ထူး | ရိုးမရေဒီယိုမဂ္ဂဇင်း

ပေါ်တော်မူကံ့ကော်တော ဘုရားရေ ရှိကျပြီးကေ တန်ခိုးကြီးရေ သမိုင်းဝင်ဘုရားတစ်ဆူဖြစ်ပါရေ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ တည်ရှိစွာပါ။ ဒေတစ်ပတ်မှာတော့ကေ ယင်းဘုရားပေါ်ပေါက်လာပုံ၊ တန်ခိုးကြီးမားပုံနဲ့ ဘုရားပေါ်ပေါက်လာခါကပင် ရှိလာခရေ ဓလေ့ထုံးတမ်းတိ အကြောင်းကို ဂေါပကအဖွဲ့ဝင်တိနဲ့ မီးမြန်းတင်ဆက်ပီးလားဖို့ ဖြစ်ပါရေ။

ကံ့ကော်တောဘုရားစွာ လွန်ခရေနှစ်ပေါင်း ၃၀၀၀ ကျော်လောက်က ကောတုံကရဇ်ဆိုရေတိုင်းပြည်မှာ ကိုးကွယ်ခံခရရေ တန်ခိုးကြီး ဘုရားဖြစ်ပါရေ။ ယင်းတိုင်းပြည်ကို မင်းမဒ္ဒရာဇ်ကအုပ်ချုပ်ပြီးကေ နောင်တော်ကြီး၊ နောင်တော်ချေနဲ့ အာဝဆိုပနာ သားတော် ၃ ပါးရှိပါရေ။

ဖခမည်းတော်နတ်ရွာစံချိန်မှာတော့ သားကြီးဖြစ်တေ နောင်တော်ကြီးကို ထီးနန်းစိုးစံစီခပါရေ။ သူကတော့ မင်းအရိုက်အရာကို တနားတဖြုတ်ရာ ခံစားခပြီးကေ တောထွက်ရဟန်းပြုလားပါရေ။ ယင်းနောက်မှာ အလတ်ဖြစ်တေ နောင်တော်ချေက ဆက်ခံရာ အစ်ကိုဖြစ်သူ၏လမ်းစဉ်ကို လျှောက်လှမ်းခပါရေ။ နောက်ဆုံးမျိုးဆက်ဖြစ်တေ ညီအငယ်ဆုံး အာဝက ဆက်လက်စိုးစံခရယ်လို့ သမိုင်းတိကို ကိုးကားပြီးကေ ကံ့ကော်တောဘုရားဂေါပက ဥက္ကဌ ဦးဖိုးသာက ရှင်းပြပါရေ။

“ဒေဘုရားက လွန်ခရေနှစ်ပေါင်း သုံးထောင်လောက်က ကောတုံကရဇ်တိုင်းပြည်ဆိုစွာဟိခရေ။ ယင်းတိုင်းပြည်မှာ မဒ္ဒရာဇ်မင်းအုပ်ချုပ်တယ်။ မဒ္ဒရာဇ်မင်းမှာ နောင်တော်ကြီး၊ နောင်တော်ချေနဲ့ အာဝမင်းသားဆိုပြီးကေ သားတော်သုံးပါးထွန်းကားခရယ်။ ဖခမည်းတော်နတ်ရွာစံလားရေခါ နောင်တော်ကြီးက တိုင်းပြည်ကို အုပ်ချုပ်တယ်။ ယေခါ သူကလူမင်းမလုပ်ချင်ယာ။ တရားမင်းလုပ် ချင်ရေ။ ယေခါ စစ်တွေနဲ့ ကျောက်ဖြူသင်္ဘောလမ်းမှာရှိရေ နောင်တော်ကြီး၊ နောင်တော်ချေကို ရသေ့၊ ရဟန်းလုပ်ဖို့ ထွက်လားခရေ။ ညီတော် အလတ်ဖြစ်တေ နောင်တော်ချေမင်းသားကို ထီးနန်းကို အပ်ပခရေ။ ၃၊ ၄၊ ၅ နှစ်ကြာရေခါ နောင်တောင်ချေကလည်း အစ်ကိုဖြစ်တေ နောင်တော်ကြီးပိုင် တရားမင်းရာလုပ်လိုရေအတွက်ကြောင့် နောင်တော်လေးတောင်မှာ ရသေ့၊ ရဟန်းဝတ်ပြီး ကျင့်ကြံရယ်ပေါ့။”

