ထူး | ရိုးမရေဒီယိုမဂ္ဂဇင်း

ပေါ်တော်မူကံ့ကော်တော ဘုရားဟာ ရှေးကျပြီး တန်ခိုးကြီးတဲ့ သမိုင်းဝင်ဘုရား တစ်ဆူဖြစ်ပြီး ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ တည်ရှိတာပါ။ ဒီတစ်ပတ်မှာတော့ အဲဒီဘုရားပေါ်ပေါက်လာပုံ၊ တန်ခိုးကြီးမားပုံတွေနဲ့ ဘုရားပေါ်ပေါက်လာတည်းက ရှိလာခဲ့တဲ့ ဓလေ့ထုံးတမ်းတွေ အကြောင်းကို ဂေါပကအဖွဲ့ဝင်တွေနဲ့ မေးမြန်းတင်ဆက်ပေးပါမယ်။

ကံ့ကော်တောဘုရားဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်လောက်က ကောတုံကရဇ်ဆိုတဲ့တိုင်းပြည်မှာ ကိုးကွယ်ခံခဲ့ရတဲ့ တန်ခိုးကြီး ဘုရားဖြစ်ပါတယ်။ အဲဒီတိုင်းပြည်ကို မင်းမဒ္ဒရာဇ်ကအုပ်ချုပ်ပြီး နောင်တော်ကြီး၊ နောင်တော်လေးနဲ့ အာဝဆိုပြီး သားတော် ၃ ပါးရှိပါတယ်။

ဖခမည်းတော်နတ်ရွာစံချိန်မှာတော့ သားကြီးဖြစ်တဲ့ နောင်တော်ကြီးကို ထီးနန်းစိုးစံစေခဲ့ပါတယ်။ ၎င်းကတော့ မင်းအရိုက်အရာကို ခဏတဖြုတ်သာ ခံစားခဲ့ပြီးတော့ တောထွက်ရဟန်းပြုသွားပါတယ်။ အဲဒီနောက် အလတ်ဖြစ်တဲ့ နောင်တော်လေးက ဆက်ခံရာ အစ်ကိုဖြစ် သူရဲ့ လမ်းစဉ်ကို လျှောက်လှမ်းခဲ့ပါတယ်။ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ ညီအငယ်ဆုံး အာဝက ဆက်လက်စိုးစံခဲ့တယ်လို့ သမိုင်းတွေကို ကိုးကားပြီး ကံ့ကော်တောဘုရားဂေါပက ဥက္ကဌ ဦးဖိုးသာက ရှင်းပြပါတယ်။

“ဒီဘုရားက လွန်ခဲ့သောနှစ်ပေါင်း သုံးထောင်လောက်က ကောတုံကရဇ်တိုင်းပြည်ဆိုတာရှိခဲ့တယ်။ အဲဒီတိုင်းပြည်မှာ မဒ္ဒရာဇ်မင်းအုပ်ချုပ်တယ်။ မဒ္ဒရာဇ်မင်းမှာ နောင်တော်ကြီး၊ နောင်တော်လေး၊ အာဝမင်းသားဆိုပြီးတော့ သားတော်သုံးပါးထွန်းကားခဲ့တယ်။ ဖခမည်းတော် နတ်ရွာ စံသွားတဲ့အခါမှာ နောင်တော်ကြီးက တိုင်းပြည်ကို အုပ်ချုပ်တယ်။ အုပ်ချုပ်တော့ သူကလူမင်းမလုပ်ချင်တော့ဘူး။ တရားမင်းလုပ် ချင်တယ်။ အဲဒီမှာ စစ်တွေနဲ့ ကျောက်ဖြူသင်္ဘောလမ်းမှာရှိတဲ့ နောင်တော်ကြီး၊ နောင်တော်လေးကို ရသေ့၊ ရဟန်းလုပ်ပြီးထွက်သွားတယ်။ ညီတော် အလတ်ဖြစ်တဲ့ အာဝမင်းသားကို ထီးနန်းကို အပ်ခဲ့တယ်။ ၃၊ ၄၊ ၅ နှစ်ကြာတဲ့အခါ နောင်တောင်လေးကလည်း အစ်ကိုဖြစ်တဲ့ နောင်တော်ကြီးလို တရားမင်းသာလုပ်လိုတဲ့အတွက်ကြောင့် နောင်တော်လေးတောင်မှာ ရသေ့၊ ရဟန်းဝတ်ပြီး ကျင့်ကြံတယ်ပေါ့။”

