ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်အတွင်းက ဆေးဝါးကုသဖို့ မတတ်နိုင်ကြသူတွေကို အိမ်တိုင်ရာရောက် သွားရောက်ပြီး အခမဲ့ဆေးကုသပေးနေသလို တစ် ဖက်မှာလည်း ဒုက္ခတွေ့နေကြသူတွေ၊ ပညာသင်ဖို့ အခက်ခဲရှိတဲ့ ကလေးငယ်တွေကို အကူအညီပေးနေတဲ့ ပရဟိတဆရာဝန်အမျိုးသမီး တစ်ယောက်အကြောင်းကို ပြောပြပေးချင်ပါတယ်။

သူကတော့ ရန်ကုန်မှာမွေး၊ ရန်ကုန်မှာပဲကြီးပြင်းခဲ့တဲ့ ရခိုင်အမျိုးသမီး ဒေါက်တာဒေါ်ကျော့သာစိန်ဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ်မှာ ဆရာဝန် ဘွဲ့ရရှိခဲ့ပြီး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး အငြိမ်းစားတစ်ဦးဖြစ်သလို လက်ရှိမှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှာ Medical Doctor အဖြစ် ဝင်ရောက်လုပ်ကိုင်နေသူ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ရဲ့ တာဝန်ရှိသူ၊ အမျိုးသမီးတွေအကြမ်းဖက်ခံရမှုတွေကို တိုက်ဖျက်ပေးနေသူလည်း ဖြစ်ပါတယ်။

ဆရာဝန်ဖြစ်နေပြီ ဆိုပေမယ့် သူမအတွက် အကျိုးရှိမယ့် လမ်းကိုမရွေးချယ်ခဲ့ဘဲ အများအတွက် အကျိုးရှိမယ့် ပရိဟိတလမ်းကိုပဲ ရွေး ချယ်ခဲ့တာလို့ ဆိုပါတယ်။ သူမဘဝမှာ ဘာကြောင့် ဒီပရဟိတလမ်းကို ရွေးချယ်ခဲ့တာလဲ။ ဆရာဝန်တစ်ယောက်ဖြစ်လာဖို့ ဘယ်လိုရုန်း ကန်ကြိုးစားခဲ့ရလဲ။ သူကို ဒီလိုလုပ်ဖို့ ဘယ်အရာတွေက တွန်းအားဖြစ်စေခဲ့သလို။ ဘယ်လိုအခက်အခဲတွေကို ကျော်ဖြတ်နေရသလဲစ တာတွေကတော့ စိတ်ဝင်စားစရာပါ။

“ကြီးကြီးတို့လို မရှိဆင်းရဲတဲ့ ဘဝကနေ ဆရာဝန်ဖြစ်လာရင် ရည်ရွယ်ချက် ၂ ခု ပြောင်းသွားတတ်တယ်။ ငါအရမ်းဆင်းရဲတယ်။ ငါချမ်း သာအောင်လုပ်ရမယ်ဆိုတဲ့စိတ်ဓာတ်။ နောက်တစ်ခုက ငါဆင်းရဲတယ်။ ဆင်းရဲသားတွေ ပိုက်ဆံမရှိလို့ ဆေးမကုနိုင်ရင် မသေရအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ခံယူချက်။ ကြီးကြီးက ဒုတိယခံယူချက်မှာပါတယ်။ အဲဒါနဲ့ ကြီးကြီးသည် ဆရာဝန်ဖြစ်ကတည်းက လုံးဝ သံဓိဌာန် ချထားပြီးသားပါ။ ကြီးကြီးဟာ လူနာတွေကို ဆေးကုလို့ရတဲ့ ပိုက်ဆံနဲ့ ဘယ်သောအခါမှ ချမ်းသာအောင် မလုပ်ဘူးဆိုတဲ့ခံယူချက်။ အဲဒီ ခံယူချက်အတိုင်း ကြီးကြီးလျှောက်လှမ်းတာ ဒီနေ့ထိပဲ။”

