျက်ပြီးတော့ ဒီဘက် တောင်ကျော်လမ်း လွှဲပစ်လိုက်ရတဲ့ အဆင့်ရောက်သွားတယ်”

ရာသီဥတုဒါဏ်တွေကြောင့် ပျက်စီးမှုဖြစ်လာတဲ့အပြင် ဒီလှိုင်ခေါင်းတွေထဲကနေ ခေတ်အလိုက် တိုးတက်လာတဲ့ ယာဉ် ယန္တယားတွေ ဖြတ်သန်းလို့ မရတဲ့အတွက် အသုံးမပြုတော့ပဲ ဆောက်လုပ်ရေး ၀န်ကြီးဌာနက ရှောင်ကွင်းလမ်းတွေ ဖောက်လုပ်ခဲ့ရပါတယ်။ လှိုင်ဂူတွေထဲကနေ ဖြတ်သန်းသွားလာတာကို ကန့်သတ် တားမြစ်ထားတာ မရှိပေမယ့် အခုအချိန်မှာ လှိုင်ဂူကြီးအထဲက ဖြတ်သန်းသွားလာတာ မရှိတော့ပါဘူး။ လှိုင်ဂူငယ် ထဲကတော့ ယာဉ်ငယ်တွေ ဖြတ်သန်းသွားလာနေကြပါသေးတယ်။

“နောက်ပြီး လှိုင်ခေါင်းကြီးက အရင်ကဆို နှစ်တိုင်း တောင်ပြိုရင် ပိတ်တယ်။ အဲ့ဒါကြောင့် ရှောင်ကွင်း လမ်း လုပ်တယ်။ ရှောင်ကွင်းလမ်းလုပ်လိုက်တဲ့အတွက် တင့်ကားဖြစ်ဖြစ် ကားကြီးဖြစ်ဖြစ် သွားနိုင်တယ်။ အဲ့ဒီတော့ တခြားကားတွေသွားလို့မရဘူးလားဆိုတော့ ကားငယ်တွေတော့ သွားနိုင်သေးတယ်။ လှိုင်ခေါင်းကြီးကို ဘာလုပ်မလဲဆိုတော့ သမိုင်းပြတိုက်အနေနဲပဲ ထားရတော့မယ်။”

လှိုင်ခေါင်းကြီးဟာ ပေအရှည် ၆၅၈ ပေရှိပြီး၊ ၁၂ပေခွဲအကျယ်၊ အမြင့် ၁၁ ပေခွဲ ရှိပါတယ်။ လှိုင်ခေါင်း အငယ်ကတော့ ပေအရှည် ၉၈ ပေ၊ အကျယ်နဲ့ အမြင့်ကတော့ တောင်ခေါင်းကြီးနဲ့ အတူတူပဲဖြစ်ပါတယ်။

“လှိုင်ခေါင်းကြီးလုပ်ဖို့အတွက် လှိုဏ်ခေါင်းငယ်က နမူနာပုံစံပဲ။ အဲ့ဒါကြောင့် လှိုင်ခေါင်းငယ်မှာ နဲနဲ ကွေ့ထားတာက တမင်ကွေ့ထားတာ။ အမှန်တကယ်ဆို အဲ့ဒီနေရာမှာ အဲ့လို ကွေ့ထားစရာတောင် မလိုဘူး။”

ဒေသတခုရဲ့ သမိုင်းအထောက်အထား၊ လမ်းတခု တဆင့်ပြီးတဆင့် ဖြစ်ပေါ်ပြောင်းလဲလာခြင်းရဲ့ မှတ်တမ်း သက်သေ၊ လွန်ခဲ့တဲ့ နှစ်တရာက ဆောက်လုပ်ရေး အင်ဂျင်နီယာပညာကို လေ့လာဖို့အတွက် စံနမူနာ အနေနဲ့တော့ ဒီ လှိုင်ခေါင်းတွေက ကျန်ရှိနေဦးမှာပါ။ ခရိုင်အင်ဂျင်နီယာ ဦးဇော်မင်းကတော့ လှိုင်ခေါင်းတွေ ဘယ်လို တည်ဆောက်သလဲဆိုတာ အင်ဂျင်နီယာပညာနဲ့ အခုလိုသုံးသပ်ပြထားပါတယ်။

“ဒီကောင်က စက်ဝိုင်း၊ စက်ဝိုင်းဆိုတာ လေးခုပိုင်းဖြတ် အားလုံး ထောင့်မှန်ကျတယ်။ ထောင့်မှန် ကျတဲ့အတွက် ဖိအားတွေက ဘေးကိုဆောင်တယ်။ အောက်ကို ခွဲထွက်သွားတယ်။ ဖိအားတွေက စောင်းပြီး ဘေးကိုပဲထွက်သွားတယ်။ အဲ့ဒီတော့ ဒီဟာက ဒီတိုင်းပဲ ရှိနေတော့မှာ။”