အစ်ကိုဖြစ်သူတိက ဖခမည်းတော်၏သြဇာအာဏာအတိုင်း အုပ်ချုပ်စိုးစံနိုင်ခကတ်ကေလေ့ ညီအငယ်ဆုံးဖြစ်တေ မင်းသားအာဝလက်ထက်မှာတော့ တိုင်းပြည်စွာ တဖြည်းဖြည်းနဲ့ ယိုယွင်းလာခပါရေ။ တိုင်းပြည်ကိုအုပ်စိုးနီရေ မင်းကိုယ်တိုင်က မင်းကျင့်တရား ၁၀ ပါး၊ နာယက ဂုဏ် ၆ ပါးရို့နဲ့ ညီညွတ်မှု မရှိစွာကြောင့် တိုင်းပြည်မှာ ခိုးသားဓားပြတိပေါများလာပနာ အငတ်ဘေးရာဆိုက်ပါလတ်တေ။

လက်ရှိ ကံ့ကော်တောဘုရားလို့ ခေါ်တွင်နီကတ်တေ ဘုရားနှစ်ပါးစွာ ယင်းတိုင်းပြည်မှာ သီတင်းသုံးလျှက်ရှိနီလီပါရေ။ ဥပုသ်နိတစ်နိမှာ ဘုရားပါးကို ဆီးမီးလာပူဇော်ရေ ဥပုသ်သည်အမျိုးသမီးတစ်ဦး၏ မကျူးလွန်အပ်တေ အမှားတစ်ခုကြောင့် တစ်တိုင်းပြည်လုံးကို မက်မွှန်း ရေပိုင် ဖြစ်လားခရာကနီ တိုင်းပြည်ကို လုံးလုံးပျက်စီးလားစီဖို့ အကြောင်းဖန်ပါလတ်ပါဗျာလ်။

“အငယ်ဆုံးဖြစ်တေ အာဝမင်းသားကို ထီးနန်းကိုအပ်ခရေ။ အာဝမင်းသားက မင်းကျင့်တရားနဲ့ မညီ၊ တိုင်းပြည်မှာ ခိုးသားဓါးပြတိက အရက်သေစာ သောက်တေလူတိ၊ လုယူသူတိကများနဲ့ ဖြစ်နီရေခါ ကံ့ကော်တောဘုရားနှစ်ပါးစွာ ယင်းမှာ သီတင်းသုံးနီခရေ။ တစ်နိမှာ ဥပုသ်နိကျရေ။ ဥပုသ်မတစ်ယောက်ကနီပြီးတော့ ဘုရားမှာ ဆီးမီးပူဇော်ဖို့လားရေ။ အပေါ့ (ကျင်ငယ်ရည်) စွန့်ရေခါ အပေါ့ရည် နည်းနည်းထွက်လားရယ်။ ဆီးမီးပူဇော်ရေခါ ဘုရားက ရွှဲတိထွက်လာရေ။ ထွက်တေရွှဲတိက ရွှေတုံးရွှေခဲဖြစ်လားရေ။ လူဆိုစွာက လောဘကြီးရေအတွက် ယင်းရွှေတိကိုယူပြီးကေ တစ်ယောက်စကားတစ်ရာနား ဥပုသ်မကဲ့သို့ ကျန်တဲ့လူတိကလည်း အပေါ့ရည် လူးပြီးကေ ဆီးမီးပူဇော်ကတ်တယ်။ လူတိုင်းရွှေရကတ်တယ်။ အဖိုးငပုတစ်ယောက်သာ ဆီမီးမပူဇော်။ အဖိုးငပုမှာ မယားလည်း ဆီမီးပူဇော်ရယ်။”

