ထူး | ရိုးမရေဒီယိုမဂ္ဂဇင်း

မြန်မာစံတော်ချိန် မနက် ၇ နာရီထိုးရင်တော့ စူနာဒင်း (ခေါ်) ကိုမောင်မောင်တစ်ယောက် စက်ဘီးကလေးကို စီးပြီးအိမ်ကနေ စတင် ထွက်ခွာပါပြီ။

“မနက် ၇ ဆိုရင်လာတယ်။ တစ်ခါတစ်လေဆိုရင်တော့ ၈ နာရီလည်းကြာသွားတယ်။ တစ်ခါတစ်လေဆိုတော့လည်း ၉ နာရီပေါ့။ စက် ဘီးနဲ့လာတာလေ။”လို့ ကွမ်းယာလည်းဝါး ဆံပင်လည်းညှပ်နေရင်းနဲ့ ကိုမောင်မောင်က ပြောပါတယ်။

ကိုမောင်မောင်ဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့က “လက်သာ” လို့ခေါ်တဲ့ ရပ်ကွက်မှာနေထိုင်တဲ့ ဟိန္ဒူအမျိုးသားတစ်ဦးပါ။ အဲဒီရပ်ကွက် မှာ ဟိန္ဒူလူမျိုးတွေ နေထိုင်ကြတာဖြစ်ပြီး အများစုဟာ ရွာနာမည်လက်သာဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လက်သာအလုပ်တွေကို လုပ်ကိုင် လေ့ရှိကြပါတယ်။ ကိုမောင်မောင်ကတော့ “ဆံသ” လုပ်ငန်းလုပ်ကိုင်တာ ဖြစ်ပါတယ်။

စစ်တွေမြို့ထဲမှာဖွင့်ထားတဲ့ဆိုင်ကို ရောက်ရောက်ချင်းမှာတော့ ကိုမောင်မောင်ဟာ ဘုရား၊ တရားကို ပူဇော်လေ့ရှိပါတယ်။

“ဘုရားကို ရှိမခိုးဘဲနဲ့ ငွေမဝင်ဘူး။ အဲဒီလိုလည်းရှိတယ်။ အဓိက ဘုရားကိုရှိခိုးရမယ်။ နံသာတိုင်ထွန်းရမယ်။ ဖယောင်းတိုင်လည်း ထွန်းရမယ်။ ဘုရားရှိခိုးရင် ကျနော့်ကိုခေါ်တယ်။ ဆိုတော့ ကျနော့်ကို ကူညီတယ်။ သူတို့ဆိုင်မှာလိုအပ်နေတယ်။ ရော့ သူတို့ဆိုင်မှာ ဝင်။ အဲလိုရှိတယ်။”

ကိုမောင်မောင်ကတော့ ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်ဖြစ်သလို အဲဒီလို ကိုင်းရှိုင်းတာတွေကြောင့်လည်း သူ့ကိုဘုရားက အမြဲ တမ်းစောင့်ရှောက်ထားတယ်လို့ ခံယူထားတတ်ပါတယ်။

သူရဲ့ ဘိုးဘွားတွေဟာ အိန္ဒယကနေ ပြောင်းရွှေ့လာတာဖြစ်ပြီး သူတို့မိဘတွေကို မောင်တောမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မှာတော့ သူ့ရဲ့မိဘတွေဟာ စစ်တွေကို ပြောင်းရွှေ့လာခဲ့ပြီး ကိုမောင်မောင်လက်ရှိနေထိုင်တဲ့ လက်သာရွာမှာ အခြေချနေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

မိဘတွေ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားပြီးနောက်မှာတော့ အဲဒီအချိန်က အသက် (၁၅) နှစ်သာရှိသေးတဲ့ သူဟာ ဖခင်ညွှန်ပြပေးခဲ့တဲ့ လမ်းစဉ်အတိုင်း လျှောက်လှမ်းခဲ့တာပါ။ သူဝါသနာမပါဘဲ လျှောက်လှမ်းခဲ့ရတဲ့ သူ့ရဲ့သက်မွေးဝမ်းကြောင်းအကြောင်းကိုလည်း အခုလိုပဲ ပြန်ပြောင်းပြောပြပါတယ်။

“ကျနော်က ဝါသနာပါလို့ လုပ်လာတာ မဟုတ်ဘူး။ ကျနော့်မိဘတွေက ဒီအလုပ်ကိုလုပ်စားလို့ ကျနော်လုပ်စားနေတာ။ ကျနော့်အဖိုးတို့၊ အဘွားတို့ ဒီလက်သာလုပ်လို့ စားတာ။ ဒါကြောင့်ကျနော်တို့မှာ ဒီအလုပ်ကို လုပ်ရတာ။ တစ်ခုအလုပ်မှ လုပ်လို့မရဘူး။ ဆံပင်ညှပ်စား လို့ ရတယ်။ အနှိပ်သည်လုပ် စားလို့ရတယ်။”