မွေးချင်းမောင်နှမ ၉ ယောက်ထဲက ဒုတိယအကြီးဆုံးသမီးဖြစ်ပြီး သူမ ၃ တန်းအရွယ်ကတည်းကနေ မိသားစုစီးပွားရေးအကျပ်အတည်း ကြောင့် ကျောင်းထွက်ဖို့ တွန်းအားပေးခံခဲ့ရပေမယ့် သူမရဲ့ပြတ်သားလှတဲ့ ခံယူချက်ကြောင့် အခက်ခဲမျိုးစုံကြားကနေ ဒီဘဝကိုရောက် အောင် ကြိုးပမ်းလာခဲ့တာလို့ ဆရာမ ဒေါက်တာဒေါ်ကျော့သာစိန်က ပြောပြပါတယ်။

“အမေက ကြီးကြီး ၃ တန်းရောက်တော့ ကျောင်းမတက်နဲ့တော့ မောင်လေး၊ ညမလေးတို့ကို ထိန်းဆိုပြီးခိုင်းတယ်။ ဆရာမကြီးက ပညာ အရမ်းတတ်ချင်တယ်။ အဲဒီတော့ အမေ့ကိုပြောတယ်။ မေမေရယ်။ ကလေးလည်းထိန်းမယ်။ အဝတ်လဲလျှော်မယ်။ အိမ်အလုပ်တွေ လည်း လုပ်ပါ့မယ်။ ကျောင်းလေးထားပေးပါဆိုပြီး ပြောခဲ့တယ်။ ဒါဆိုလည်း နေဆိုပြီးတော့ အမေကပြောတယ်။ အဲဒီခါကျတော့ မနက် အစောကြီး ၄ နာရီကထ။ အိမ်အလုပ်တွေ အကုန်လုပ်။ ပြီးရင်ကျောင်းသွားပေါ့။ ကလေးတွေက တစ်နှစ်ခွဲတစ်ယောက်ဆိုတော့ အရမ်း နီးတော့ ကလေးထိန်းရတာ အခက်ခဲရှိတယ်။ ရှမ်းမတွေလို ကျောပုခုံးမှာ တစ်ယောက်ချီပြီး ထမင်းချက်တယ်။ နောက်တစ်ယောက်ကို ပုခတ်မှာသိပ်တယ်။ ပုခတ်ကြိုးကို ခြေထောက်မှာချည်ထားရတယ်။ ငရုပ်သီးထောင်းတယ်။ စာကျက်တယ်။ ကလေးငိုပြီဆိုလို့ရှိရင် ခြေ ထောက်ကလေးနဲ့လွှဲ။ သီးချင်းဆိုပြီးတော့သိပ်တယ်။ တစ်ခါတစ်လေတော့ ဆရာမကြီးရဲ့ စာအုပ်တွေမှာ ငရုပ်သီးဖတ်တွေ၊ ထမင်းရည် တွေနဲ့ ညစ်ပတ်နေတာ။”

အဲဒီလိုအခက်ခဲတွေကြားမှာ ရုန်းကန်ရင်းနဲ့ ၁၀ တန်းတက်ပြန်တော့ ၂ ခါကျခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် နောက်တစ်နှစ်တက်ဖို့ မ ဖြစ်နိုင်တော့တာကြောင့် ညကျောင်းတက်ပြီးတော့ ဆက်ဖြေမလို့ လုပ်နေတုန်းမှာ ဆရာတစ်ယောက်ရဲ့ အထောက်အပံ့နဲ့ တက်ခွင့်ရခဲ့ တာလို့ ဆိုပါတယ်။ ပထမ ၂ နှစ်စလုံးမှာ အင်္ဂလိပ်စာနဲ့ စာမေးပွဲကျခဲ့ပေမယ့် ခံယူချက်ပြင်းပြတဲ့ သူမက အောင်မြင်တဲ့နှစ်မှာတော့ အင်္ဂ လိပ်စာအပါအဝင် ဂုဏ်ထူး ၃ ခုနဲ့ အောင်မြင်အောင် ကြိုးစားခဲ့ပါတယ်။