အခုအချိန်မှာ လမ်းအဆင့်မြှင့်တင်တာ တံတား ရေပြွန်တွေ အသစ်တည်ဆောက်တာတွေကြောင့်  ဆက်သွယ်ရေး ပိုကောင်းလာပေမယ့် ကားလမ်းတဖြစ်လဲ မီးရထားလမ်းဟောင်းမှာ စိတ်ဝင်စားစရာ အဖြစ် အပျက်တွေ၊ ခေတ်ဟောင်းကို ပြန်ပြောင်း သတိရစရာ အဖြစ်အပျက်တွေကတော့ ဒေသခံတွေရဲ့ ရင်ထဲမှာ ကျန်နေဆဲပါ။ ဦးအောင်ကျော်ညွန့်က သူငယ်ငယ်က သွားခဲ့ဖူးတဲ့ လမ်းရဲ့အကြောင်းကို သတိတရနဲ့ ပြောပြပါသေးတယ်။

“တို့ငယ်ငယ်တုန်းက ချက်ဗလက်ကားတွေရှိတယ်၊ ဂျစ်ကားတွေရှိတယ်၊ ဒါပေမယ့် ဂျစ်ကားတွေက စင်းလုံးငှားပြီး သွားရတာဖြစ်တဲ့အတွက် သိပ်မသုံးကြဘူး။ တို့ငယ်ငယ်တုန်းက ပထမဆုံး စပြီး ခရီးသွားဖူးတာ ၁၉၆၇ ခုနှစ်က၊ အဲ့ဒီတုန်းက ချက်ဗလက်ကားတွေ ဒီလမ်းပေါ်မှာ ပြေးတဲ့အချိန် လွန်အောင် ကြာလှ တနာရီပဲ ကြာတယ်။ အခုခေတ် ပရာဒို တစီးနဲ့ ဒီလမ်းပေါ်သွားရင် မိနစ်လေးဆယ်ကြာတယ်။ အဲ့ဒီတော့ သိပ်ပြီး ထူးမခြားနားတဲ့ အခြေအနေပဲ။ တကယ်တမ်းပြောရရင် ငါတို့ ငယ်ငယ်က ကတ္တရာလမ်းဟာ အခုရှိတဲ့ ကတ္တရာ လမ်းထက် အဆပေါင်းများစွာ သာလွန်တယ်လို့ ပြောလို့ရတယ်။”

ဦးလှမိုးကလဲ လမ်းပေါ်မှာ ကြုံရတဲ့ ကားဆရာတယောက်ရဲ့ အခက်အခဲတွေ၊ မှတ်မှတ်ရရ ရှိနေတဲ့ အတွေ့ အကြုံတွေကို အခုလို ပြောပါတယ်။

“မှတ်မှတ်ရရ ဖြစ်တာကတော့ တံတားမကောင်းလို့ တံတားပေါ် စလစ်ဖြစ်တာပဲ။ တံတားတွေက အခက်အခဲရှိတယ်လေ။ ကျွန်တော်တို့ ဌာနက ကားနဲ့ တိုက်တာတို့၊ အဲ့ဒါမျိုး ဖြစ်ခဲ့ဖူးတယ်။ ခြောက်မိုင် တံတားမှာ။ သူဝင် ကိုယ်ဝင်ဝင်တော့ ဘရိတ်က မမိဘူး၊ မမိတော့ ကျွန်တော့်ကားကို တိုက်ပစ်လိုက်ရော။ အဲ့ဒါမျိုးတွေရှိတယ်။ အခက်အခဲကတော့ ရှိပါတယ်။ ဘူးသီးတောင် မောင်တောလမ်းမှာ။ အခုမှသာ အဆင်ပြေ သွားတာ အရင်က တောင်ပြိုပြီဆိုရင် ဟိုဘက်နဲ့ ဒီဘက်နဲ့ ကုန်ထမ်းပြောင်းရတာတို့ ကား ပြောင်းပေးရတာတို့ ဖြစ်ခဲ့ဖူးတယ်။ အခုကတော့ ဖြစ်တယ်ဆိုရင် တနာရီ နှစ်နာရီအတွင်း လာပြီး သယ်သွားတာပဲ။”

လွန်ခဲ့တဲ့ နှစ်တရာက အထင်ကရဖြစ်ခဲ့တဲ့ မီးရထားလမ်းကြီးကတော့ မေယုတောင်တန်းပေါ်က မထင်မရှား ပျောက်ကွယ်သွားခဲ့ပါပြီ။ မီးရထားလမ်း တည်ရှိခဲ့တဲ့ အထောက်အထားတွေ အထင်အရှား ကျန်ရှိနေသေးတဲ့ လှိုင်ခေါင်းတွေကိုတော့ ဒေသခံတွေက ဆက်လက်တည်ရှိနေစေချင်ကြပါတယ်။ တည်နေဦးမယ်လို့လဲ မျှော်လင့်နေကြပါသေးတယ်။

 4,209 total views,  1 views today