ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒီတစ်ပါတ်မှာတော့ လူသူကင်းဝေးတဲ့ ကျောက်ဆောင်တစ်ခုမှာ တောရဆောက်တည်ပြီး ဘဝကို တစ်ကိုယ်တည်း ဖြတ်သန်းလာတဲ့ တောရသံဃာတော် တစ်ပါးအကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ သူဟာ အဲဒီလိုနေလာခဲ့တာ အခုဆိုရင် ၁၇ နှစ်တာ  ကြာမြင့် နေပြီလည်းဖြစ်ပါတယ်။

ဇနီး၊ သား၊ သမီးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပြီးချိန်မှ စိတ်အလို ရှေးရေစက်ကြောင့် မိသားစုဘဝ စွန့်လွှတ်ပြီး သာသနာ့ဘောင်ထဲကို ဝင်ရောက်ကာ လူသူကင်းမဲ့တဲ့ ကျောက်ဆောင်တစ်ခုမှာ ဘဝကို တစ်ကိုယ်တည်း ဖြတ်သန်းပြီး တရားအားထုတ်နေတာပါ။

ဇနီး၊ သား၊ သမီးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပြီးချိန်မှ စိတ်အလို ရှေးရေစက်ကြောင့် မိသားစုဘဝ စွန့်လွှတ်ပြီး သာသနာ့ဘောင်ထဲကို ဝင်ရောက်ကာ လူသူကင်းမဲ့တဲ့ ကျောက်ဆောင်တစ်ခုမှာ ဘဝကို ၁၇ နှစ်တာကြာမြင့်ချိန်ထိ တစ်ကိုယ်တည်း ဖြတ်သန်းပြီး တရားအားထုတ်နေတဲ့ တောရသံဃာတစ်ပါးဖြစ်ပါတယ်။

သူဟာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အနောက်ဖရုံကျွန်းက ဂြင်းချောင်းလို့ခေါ်တဲ့ ကျေးရွာအနီးမှာတည်ရှိတဲ့ ကျောက်ဆောင်မှာ နေထိုင်တာ ဖြစ်ပါတယ်။ ဘွဲ့အမည်ကတော့ အရှင်သုဘောဂဖြစ်ပါတယ်။ အဲဒီကျောက်ဆောင်မှာ ဗုဒ္ဒဘုရားဆင်းတုတော်ရှိသလို နတ်နဲ့ သက်ဆိုင်တဲ့ ရုပ်တုတော် တွေလည်း တည်ရှိပါတယ်။ သူကတော့ အဲဒီမှာရှိတဲ့ ဘုရားတွေကို စောင့်ရှောက်နေတဲ့ သဘောနဲ့ နေထိုင်နေတာပါ။

“အရင်ဘဝက အကြောင်းပါလို့ပဲ ဆိုရမှာပေါ့။ လူ့ဘဝနဲ့ နေလို့မရဘူး။ မနေချင်ဘူး။ ဘုန်းကြီးလုပ်ချင်တယ်။ အိမ်တွေမှာတောင် အနှောင်ယှက်ပေးဖြစ်ခဲ့ တယ်။ မိသားစုကလည်း အစကတော့ ခွင့်မပြုခဲ့ကြဘူး။ အရင်တုန်းကလည်း ဝင်မလို့ကြံတယ်။ ညီဘုန်းကြီး၊ အကိုဘုန်းကြီးတွေနဲ့ လိုက်သွားမလို့လေ။ ဒါပေမဲ့ ဒကာမ(ဇနီးဖြစ်ခဲ့သူ)က မျက်ရည်ကျလို့ မြင်ခဲ့တယ်တဲ့ ညီဘုန်းကြီးက ဆိုတော့ ဘုန်းကြီးကို မခေါ်တော်ဘူးတဲ့။ အဲဒီနှစ်ကနေ မလိုက်လိုက်ရလို့ ရူးတာ ၃ နှစ်ကြာသွားတယ်။ အဲဒီအချိန်ကျမှ ဒကာမနဲ့ သားသမီးတွေ ခွင့်ပြုလို့ ဒီကိုလာပြီး ဆွမ်းကပ်ရဟန်းခံလိုက်တာ။”

လက်ရှိမှာတော့ အသက် ၆၄ နှစ်ရှိနေပြီဖြစ်သလို သာသနာဝါတော်ဟာလည်း ၁၇ နှစ်ရှိနေပြီ ဖြစ်ပါတယ်။ မျိုးရိုးဟာလည်း ဘုန်းတော်ကြီး မျိုးရိုးလို့ ဆိုရမှာပါ။ ၄င်းရဲ့ ညီတော်နဲ့ အစ်ကိုတော်တွေကလည်း ဘုန်းတော်ကြီးတွေပဲ ဖြစ်ပါတယ်။ သာသနာဘောင်ထဲကို စဝင်စဉ်မှာတော့ ညီတော်နဲ့ အစ်ကိုတော် သံဃာတွေနဲ့အတူ ကျင့်ကြံနေထိုင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ သူတို့ တစ်ခြား တစ်နေရာစီကို ကြွသွားတာကြောင့် တစ်ကိုယ်တည်း ကျန်ရစ်နေခဲ့ပါတော့တယ်။