အစ်ကိုဖြစ်သူတွေက ဖခမည်းတော်ရဲ့သြဇာအာဏာအတိုင်း အုပ်ချုပ်စိုးစံနိုင်ခဲ့ကြပေမယ့် ညီအငယ်ဆုံးဖြစ်တဲ့ မင်းသားအာဝလက်ထက်မှာတော့ တိုင်းပြည်ဟာ တဖြည်းဖြည်းနဲ့ ယိုယွင်းလာခဲ့ပါတယ်။ တိုင်းပြည်ကိုအုပ်စိုးတဲ့ မင်းကိုယ်တိုင်က မင်းကျင့်တရား ၁၀ ပါး၊ နာယက ဂုဏ် ၆ ပါးတို့နဲ့ ညီညွတ်မှု မရှိတာကြောင့် တိုင်းပြည်မှာ ခိုးသားဓားပြတွေပေါများကာ အငတ်ဘေးဆိုက်လာပါတော့တယ်။

လက်ရှိ ကံ့ကော်တောဘုရားလို့ ခေါ်တွင်နေကြတဲ့ ဘုရားနှစ်ပါးဟာ အဲဒီတိုင်းပြည်မှာ သီတင်းသုံးလျှက်ရှိနေရာ ဥပုသ်နေ့တစ်နေ့မှာ ဘုရားထံကို ဆီးမီးလာပူဇော်တဲ့ ဥပုသ်သည်အမျိုးသမီးတစ်ဦးရဲ့ မကျူးလွန်အပ်တဲ့ အမှားတစ်ခုကြောင့် တစ်တိုင်းပြည်လုံးရဲ့ မက်မွှန်းသလို ဖြစ်သွားခဲ့ရာကနေ တိုင်းပြည်ကို လုံးလုံးပျက်စီးသွားစေဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

“အငယ်ဆုံးဖြစ်တဲ့ အာဝမင်းသားကို ထီးနန်းကိုအပ်ခဲ့တယ်။ အာဝမင်းသားက မင်းကျင့်တရားနဲ့ မညီ၊ တိုင်းပြည်မှာ ခိုးသားဓါးပြများ အ ရက်သေစာ သောက်တဲ့သူများ၊ လုယူတဲ့သူကများနဲ့ ဖြစ်နေတဲ့အခါ ကံ့ကော်တောဘုရားနှစ်ပါးဟာ အဲဒီမှာ သီတင်းသုံးနေခဲ့တယ်။ တစ်နေ့မှာ ဥပုသ်နေ့ကျတယ်။ ဥပုသ်မတစ်ယောက်ကနေပြီးတော့ ဘုရားမှာ ဆီးမီးပူဇော်ဖို့သွားတယ်။ အပေါ့ (ကျင်ငယ်ရည်) စွန့်တဲ့အခါ အပေါ့ရည် နည်းနည်းထွက်သွားတယ်။ ဆီးမီးပူဇော်တော့ ဘုရားက ရွှဲတွေထွက်လာတယ်။ ထွက်တဲ့ရွှဲတွေဟာ ရွှေတုံးရွှေခဲဖြစ်သွားတယ်။ လူဆိုတာက လောဘကြီးတော့ အဲဒီရွှေတွေကိုယူပြီး တစ်ယောက်စကားတစ်ရာနား ဥပုသ်မကဲ့သို့ ကျန်တဲ့လူတွေကလည်း အပေါ့ရည် လူးပြီးတော့ ဆီးမီးပူဇော်ကြတယ်။ လူတိုင်းရွှေရကြတယ်။ အဖိုးငပုတစ်ယောက်သာ ဆီမီးမပူဇော်။ အဖိုးငပုမှာ မိန်းမလည်း ဆီမီးပူဇော်တယ်။”