ဟိန္ဒူဘာသာဝင်တွေရဲ့ ပြောဆိုချက်တွေအရတော့ အများစုဟာ မိဘဘိုးဘွားတွေ လုပ်ကိုင်လာတဲ့ လုပ်ငန်းတွေကိုသာ အမွေဆက်ခံ လုပ်ကိုင်လေ့ရှိ ကြပါတယ်။ ကိုမောင်မောင်ကလည်း ထိုနည်း၎င်းပါပဲ။ ဝါသနာကို အရင်းခံပြီးတော့ လုပ်ကိုင်ကြမယ်ဆိုရင်လည်း ပညာ အရည်အချင်းရော ငွေကြေးအရပါ နိမ့်ကျသူတွေဖြစ်တာကြောင့်လည်း မိရိုးဖလာလုပ်ကိုင်လာတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။

အဲဒီလို လျှောက်လှမ်းလာခဲ့ရပေမဲ့လည်း ကိုမောင်မောင်ဟာ ပစ္စုပန်ကို အကောင်းဆုံးဖြတ်သန်းနိုင်သူပီပီ စစ်တွေမြို့က ဆံသဆိုင်တိုင်း လိုလိုမှာ အလုပ်တွေ ဝင်လုပ်ဖူးတယ်လို့ ကြုံခဲ့ရတဲ့ အခက်ခဲတွေကို စိတ်မကောင်းစွာနဲ့ ပြောဆိုပါတယ်။

“အရင်တုန်းက ကြုံခဲ့ရတာပေါ့။ အတော်လေး ဆင်းရဲခဲ့တယ်။ အရင်ကဆိုမရှိဘူး။ သူများဆီမှာ လုပ်ရတယ်။ စားဖို့မလောက်။ တစ်ရက် ရတာ တစ်ရက်မစားရဘူး။ ဆိုင်ကိုသွားမှ စားရတယ်။ ဆိုင်ကိုမသွားရင် မစားရ။ အခုကတော့ အဆင်ပြေနေပြီ။ ထမင်းစားရတယ်။ သူ များဆီမှာ လုပ်တာက ထမင်းက နပ်မမှန်ဘူး။” 

ဘဝကို ရုန်းကန်နေဆဲ အသက် ၂၀ မှာ အရွယ်မှာတင် အိမ်ထောင်ကျခဲ့ပါတယ်။ အဲဒါကလည်း သူ့အတွက် အခက်ခဲဆုံးအချိန်တွေ ဖြစ် နေခဲ့ပြန်ပါတယ်။ အဲဒီလို ဖြစ်နေခဲ့ပေမယ့်လည်း ကိုမောင်မောင်ဟာ တစ်ရက်ကို ငွေ ၁ ထောင်ဖြစ်ဖြစ်၊ ၂ ထောင်ဖြစ်ဖြစ် ၂ နှစ်လောက် စုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ဆိုင်ခန်းလေးတစ်ခန်းငှားပြီး ကိုယ်ပိုင်ဆိုင်ကလေး ဖွင့်နိုင်ခဲ့ပါတယ်။

နာမည်ဘာမှ ပေးမထားတဲ့ အဲဒီဆိုင်ကလေး ဖွင့်ပြီးချိန်မှာတော့ သူ့မိသားစုရဲ့စားဝတ်နေရေးကို ပြေလည်အောင်ဖြေရှင်းနိုင်ခဲ့ပေမယ့် ငွေ စုဖို့လောက်ထိတော့ မပိုချန်ခဲ့ပါဘူး။

“စားဖို့သောက်ဖို့နည်းနည်းပါးပါးပဲရတယ်။ တစ်ရက်ကို တစ်သောင်းရတယ်။ အများကျရင်နှစ်သောင်းရတယ်။ တစ်ခါတစ်လေ ဈေးကွက် မကျရင် အိမ်ကိုပြန်ရတယ်။ စားဖို့သောက်ဖို့ကတော့ အဆင်ပြေတာပေါ့။ ဘာလည်းဆိုစုလို့ မရဘူး။ စုလို့တစ်ခုမရ။”

“ဆိုင်လခက တစ်လကို ၅ သောင်းပေးရတယ်။ ကိုယ်ပိုင်ဆိုင်မှ မဟုတ်တာ။ ငှားထားတာကိုး။ ကိုယ်တစ်ယောက်တည်းဖွင့်ထားတာပေါ့။ ဘယ်သူမှ မပါဘူး။”

