Arakan Yoma  |

မတူကွဲပြားသည့် ယုံကြည်ကိုးကွယ်မှု ဘာသာ ၄ ခုထက်မနည်းဖြင့် ဖွဲ့စည်းထားသည့် ရခိုင်မြောက်ပိုင်း မောင်တောမြို့က ဘာသာပေါင်းစုံလူမှုအဖွဲ့သည် ဇွန်လ ၂၁ ရက်နေ့တွင် လှုပ်ရှားမှု ကမ်ပိန်းတစ်ခုကို စတင်ခဲ့သည်။

လူဦးရေ ၅၀ ခန့်ပါဝင်သော ထို့နေ့က လှုပ်ရှားမှုတွင်ပါဝင်သည့် အဆိုပါ အဖွဲ့နှင့်အတူ မောင်တောမြို့နယ် စည်ပင်သာယာရေးအဖွဲ့ကလည်း ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ၎င်းတို့သည် အမှိုက်ကောက် ကမ်းပိန်းတစ်ခုကို အတူတကွ စတင်ခဲ့ခြင်းဖြစ်သည်။

၎င်းအဖွဲ့တွင် ရခိုင်အပါအဝင် မူဆလင်များ၊ မြို၊ သက်၊ ဟိန္ဒူ၊ ဒိုင်းနက်နှင့် မာရမာကြီးတို့ပါဝင်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ CSPD ဟု ထိုအဖွဲ့၏ အမည်ကို သတ်မှတ်ထားကြသည်။

အဆိုပါနေ့က လှုပ်ရှားမှုတွင် မောင်တောမြို့အဝင်မှသည် မြို့ဈေးအထိ၊ မြို့မဈေးမှသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့တိုင် အမှိုက်ကင်းစင်ရေး ပညာရေးပိုစတာ ဆိုင်းဘုတ်များ စိုက်ထူကာ စုပေါင်းအမှိုက်ကောက်ခြင်းကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စတင်ခဲ့သော ကမ်ပိန်းမှသည် စုပေါင်းလုပ်ဆောင်မှုများကို ဆင့်ကဲဖြစ်စဉ်ဖြင့် သယ်ယူလက်ဆင့်ကမ်းလာနိုင်မည် ဖြစ်သလို ပဋိပက္ခများကို လျော့ချစေနိုင်မည့် စတင်သော အလားအလာကောင်းတစ်ခုလည်း ဖြစ်သည်ဟု ၎င်းတို့က ဆိုကြသည်။

ရေရှည်တည်တံသော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ CSPD ဟု ၎င်းတို့ကိုယ်တိုင် အမည်ပေးထားသည့် အဖွဲ့အား လူမျိုးပေါင်းစုံက လူကြီး၊ လူငယ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်များအပါအဝင် ပဋိပက္ခတားဆီးကာကွယ်ရေး၊ ရင်းနှီးကျွမ်းဝင်မှု ထွန်းကားရေး စသော ရည်ရွယ်ချက်များဖြင့် ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလတွင် စတင်ဖွဲ့စည်းခဲ့သည်ခြင်း ဖြစ်သည်။

 498 total views,  1 views today