“အဲဒီလိုနဲ့ ၁၀ တန်းရောက်လာတယ်။ ကြီးကြီးက ကျန်တာတွေတော်ပေမယ့် အင်္ဂလိပ်စာ ၃၅ မှတ်နဲ့ ၂ နှစ်ကျတယ်။ B နဲ့ အောင်တယ်။ နောက်နှစ်ကျတော့ ကျောင်းတက်လို့ မရတော့ဘူး။ အမေ သမီးညကျောင်းလေးတော့ ဆက်တက်မယ်။ လူငယ်ရေးရာ ညကျောင်းတက် တာ ဘယ်လောက်ဝေးလဲဆိုရင် တအားဝေးတာ။ ကြီးကြီးက စာဘလောက်လိုချင်လဲဆိုရင် တစ်လ ၆ ကျပ်ပေးစရာ ပစ်ဆံမရှိဘူး။ ဈေး ဖိုးထဲက ၅ ပြားစီစုပြီးတော့ပေးရတာ။ အင်္ဂလိပ်စာညံ့တော့ ကျူရှင်ယူချင်တယ်။ ကျူရှင်ဆရာက မေးတယ်။ ကျောင်းဆက်တက်ချင်လား ။ ဒါဆိုရင် အင်္ဂလိပ်စာ D ထွက်အောင် လုပ်ပေးရမယ်။ အင်္ဂလိပ်စာ ညံ့တဲ့သူကို အင်္ဂလိပ်စာ D ထွက်အောင်လုပ် ဖို့ဆိုတာ မလွယ်ဘူး။ ဒါပေမဲ့ ဆရာကြီး ကျမရအောင်လုပ်မယ်။ အောင်စာရင်းထွက်တော့ အင်္ဂလိပ်စာ၊ ဓာတုနဲ့ သင်္ချာ ၃ ခု ဂုဏ်ထူး ထွက်တာ။ အဲဒီနေ့က ဘဝမှာ အပျော်ရွှင်ဆုံးနေ့ပေါ့နော်။”

ဆယ်တန်းကို ဂုဏ်ထူး ၃ ခုနဲ့အောင်လို့ သူမလိုချင်တဲ့ ဖြစ်ချင်တဲ့ ဆရာဝန်ဖြစ်နိုင်ဖို့အတွက် ဆေးကျောင်းတက်ဖို့ အမှတ်မှီပေမယ့်လည်း ၇ နှစ်ကြာလေဖြတ်ပြီး အိပ်ယာထဲလဲနေတဲ့ ဖခင်နဲ့ သား၊ သမီး ၉ယောက်ကို ရှာကျွေးနေရတဲ့ မိခင်တို့ဆီက ထောက်ပံ့မှုရဖို့ဆိုတာ ဘယ် လိုမှ မဖြစ်နိုင်ခဲ့ပါဘူး။

အဲဒီလိုနဲ့ မောင်နှမတစ်စုအလုပ်လုပ်ကြပြီး ပိုချန်တဲ့ ငွေနဲ့ကျောင်းတက်ခဲ့သလို နောက်ပိုင်းမှာတော့ တစ်ချို့ ဆရာ၊ ဆရာမတွေရဲ့ အ ကူအညီတွေကို ရတစ်လှည့်၊ မလှည့်တလှည့်နဲ့ ဆေးကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ ကျောင်းပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“အဲဒီနောက်ပိုင်းမှာ အိမ်နားမှာ မြေပဲရုံ၊ နှမ်းမြစ်စက်ရုံရှိတယ်။ အဲဒီမှာ တစ်ညလုံး မောင်နှမငါးယောက်လုံးလုပ်မှ ပစ်ဆံ ၃ ကျပ်ပဲရတယ်။ အဲဒီပိုက်ဆံကို မောင်နှမတွေ ထမင်းစားဖို့ ၁ ကျပ်၊ အဖေ့ဆေးဖိုး ၁ ကျပ်နဲ့ အမကျောင်းတက်ဖို့ ၁ ကျပ်။ အဲလိုနည်းနဲ့ ပထမနှစ်မှာနေခဲ့ တယ်။ ဒုတိယနှစ်ကျတော့ အမသည်။ အင်္ဂလိပ်စာ အခြေခံမကောင်းတဲ့အခါကျတော့ Second B မှာ all round ထိတယ်။ စတိုင်ပင် လည်း ပြုတ်သွားတော့ ကျောင်းလခပေးဖို့လည်း ပိုက်ဆံမရှိဘူး။ သို့သော် အမက ကျောင်းဆက်တက်တယ်။ ဆရာ၊ ဆရာမတွေက လည်း ဒီနှစ်တစ်နှစ်ကျောင်းထွက်ပြီး အပြင်မှာအလုပ်လုပ်လို့ ပြောတယ်။ ဒါပေမဲ့ မောင်လေးက အမမထွက်နဲ့ဆက်တက်လို့ပြောတယ်။”