ဘဝမှာ အဲဒီလိုကျင်လည်ခဲ့ရင်းနဲ့ အခုဆိုရင် အသက် (၄၀) အရွယ်ကိုရောက်နေပါပြီ။ သား၊ သမီး ၄ ဦးကိုလည်း ပိုင်ဆိုင်ထားပါပြီ။ သား၊ သမီးတွေကို ကိုယ့်လိုမဖြစ်စေဖို့ ဆင်းရဲခြင်းကနေ ထွက်ပေါက်ပေးဖို့ ပညာသင်ပေးချင်ပေမယ့်လည်း ဘဝရဲ့ ကံကြမ္မာက မျက်နှာသာ မ ပေးခဲ့တာကိုလည်း သူက ဝမ်းနည်းပက်လက်နဲ့ ပြောပြပြန်ပါတယ်။

“ကျနော်က ကျောင်းတက်ခိုင်းတယ်။ ကျောင်းမတက်ဆိုတယ်။ သူကမသင်ချင်ဘူး။ စာမသင်ချင်ဘူးတဲ့။ သူ့ဘဘောနဲ့သူ။ ကျနော်က သင်ဖို့ခိုင်းတယ်။ သူကမသင်။”

သား၊ သမီးတွေဟာ ဖခင်ကပေးတဲ့ လမ်းစဉ်ကို လက်ခံဖို့ ငြင်းပယ်ချိန်မှာတော့ ဒီလမ်းအတိုင်းပဲ သူတို့ဟာဆက်သွားရတော့မှာ ဖြစ်ပါ တယ်။

“ဆိုင်ကိုလာတော့ ထိုင်နေကြတယ်။ ဖုန်းကြည့်တယ်။ နည်းနည်းပါးပါးတော့ တတ်နေ ကြပြီ။ သိပ်တော့ မကျွမ်းကျင်ကြသေးဘူး။ ခေါင်း တွေဘာတွေ လျှော်တတ်တယ်။ ကိုယ်ကတော့ သင်ပြရတာပေါ့လေ။ ကိုယ်က ဖြစ် စေချင်တယ်။ သူတို့က မသင်လိုဘူးလေ။ ကျနော် ပြောလို့မှ မရတော့တာ။ ကျနော်ရှိနေတုန်း သူတို့ စာမသင်လိုတာ မတတ်နိုင်ဘူး။”

ကိုမောင်မောင်ရဲ့ တစ်ခုတည်းသော ကျန်ရှိနေတဲ့ အိမ်မက်က ဒီဆိုင်ထက် ပိုကြီးတဲ့ ဆိုင်လေးတစ်ဆိုင်ကို တိုးချဲ့ဖွင့်လှစ်ချင်နေတာပါ။  လက်ရှိမှာတော့ အခက်အခဲရှိနေပါတယ်။ ဒါပေမဲ့ သူကတော့ အရင်းအနှီးမပြုတ်သွားအောင် ကြိုးစားလုပ်နေရတယ်လို့ ပြောပါတယ်။

“ဆိုင်တော့ တိုးလို့ဖွင့်ချင်တယ်။ နေရာကမရှိဘူးလေ။ ဒီမှာနေတာ ၂၀ ရှိနေပြီ။ ခုက ခေါင်းလျှော်ရည်ထည့်ပေးရတယ်။ ပြီးရင်ခေါင်း လျှော်တယ်။ ခေါင်းတွေကို ခြစ်ရတယ်။ ပြီးရင် ခန္ဒာကိုယ်တွေကို နှိပ်ပေးရတယ်။ အရင်းကတော့ ပြုတ်လို့မရဘူး။ ဘလိတ်ဓားယူရတာ၊ ခေါင်းလျှော်ဘူးဝယ်ရတာ။ အဲဒါတွေတော့ ရှိတာပေါ့။”

ကိုမောင်မောင်ဟာ ဆံသလုပ်ငန်းကို တစ်ကိုယ်တော် ရုန်းကန်လှုပ်ရှားနေရတာကြောင့် ဆိုင်မှာ လူပါးတဲ့အချိန်တွေကျရင်တော့ ကွမ်းယာလေးတွေကတော့ သူ့ရဲ့အဖော်ပါပဲ။

“ကွမ်းယာစားလို့လုပ်တယ်။ တစ်ရက်မှာ ၂ ထောင်ကုန်တယ်။ စားတာတစ်ခုကို မစားနဲ့ဆိုလဲ မရဘူးလေ။ တစ်ခါတစ်လေ ၁၅၀၀ ကုန် တယ်။ ၁ ထောင်ကုန်တယ်။ ၂ ထောင်ကုန်တယ်။ အလုပ်မရှိဘူးဆိုရင် ကွမ်းယာစားတယ်။ အလုပ်ရှိရင်တော့ အဲလောက်မစားဘူး။ တစ် ထောင်ဖိုးလောက်စားတယ်။”

 576 total views,  1 views today