တစ်တိုင်းပြည်လုံးက ပြည်သူတိ အကျင့်စာရိတ္တတိ ဖောက်ဖျက် မလုပ်သင့်ရေ အမှားတိကို ဆက်တိုက်ကျူးလွန်နီကတ်ကေလေ့ အဖိုး ငပုတစ်ယောက်ကတော့ကေ သူတောင်စင်ပီသသူ ဖြစ်ပါရေ။ ယင်းကြောင့်လည်း တစ်နိမှာ တိုင်းပြည်ကို နဂါးတိက ရေနစ်ဖို့အကြောင်း အဖိုးငပုကို နတ်ကောင်း၊ နတ်မြတ်တိက အိမ်မက်လာပီးပနာ ဒေအိမ်မက်အကြောင်းကို တစ်ယောက်ကိုလေ့ ဖွင့်မပြောရကြောင်း၊ ပြီးရေခါ ဘုရားကို တပါတည်းပင့်ဆောင်လားရဖို့ ဖြစ်ကြောင်းတိကို မှာကြားခပါရေ။ အဖိုးငပုကလည်း လက်ရှိ ကံ့ကော်တောဘုရား (တောင်ဖက်) ကို ပင့်ပြီး ဇနီးဖြစ်သူနဲ့အတူ ထွက်ပြီးလာခရယ်လို့ ပြောပါရေ။

မထွက်ပြေးခင်ကာလမှာတောင် တစ်ယောက်ကိုလေ့ မပြောဖို့ မယားသည်ကို အတန်တန်မှာကြားခကေလေ့ မယားသည်က သား၊ သမီးတိကို ပြောလိုက်မိရေအတွက် ပထမအကြိမ်မှာ ဘုရားကို ပင့်ဖိတ်လို့မရဖြစ်နီခပနာ ခံဝန်ကတိပီးပြီးမှရာ ပင့်ဆောင်ထွက်ပြေးခွင့် ရခကတ်တေလို့ ဆိုပါရေ။

“တစ်နိမှာတော့ အဖိုးငပုကို နတ်တိက သတင်းလာပို့ပါရေ။ အဖိုးငပု ကျွန်တော်ရို့ ဒေတိုင်းပြည်မှာ ရီနှစ်(ရီကစား)ပစ်လိုက်ဖို့ယာ။ နဂါးတိကပေါ့။ ဒေဘုရားကိုပင့်ပြီးကေ လွတ်ရာကိုရာလားလီဖိလို့ သတိလာပီးရေအတွက် အဖိုးငပုနိုးလာရေခါ ငွေစင်တစ်ထုပ်ကို  တွေ့ရရေ။ ယေခါမယားသည်ကိုနှိုးပြီးပနာ အကြောင်းစုံပြောပြလိုက်တယ်။ နောက်တစ်နိ ညဥ့်သန်းခေါင်မှာ တောင်ဖက်ကဘုရားကိုပင့်ပြီးကေ ပြီးလာကတ်တယ်။ လိပ်ခမော်ရွာမှာ ငပုတောင်မော်ဆိုတာရှိရေ။ ယင်းကိုရောက် လို့ လှည့်ကြည့်လိုက်ရေခါ အားလုံးက ရီပြင်ဖြစ်လားယာ။”

မြောက်ဖက်က သီတင်းသုံးတော်မူနီရေ ရုပ်ပွားတော်ကလည်း အဖိုးငပုမှာ ညီတော်စပ်တေ ငလာက လောင်းနဲ့ တင်ဆောင်လာချိန်မှာ နစ်မြုပ်ပြီးကေ ပျောက်ဆုံးလားခစွာဖြစ်ပြီးကေ ယင်းနောက်မှာ အယင်က ကျောက်ဖြူတောင်အနီးမှာရှိစွာကြောင့် ကျောက်ဖြူလိုခေါ်ရေ ရွာက ရွာသားတစ်ဦးက နွားရှာလားခါတွိခစွာလို့ ပါးစပ်ရာဇဝင်တိအရသိရပါရေ။ ယင်းမှာ ဘုရားကို ပင့်ဖိတ်တေအခါ အခက်ခဲတိလည်း ကြုံခကတ်ရပါသိမ့်ရေ။