ဒီလိုနဲ့ပဲ ၁၉၈၃ ခုနှစ်မှာ ဘွဲ့ရခဲ့ပါတယ်။ ဒါပေမယ့် အလုပ်တန်းမဝင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အိပ်ယာထဲမှာလဲနေတဲ့ လေဖြတ်ထားတဲ့ အဖေကို သူတတ်ထားတဲ့ ပညာနဲ့ ထမဆုံး ပြုစုချင်ခဲ့တာကြောင့်ပါ။ နောက်ပိုင်း အဖေဆုံးပါးပြီးတဲ့ နောက်မှာမှ အလုပ်စဝင်ခဲ့တယ်လို့ ဆရာမက ပြောပြပါတယ်။

ငယ်စဉ်ကတည်းကနေ ဆရာဝန်ဖြစ်တဲ့အထိ ဘဝမှာ အခက်ခဲပေါင်းမျိုးစုံကို ကြုံဆုံလာခဲ့ရတဲ့ သူက နောက်ထပ်လောကမှာရှိနေတဲ့ က လေးငယ်တွေကို သူ့လိုမဖြစ်စေချင်တော့ဘူးဆိုတဲ့ စိတ်က သူ့ဆီမှာ အမြစ်တွယ်နေခဲ့ပါတယ်။ ဒါကြောင့် သူမဘဝ တိုးတက်ရာတိုးတက် ကြောင်းကို မလိုက်စားတော့ဘဲ လူတွေကို ဘယ်လိုအကူအညီပေးရမလဲဆိုတဲ့ ခံယူချက်က သူမဘဝရဲ့အရိပ်တစ်ခုလိုပါဘဲ။

လုပ်ရင်းကိုင်ရင်းနဲ့ပဲ သူမဟာ မြန်မာနိုင်ငံမိခင်နဲ့ ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့အစည်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့လို အဖွဲ့အစည်းတွေမှာ ပရဟိတဝင်ရောက် လုပ်ကိုင်ဖြစ်လာခဲ့ပါတယ်။

“ပရဟိတလုပ်ငန်းတွေကို အဖွဲ့အစည်းတွေနဲ့ ပေါင်းလုပ်ဖြစ်ခဲ့တာ ကြာပါပြီ။ မြန်မာနိုင်ငံမိခင်နဲ့ ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာ နိုင်ငံအမျိုးသမီးရေးရာအဖွဲ့အစည်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှာလည်း ဝင်လုပ်ခဲ့တာပေါ့နော်။ ရောက်တဲ့နေရာတိုင်းမှာ ပရဟိတ လုပ်တော့ ပရဟိတနဲ့ ပတ်သတ်လို့ အများကြီးဝါသနာပါခဲ့တယ်။ ဘယ်လောက်ထိ ဝါသနာပါလဲဆိုရင် ဆရာဝန်ဖြစ်တာတောင်မှ ကျန်တဲ့ ဆရာဝန်တွေလို သမားတော်တို့ဘာတို့ မလုပ်ပဲနဲ့ ကျောင်းကျန်းမာရေးဆရာဝန်အနေနဲ့ ၂၅ နှစ်လုပ်ခဲ့တယ်။ ဘာဖြစ်လို့ လုပ်လဲဆိုရင် Prevention’s better than cure (ကြိုတင်ကာကွယ်ခြင်းက ကုသမှုထက်ပိုကောင်း၏) ဆိုတာရှိတယ်။ ဒီကလေးလေးတွေကို ငယ်ငယ် လေးတည်းက ကျန်းမာရေးအလေ့အထကောင်းတွေလုပ်ပေးလိုက်မယ်ဆိုလို့ရှိရင် ဒီကလေးလေးတွေကတစ်ဆင့် လူကြီးတွေဆီပျံ့သွား မယ်။ ပျံ့သွားတဲ့အခါကျတော့ ပြည်သူလူထုကြားထဲကို ရောက်သွားမယ်။ ရောက်သွားလို့ရှိရင် ရောဂါနဲ့ ပတ်သတ်ပြီးတော့ သူတို့ သိနိုင် တယ်။ ဒါကြောင့် ကျောင်းကျန်းမာရေး ဆရာဝန်အဖြစ်လုပ်ခဲ့တာ။”