တစ်တိုင်းပြည်လုံးက ပြည်သူတွေ အကျင့်စာရိတ္တတွေ ဖောက်ဖျက် မလုပ်သင့်တဲ့ အမှားတွေကို ဆက်တိုက်ကျူးလွန်နေကြပေမဲ့လို့ အဖိုး ငပုတစ်ယောက်ကတော့ သူတောင်စင်ပီသသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တစ်နေ့မှာ တိုင်းပြည်ကို နဂါးတွေက ရေနစ်မယ့်အကြောင်း အဖိုးငပုကို နတ်ကောင်း၊ နတ်မြတ်တွေက အိမ်မက်လာပေးကာ ဒီအိမ်မက်အကြောင်းကို ဘယ်သူ့ကိုမှ ဖွင့်မပြောရကြောင်း၊ ပြေးတဲ့အခါ ဘုရားကို တပါတည်းပင့်ဆောင်သွားရမှာ ဖြစ်ကြောင်းတွေကို မှာကြားခဲ့ပါတယ်။ အဖိုးငပုကလည်း လက်ရှိ ကံ့ကော်တောဘုရား (တောင်ဖက်) ကို ပင့်ပြီး ဇနီးဖြစ်သူနဲ့အတူ ထွက်ပြေးလာခဲ့တယ်လို့ ပြောပါတယ်။

မထွက်ပြေးခင်ကာလမှာတောင် ဘယ်သူ့ကိုမှ မပြောဖို့ မိန်းမဖြစ်သူကို အတန်တန်မှာကြားခဲ့ပေမယ့် မိန်းမဖြစ်သူက သား၊ သမီးတွေကို ပြောလိုက်မိတာကြောင့် ပထမအကြိမ်မှာ ဘုရားကို ပင့်ဖိတ်မရဖြစ်နေခဲ့ပြီး ခံဝန်ကတိပေးပြီးမှ ပင့်ဆောင်ထွက်ပြေးခွင့် ရခဲ့ကြတာလို့ ဆို ပါတယ်။

“တစ်နေ့မှာတော့ အဖိုးငပုကို နတ်တွေက သတင်းလာပို့တယ်။ အဖိုးငပု ကျွန်ုပ်တို့ ဒီတိုင်းပြည်မှာ ရေနစ်(ရေကစား)ပစ်လိုက်တော့မယ်။ နဂါးတွေကပေါ့။ ဒီဘုရားကိုပင့်ပြီးတော့ လွတ်ရာကိုသာသွားပေတော့လို့ သတိလာပေးတော့ အဖိုးငပုနိုးလာတဲ့ခါမှာ ငွေစင်တစ်ထုပ်ကို  တွေ့ရတယ်။ မိန်းမကိုနှိုးပြီး အကြောင်းစုံပြောပြလိုက်တယ်။ နောက်တစ်နေ့ ညသန်းခေါင်မှာ တောင်ဖက်ကဘုရားကိုပင့်ပြီး ပြေးလာကြတယ်။ လိပ်ခမော်ရွာမှာ ငပုတောင်မော်ဆိုတာရှိတယ်။ အဲဒီရောက်လို့ လှည့်ကြည့်လိုက်တော့ အကုန်လုံးက ရေပြင်ဖြစ်သွားပြီ။”

မြောက်ဖက်က သီတင်းသုံးတော်မူတဲ့ ရုပ်ပွားတော်ဟာလည်း အဖိုးငပုရဲ့ ညီတော်စပ်သူ ငလာက လှေနဲ့ တင်ဆောင်လာချိန်မှာ နစ်မြုပ် ပြီး ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး အဲဒီနောက်မှာ ယခင်က ကျောက်ဖြူတောင်အနီးမှာရှိတာကြောင့် ကျောက်ဖြူလိုခေါ်တဲ့ရွာက ရွာသား တစ်ဦးက နွားရှာသွားစဉ်တွေ့ခဲ့တာလို့ ပါးစပ်ရာဇဝင်တွေအရသိရပါတယ်။ အဲဒီမှာ ဘုရားကို ပင့်ဖိတ်တဲ့အခါ အခက်ခဲတွေလည်း ကြုံခဲ့ ရပါသေးတယ်။