“မြောက်ဘက်ကဘုရားကတော့ ငပုမှာ ငလာဆိုရေညီက လောင်းမှာတင်ပြီးလာရေခါ ငါးရင်ကုန်ဘောင်တတည့်မှာ လောင်းမှောက်လို့ ဘုရားက ပင်လယ်ထဲကျလားရေ။ တစ်နိမှာ ယင်းဘုရားကို နတ်တိက ငပြီတောင်မော်ကို ပို့လိုက်တယ်။ ယင်း အချိန်က ခုပိုင် အုန်းတော ကျောက်ဖြူမြောင်းဆိုစွာ မရှိသိ။ ကံ့ကော်တောဘုရားနဲ့ ၂ ဖာလုံလောက်အကွာမှာ ကျောက်ဖြူတောင်ဆိုစွာ ရှိခရေ။ အိမ်ခြေတစ်ထောင်။ ယင်းရွာသားတစ်ယောက်က နွားပျောက်လို့ လိုက်ရှာယင်းနဲ့ ဂုံးချိန်ကျေးရွာ ဘုန်းကြီးကျောင်းအနောက်ဖက်က ကန်မှာ ဘုရားကိုပေါ်လို့ တွိ့ရရေ။ ရွာသူရွာသားတိ၊ ရွာလူကြီးတိကို ပြောတော့ ဘုရားကို ရဟန်းဆင်ပြီး ပင့်ကတ်တယ်။ ဆိုခါ ဒေချောင်းစွာ ချတောချောင်း (ချီးတောချောင်း) ကို ဖြတ်လို့မရ။ ပထမတစ်ခေါက်လည်း  ပြတ်ကျသွားတယ်။ ဒုတိယတစ်ခေါက်လေ့ယင်းပိုင်။ သုံးခေါက်လုံးပြတ်ကျလားခါ ပိတောက်ပင်အောက် တံတားဦးမှာ သိမ်ဆောက်ပြီး ကိုးကွယ်ခကတ်တယ်။”

ကံ့ကော်တော ဘုရားလို့ကာ ဇာကြောင့် ခေါ်တွင်ခကတ်စွာပါလေ။

“ယင်းနှစ်မှာဗျာလ် ကျောက်ဖြူရွာသား ငါးသထာက ပင်လယ်ပြင်ကို ကွန်လားပစ်ယင်း မြောက်ဖက်က ဘုရားကိုရရေ။ ပထမဘုရားပိုင်ဗျာလ် ကျောက်ဖြူရွာသားတိက ရထားတိနဲ့ ပင့်ရေအခါမှာ ဒေချောင်း(ချီးတောချောင်း)ကို ကျော်လို့ မလိုက်ယာ။ ရထားကြိုးတိရာ ပြတ်တယ်။ ဆိုကေ ဒေနားမှာ တည်ထားကိုးကွယ်ရေပေါ့။ ဒေဘုရားနှစ်ပါးကို ကိုးကွယ်ရင်းနဲ့ ကံ့ကော်ပင်တိ အလိုအလျောက်ပေါက် လာရေအတွက်နဲ့ ကျောက်ဖြူရွာက ဆရာတော်ကြီးရို့၊ ပညာရှိ ရှေ့လူကြီးတိက ကံ့ကော်တော ဘုရားလို့ သတ်မှတ်ခရေ။”