အဲဒါကတစ်ဆင့် စွန့်ပစ်ကလေးတွေ၊ ကိုယ်ဝန်နဲ့ ကျန်ရစ်ခဲ့တဲ့ အမျိုးသမီးတွေကို ကယ်တင်လာခဲ့ရုံသာမကလို့ ကျန်းမာရေးချို့တဲ့ပြီး ဆင်းရဲတဲ့သူတွေကို သွားရောက်ဆေးကုတာ၊ ကလေးဂေဟာလို၊ ဘိုးဘွားရိပ်သာတို့လို၊ နောက်ပြီး ကျန်းမာရေးစောင်ရှောက်မှုကင်းမဲ့ တဲ့ ကျေးလက်ဒေသတို့လို နေရာမျိုးတွေအပြင် နောက်ဆုံးမတတ်နိုင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဘိုးဘွားတွေကို မိမိနေအိမ်မှာ ခေါ်တင်ထားတာ၊ အထိကူညီကယ်တင်တာတွေ လုပ်ဆောင်လာခဲ့ပြီ ဖြစ်ပါတယ်။

“စွန့်ပစ်ထားတဲ့ ကလေးတွေကို အမကယ်တင်လာတယ်။ ပျဉ်းမနားမှာ ၂၂ ယောက်လောက် ကယ်တင်ခဲ့ရတယ်။ အဲဒီထဲမှာတစ်ခါ တစ် ချို့က ကလေးမွေးတယ်။ မထိန်းသိမ်းနိုင်ခဲ့ဘူး လွှင့်ပစ်ထားတယ်။ အဲဒါတွေကို ကယ်တင်ခဲ့တယ်။ ရင်ခွင့်မဲ့ကလေးတွေ အများကြီးဖြစ် လာတယ်။ တစ်ချို့ကိုယ်ဝန်တွေနဲ့ ကျန်ခဲ့တယ်။ သူတို့မှာ ဒုက္ခရောက်တယ်။ အဲဒီကိုယ်ဝန်သည်တွေကို အိမ်ငှားပြီးတော့ထားတယ်။ ထားပြီးတော့ ကလေးတွေကို မွေးခိုင်းတယ်။ မွေးပြီးရင် ကလေးတွေကို ပျဉ်းမနားမှာဆိုရင် Smart Town ၊ ရခိုင်မှာဆိုရင် ABC တို့ကို ပို့လိုက်တယ်။”

ပြည်မဖက်မှာ အဲဒီလို ပရဟိတတွေ နှစ်ပေါင်းများစွာ ပြုလုပ်ပြီးနောက်မှာတော့ သူမဟာ မိဘတို့ရဲ့ မွေးရပ်မြေဖြစ်ပြီး အရင်က တစ်ခါမှ မရောက်ဖူးခဲ့တဲ့ ရခိုင်ပြည်နယ်ကို လာရောက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆရာမက ပြောပြပါတယ်။ ဒါကြောင့် အစိုးရဆီက Volunteer တောင်းပြီးတော့ စစ်တွေမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးအဖြစ်နဲ့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