“မြောက်ဘက်ကဘုရားကတော့ ငပုမှာ ငလာဆိုတဲ့ညီက လှေမှာတင်ပြီး လာတဲ့အခါမှာ ငါးရင်ကုန်ဘောင်တည့်တည့်မှာ လှေမှောက်ပြီး တော့ ဘုရားက ပင်လယ်ထဲကျသွားတယ်။ တစ်နေ့မှာ အဲဒီဘုရားကို နတ်တွေက ငပြီတောင်မော်သို့ ပို့လိုက်တယ်။ အဲဒီအချိန်က ခုလို အုန်းတော ကျောက်ဖြူမြောင်းဆိုတာ မရှိသေး။ ကံ့ကော်တောဘုရားနဲ့ ၂ ဖာလုံလောက်အကွာမှာ ကျောက်ဖြူတောင်ဆိုတာရှိခဲ့တယ်။ အိမ်ခြေတစ်ထောင်။ အဲဒီရွာသားတစ်ယောက်ဟာ နွားပျောက်လို့ လိုက်ရှာယင်းနဲ့ ဂုံးချိန်ကျေးရွာ ဘုန်းကြီးကျောင်းအနောက်ဖက်က ကန်မှာ ဘုရားကိုပေါ်လို့ တွေ့ရတယ်။ ရွာသူရွာသားတွေ၊ ရွာလူကြီးတွေကို ပြောတော့ ဘုရားကို ရဟန်းဆင်ပြီး ပင့်ကြတယ်။ ဆိုတော့ ဒီချောင်းဟာ ချေးတောချောင်း (ချီးတောချောင်း) ကို ဖြတ်လို့မရ။ ပထမတစ်ခေါက်လည်း  ပြတ်ကျသွားတယ်။ ဒုတိယတစ်ခေါက်ရောပဲ။ သုံးခေါက်လုံးပြတ်ကျသွားတော့ ပိတောက်ပင်အောက် တံတားဦးမှာ သိမ်ဆောက်ပြီး ကိုးကွယ်ခဲ့တယ်။”

ကံ့ကော်တော ဘုရားလို့ကော ဘာကြောင့် ခေါ်တွင်ခဲ့ကြတာပါလဲ။

“အဲဒီနှစ်မှာတင် ကျောက်ဖြူရွာသား ငါးသထာက ပင်လယ်ပြင်ကို ကွန်သွားပစ်တော့ မြောက်ဖက်က ဘုရားကိုရတယ်။ ပထမဘုရားကဲ့ သို့ ကျောက်ဖြူရွာသားတွေက ရထားတွေနဲ့ ပင့်တဲ့အခါမှာ ဒီချောင်း(ချီးတောချောင်း)ကို ကျော်လို့ မလိုက်တော့ဘူး။ ရထားကြိုးတွေသာ ပြတ်တယ်။ ဆိုတော့ ဒီနားမှာ တည်ထားကိုးကွယ်တာပေါ့။ ဒီဘုရားနှစ်ပါးကို ကိုးကွယ်ရင်းနဲ့ ကံ့ကော်ပင်တွေ အလိုအလျောက်ပေါက် လာတဲ့အတွက်နဲ့ ကျောက်ဖြူရွာက ဆရာတော်ကြီးတို့၊ ပညာရှိ ရှေ့လူကြီးတွေက ကံ့ကော်တော ဘုရားလို့ သတ်မှတ်ခဲ့တယ်။”

မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ဆိုရင် နှစ်စဉ်ပွဲတော်ကျင်းပလေ့ရှိပြီး အဲဒီနေ့မှာဆိုရင် ဘုရားမှာရှိတဲ့ အင်မတန်မှ သေးငယ်လွန်းတဲ့ နတ်ရေ ကန်လေးက ပွဲတော်ကို လာရောက်တဲ့ သိန်းနဲ့ချီတဲ့ လူတွေအတွက် လုံလောက်စေသလို လူတိုင်းသိတဲ့အတိုင်း ပိန်းဟင်းဟာ ယားယံတဲ့ ဟင်းတစ်မျိုးဖြစ်ပေမဲ့ အဲဒီနေ့မှာဆိုရင် ဘယ်က ပိန်းပင်ပဲယူလာလာ ယားယံတာမျိုးပျောက်ကင်းသွားပါတယ်။

“ထူးခြားချက်တွေကတော့ နတ်ရေကန်၊ ပြီးတော့ ပိန်းဟင်းချက်ကျွေးရင်လည်း မယားဘူး။ နောက်တစ်ခုကတော့ လူတို့မှာ အသက်ရှည် ဖို့ရယ်။ အသက်တိုဖို့ရယ်။ ရာထူးတက်ဖို့ရယ်ဆိုလို့ရှိရင် ဝါးခြမ်းပြားကို အသေချာဆေးပြီးတော့ ကိုယ့်တံတောင် ဆစ်နဲ့ တိုင်းပြီးတော့ ဘုရားမှာ ဆုတောင်းပြီး ၉ ပတ် ပတ်ရပါတယ်။ ဘုရားရှေ့တည့်တည်ရောက်ရင် အသက်ရှုရတယ်။ အဲဒီဝါးခြမ်းပြားဟာ အသက်ရှည်မယ်။ ရာထူးတက်မယ်ဆို ရှည်သွားတယ်။ အသက်တိုမယ်။ ရာထူးကျမယ်ဆိုရင် ဝါးခြမ်းပြားဟာ တိုသွားတယ်။ သိသိသာသာပေါ့။ ဒါကထူး ခြားချက်တွေပဲလေ။”

ပွဲတော်ရက်မှာ စည်ကားပုံကိုလည်း “လူက ရေတွက်လို့တောင်မရဘူး။ သိပ်ပြီး ကြီးကျယ်လှတယ်။ တပြင်လုံးမှာ ပြည့်နှက်နေတာပဲ။ အဝင်လမ်းကနေ ပြည့်နေတာ။ အပေါက်ဝကို ထွက်ဖို့အတွက်တောင် ၁ နာရီ၊ ၂ နာရီကြာတယ်။ အဲလောက်တောင် ကြီးကျယ်တာ။ အဓိကတော့ ရမ်းဗြဲကျွန်း၊ ရခိုင်ပြည် မှာရှိတဲ့ လက်လှမ်းမှီသလောက်ပေါ့။ ခုဆိုရင် ပိုစည်တယ်။ လမ်းပမ်းဆက်သွယ်ရေးကောင်းလို့။ ကားနဲ့လာကြတယ်။ စက်လှေနဲ့လာကြတယ်။”

ဦးဖိုးသာကတော့ ဂေါပကအဖြစ် လုပ်ကိုင်လာတဲ့ နှစ်ပေါင်း ၃၀ ကျော်အပါအဝင် သူငယ်စဉ်ကတည်းက အတွေ့အကြုံ သက်တမ်းတစ် လျှောက်မှာ ပြဿနာဖြစ်တာ တစ်ကြိမ်တစ်ခါမှ ကျရောက်တာမရှိဘူးလို့ ပြောပါတယ်။

“ကျနော်က ဒီမှာမွေးတာ။ ကျနော်ငယ်စဉ်ကနေ ဒီနေ့ထိ ပွဲတော်အတွင်း  လူပေါင်း သိန်းသောင်းကဋေရောက်တယ်။ မည်သည့်ပြဿနာ တစ်စုံတစ်ရာမှ မရှိပါဘူး။ သိပ်ထူးကဲပါတယ်။ ဘာပြဿနာမှ မရှိခဲ့ဘူး။”

 1,086 total views,  1 views today