မြန်မာ့နှစ်ဆန်းတစ်ရက်နိဆိုကေ နှစ်တိုင်ပွဲတော်ကျင်းပလိရှိပြီး ယင်းနိမှာဆိုကေ ဘုရားမှာရှိရေ အင်မတန်မှ သေးငယ်လွန်းရေ နတ်ရီ ကန်ချေက ပွဲတော်ကို လာရောက်တေ သိန်းနဲ့ချီရေ လူတိအတွက် လုံလောက်စီရေပိုင် လူတိုင်းသိရေအတိုင်း ပိန်းဟင်းစွာ ယားတတ် တေ ဟင်းတစ်မျိုးဖြစ်ကေလေ့ ယင်းနိမှာဆိုကေ ဇာက ပိန်းပင်ပဲယူလာလာ ယားယံစွာမျိုးပျောက်ကင်းလားပါရေ။

“ထူးခြားချက်တိကတော့ နတ်ရီကန်၊ ပြီးကေ ပိန်းဟင်းချက်ကျွေးကေလည်း မယား။ နောက်တစ်ခုကကျကေ လူတိမှာ အသက်ရှည်ဖို့။ အသက်တိုဖို့။ ရာထူးတက်ဖို့ဆိုလို့ရှိကေ ဝါးခြမ်းပြားကို အသေချာဆီးပြီးကေ ကိုယ့်တံတောင် ဆစ်နဲ့ တိုင်းပနာ ဘုရားမှာ ဆုတောင်းပြီး ၉ ပတ် ပတ်ရပါရေ။ ဘုရားရှေ့တည့်တည်ရောက်ကေ အသက်ရှုရရေ။ ယင်းဝါးခြမ်းပြားက အသက်ရှည်ဖို့။ ရာထူးတက်ဖို့ ဆိုကေ ရှည်လားခရေ။ အသက်တိုဖို့။ ရာထူးကျဖို့ဆိုကေ ဝါးခြမ်းပြားစွာ တိုလားရေ။ သိသိသာသာပေါ့။ ယင်းချင့်ကထူးခြားချက်တိယာ လည်း။”

ပွဲတော်ရက်မှာ စည်ကားပုံကိုလည်း  “လူက ရီတွက်လို့တောင်မရ။ ကကောင်းကြီးကျယ်ရေ။ တပြင်လုံးမှာ ပြည့်နီရေ။ အဝင်လမ်းကနီ ပြည့်နီစွာ။ အပေါက်ဝကို ထွက်ဖို့အတွက်တောင် ၁ နာရီ၊ ၂ နာရီကြာရေ။ ယင်းလောက်တောင် ကြီးကျယ်စွာ။ အဓိက တော့ ရမ်းဗြဲကျွန်း၊ ရခိုင်ပြည်မှာရှိရေ လက်လှမ်းမှီသလောက်ပေါ့။ ခုဆိုကေ ပိုစည်ရေ။ လမ်းပမ်းဆက်သွယ်ရေးကောင်းလို့။ ကားနဲ့ လာကတ်တယ်။ စက်လှေနဲ့လာကတ်တယ်။”

ဦးဖိုးသာကတော့ ဂေါပကအဖြစ် လုပ်ကိုင်လာရေ နှစ်ပေါင်း ၃၀ ကျော်အပါအဝင် သူအချေခါကပင်ကပင် အတွေ့အကြုံ သက်တမ်းတစ် လျှောက်မှာ ပြဿနာဖြစ်စွာ တစ်ကြိမ်တစ်ခါလေ့ ကျရောက်စွာမျိုးမရှိလို့ ပြောပါရေ။

“ကျနော်က ဒေမှာမွီးစွာ။ ကျနော်အချေခါကနီ ဒေနိထိ ပွဲတော်အတွင်း လူပေါင်း သိန်းသောင်းကဋေရောက်တယ်။ မည်သည့်ပြဿနာ တစ်စုံတစ်ရာမှ မရှိပါ။ ကကောင်းထူးကဲပါရေ။ ဇာပြဿနာလေ့ မရှိခပါ။”

 683 total views,  1 views today