Arakan Yoma |

မိုင်းနဲ့ စစ်ကျန်လက်နက်တွေရဲ့ အန္တရာယ်ကို ကာကွယ်လျှော့ချနိုင်ဖို့ရည်ရွယ်ပြီး တိုက်ပွဲဖြစ်နေတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ်တွေအပါအဝင် မြို့နယ် ၁၀ ခုက ပညာရေးဌာနတာဝန်ရှိသူတွေကို စစ်တွေမြို့မှာ ဇူလိုင် ၂၀ ရက်ကနေ ၂၁ ရက် အထိ ၂ ရက်တာကြာမြင့်တဲ့ ဆရာဖြစ်သင်တန်းပို့ချခဲ့ပါတယ်။

လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲက ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ မိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး ဗဟုသုတရရှိနိုင်ဖို့ရည်ရွယ်ပြီး မြို့နယ် ၁၀ ခုက ပညာရေးမှူးတွေကို သင်တန်းပို့ချနေတာလို့ ဆိုပါတယ်။

“အဓိကကတော့ ရခိုင်ပြည်မှာ မိုင်းအန္တရာယ်နဲ့ စစ်ကျန်လက်နက်ရှိလာနိုင်တဲ့ နေရာဒေသတွေမှာရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို မိုင်းအန္တရာယ်အသိပညာ ရရှိဖို့အတွက် ပညာရေးဌာနနဲ့ ပူးပေါင်းပြီးတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ထဲက ၁၀ မြို့နယ်က ပညာရေးမှူးတွေကို ၂ ရက်တာ ဆရာဖြစ်သင်တန်းပို့ချနေတာဖြစ်ပါတယ်။” လို့ ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ UNICEF ရဲ့ မိုင်းအန္တရာယ် အသိပညာပေး ကာကွယ်ရေးလုပ်ငန်း အရာရှိ ဦးကျော်ဝင်းဦးက ပြောပါတယ်။

အဲ့ဒီနေတဆင့် မြို့နယ်အသီးသီးမှာရှိကြတဲ့ ကျောင်း ၃၀၀ ကျော်ထဲမှာရှိတဲ့ ဆရာ၊ ဆရာမ၊ ၆၀၀ ကျော်ကို ဆင့်ပွားသင်တန်း တစ်ရက်သင်တန်းပေးသွားမှာဖြစ်တယ်လို့ UNICEF စစ်တွေရုံး ယာယီတာဝန်ခံ ဒေါ်ခင်မိုးအေးက ပြောပါတယ်။

“သူတို့ကနေတဆင့် သက်ဆိုင်ရာမြို့နယ်တွေ ပြန်ရောက်သွားလို့ရှိရင် စုစုပေါင်း ကျောင်း ၃၀၀ ကျော်ထဲမှာရှိတဲ့ ဆရာ၊ဆရာမ ၆၀၀ ကျော်ကို ဆင့်ပွားသင်တန်း တစ်ရက်သင်တန်းပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီမှာ ဆရာ၊ ဆရာမတွေက တဆင့်ကျောင်းပေါင်း ၃၀၀ မှာရှိတဲ့ ကျောင်းသူ ကျောင်းသားပေါင်း ၆၄၀၀၀ ကျော်ကို မိုင်းနဲ့ ပတ်သက်လို့ အန္တရာယ်ရှိတာတွေကို အသိပညာပေးတာတွေကို ဆက်လက်လုပ် ဆောင်သွားမှာပါ။”လို့ ပြောပါတယ်။

ဒါ့အပြင် အဲဒီလို ပညာပေးမှုတွေအတွက် လိုအပ်တဲ့ ပိုစတာတွေနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ တပ်မတော်နဲ့ အေအေ ရက္ခိုင့်စစ်တပ်တို့ တိုက်ပွဲကာလ ၆ လအတွင်းမှာ  မိုင်းနဲ့ စစ်ကျန် လက်နက် ပေါက်ကွဲမှုဖြစ်စဉ် ၂၃ ခုရှိခဲ့ပြီး မိုင်းထိသူ အရပ်သား၂၉ ဦးရှိခဲ့ရာ ကလေးငယ်အပါအဝင် ၁၁ ဦးသေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ UNICEF က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

 487 total views,  1 views today