“ကြီးကြီးက ရန်ကုန်မှာမွေး၊ ရန်ကုန်မှာကြီးတဲ့ ရခိုင်လူမျိုးအစစ်ပါ။ သို့သော် ရခိုင်ပြည်ကို တစ်ခါမှ မရောက်ဖူးပါ။ ၂၀၁၂ – ၂၀၁၃ မှာ ပဋိ ပက္ခဖြစ်တဲ့အခါမှာ ကိုယ့်ရဲ့လူမျိုးတွေကို ကျန်တဲ့လူမျိုးတွေက ဆေးကုပေးနေတာကို ကြားသိရတဲ့အတွက် ငါလည်းရခိုင်လူမျိုးဖြစ်တယ်။ အဲဒါကြောင့် ကိုယ့်ရခိုင်လူမျိုးတွေကို ကိုယ်တတ်တဲ့ပညာနဲ့ ဆေးကုပေးမယ်ဆိုတဲ့ ခံယူချက်နဲ့ အစိုးရဆီမှာ ကျမသည် Volunteer တောင်းတာပါ။ စစ်တွေမြို့နယ် TMO (မြို့နယ်ကျန်းမာရေးစီးမှူး) အဖြစ်နဲ့ ရောက်ရှိခဲ့တယ်။ သိပ်မကြာခင်မှာပဲ ၂၀၁၄ ခု ၈ လပိုင်းမှာ အသက် ၆၀ ပြည့်သွားပြီး ပင်စင်ယူရတာပေါ့။ ပင်စင်ယူရပေမယ့် ဗမာပြည်ကို မပြန်သေးဘဲနဲ့ ကိုယ်လူမျိုးတွေအတွက် ငါလုပ်ဦးမယ် ဆိုတဲ့ ခံယူချက်နဲ့ နေတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှာ ဝင်လုပ်တယ်။ ကျန်တဲ့အချိန်မှာ ပရဟိတလုပ်တယ်။”

သူမရဲ့ အနစ်နာ၊ စေတနာနဲ့ ဝါသနာ နာသုံးနာနဲ့ ပေးဆပ်ထားတဲ့ ပေးဆပ်မှုတွေကြောင့် ထိုက်တန်တဲ့ဆုတစ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီ လည်း ဖြစ်ပါတယ်။

“ရခိုင်ပြည်ကိုလာပြီးတော့ ကြီးကြီးသည် ကယ်ဆယ်ရေးစခန်းတွေမှာ ကိုယ့်ဟာကိုယ် ဝါသနာပါလို့ လုပ်နေတာ။ ဒါပေမဲ့ လူကြီးတွေက သတိထားမိတဲ့အတွက်ကြောင့် ကြီးကြီးကို ၂၀၁၅ ခု၊ မြန်မာအမျိုးသမီးများနေ့မှာ ရခိုင်တစ်ပြည်နယ်လုံးအတွက် အမျိုးသမီးစွမ်းဆောင် ရှင်ဆုကို ပေးတယ်။ ပေးတဲ့အခါကျ ဆုချီးမြှင့်မယ်။ အဲဒီအချိန်က ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဒေါက်တာကြီး တိုက်လိုမလား။ မြေ လိုမလားမေးတော့ ကြီးကြီးကပြောလိုက်တယ်။ ကြီးကြီးက ဆယ်တန်း ၂ နှစ်ကျပြီးတော့ ညကျောင်းကနေအောင်တာ။ အဲဒီအချိန်မှာ ရ ခိုင်မှာ ၁၀ တန်း ၂ နှစ်ကျ ၃ ထောင်ရှိတယ်။ ဒါကြောင့် ဦးမောင်မောင်အုန်းကို ပြောလိုက်ပါတယ်။ ကျမကို ဘာမှမလုပ်ပေးနဲ့ ဆယ်တန်း အပြင်ရောက်နေတဲ့ ကလေးတွေကို စေတနာညကျောင်းဖွင့်ခွင့်ပေးပါလို့ တောင်းဆိုလိုက်တာ။ ဆိုတော့ စေတနာညကျောင်းဖြစ်လာတာ ပေါ့။”

ယုံကြည်ရာ လျှောက်လှမ်းခဲ့တဲ့ သူမဘဝမှာ ဆူးငြှောင့်ခလုတ်တွေ များစွာရှိနေပေမယ့်လည်း နောက်မဆုတ်သလို ရှေ့ဆက်ပြီးသာ လုပ် ဆောင်နေဦးမှာလည်း ဖြစ်ပါတယ်။

 520 total views,  1 views today