အပေါင်းအဖော်တွေ ရှိခဲ့စဉ်က အနီးအနားက ကျေးရွာတွေကို သွားရောက် ဆွမ်းခံထွက်လေ့ရှိပေမဲ့ တစ်ကိုယ်တည်းဖြစ်သွားချိန်မှာတော့ ဆွမ်းခံလည်း မထွက်ဖြစ်တော့ပါဘူး။

“အရင်က စေတီပုထိုးတွေတည်တုန်း ညီဘုန်းကြီး၊ အစ်ကိုဘုန်းကြီး လူတွေအများကြီးရှိတဲ့ အချိန်က ဆွမ်းခံတယ်။ ဆွမ်းတစ်ခုပဲ သက်သက်လွတ် ဆိုတော့လေ။ ဦးပဉ္ဇဇင်းတစ်ပါးတည်းနေတည်းက ဆွမ်းမခံတော့ဘူး။ တနင်္ဂနွေဖြစ်ဖြစ် စာသင်ကျောင်းက ကျောင်းသားလေးတစ်ယောက်ကိုခေါ်ပြီး ရွာကိုတစ်ပတ်ပတ်လိုက်တော့ ဆွမ်းစိမ်းဆန်ရတယ်။ ဒီတော့ ကိုယ့်ဟာချက်သုံးတယ်။”

ဆွမ်းသုံးတဲ့ နေရာမှာလည်း တစ်နပ်ပဲသုံးလေ့ ရှိပါတယ်။ ဒီအကြောင်းကိုလည်း အရှင်သုဘောဂက “အာရုဏ်မှာတော့ မသုံးဖြစ်ဘူး။ အာရုဏ်ဆိုတော့ မာမီးဖြစ်ဖြစ်၊ လ္ဘက်ရည်ဖြစ်ဖြစ်သုံးလိုက်တယ်။ တစ်နပ်ပဲ သုံးဖြစ်ပါတယ်။” လို့ အခုလို မိန့်ပါတယ်။

၎င်းနေထိုင်တဲ့ နေရာဟာ လူသူကင်းမဲ့တာကြောင့် ကျောင်းမှာလာနေတဲ့ ကပ္ပိယတွေ၊ ကိုရင်တွေနဲ့ ဘုန်းကြီးကျောင်းသားတွေကတော့ တည်မြဲလေ့ မရှိကြပါဘူးလို့ ဆိုပါတယ်။

“ကျောင်းသားတွေ၊ ကိုရင်တွေထားလို့က အိမ်ခြေ ၄၊ ၅ ရာကိုးကွယ်တဲ့ ကျောင်းတွေမှာတောင်  ကိုရင်တွေဘာတွေ မရှိဘူးလေ။ အရင်ကတော့ ဝင်ကြ တယ်လေ။ လခွဲ၊ တစ်လဆိုရင် ထွက်သွားကြတယ်။ ခုလည်း ဒီမှာနေဖို့ တစ်ပါးမှ မရှိဘူးလေ။”

သူဟာ ဝါတော်အရရော အသက်အရွယ်အရပါ ကြီးမြင့်နေပြီဖြစ်ပေမဲ့ သူများကို အားကိုးတတ်သူမဟုတ်ပါဘူး။ သူသီတင်းသုံးတဲ့ နေရာမှာ တရားကျင့်၊ သီလဆောက်တည်ရုံတွေ မကလို့ သီးပင်၊ စားပင်တွေကိုလည်း လက်လှမ်းမှီသလောက် စိုက်ပျိုးထားသလို ဘုရားဆင်းတုတော်တွေ၊ စေတီပုထိုးတွေကို လည်း အလှူငွေ ရရင်ရရှိသလို ကိုယ်ကာယအားနဲ့ သွန်းလုပ်လေ့ ရှိတတ်ပါသေးတယ်။

နောက်ပြီးတော့ သိပ်ပြီးကျန်းမာရေး ချို့တဲ့သူတစ်ယောက်လည်း မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ  အနီးအနားကျေးရွာတွေက အရေးပေါ်ကျန်းမာရေး အခြေအနေတွေကိုတောင် သွားရောက်ကူညီတတ်ပါတယ်။

“ကိုယ်ရေးကိုယ်တာ အခက်ခဲတော့ သိပ်မရှိဘူး။ မိသားစု၊ ဒကာ၊ ဒကာမတွေ အရေးကိစ္စတွေကိုတော့ ညတွင်းချိန်တွေမှာ သွားရောက်ကူညီတာတွေ တော့ရှိတာပေါ့။ ကိုယ်အတွက်တော့က အခက်ခဲမရှိဘူး။”

ဒါပေမဲ့ တစ်ခါတုန်းကတော့ တစ်ပါးတည်းနေစဉ်မှာပဲ ကျန်းမာရေးအခြေအနေဆိုးဆိုးဝါးတစ်ခုကို ကြုံခဲ့ရတဲ့ အကြောင်းကိုလည်း ဆရာတော်က “အရင် က တစ်ခါဖြစ်တော့ သူတို့လာယူပြီးတော့ ဆေးရုံပို့ကြတယ်။ နှစ်ပေါင်းတစ်ဆယ်ကျော်လောက်ရှိပြီ။ အဲဒီတုန်းကနေ မဖြစ်ဘူး။ သီးတင်းလည်းကျွတ်တော့ မယ်ဆိုတော့ အလုပ်ကလည်း များသွားတယ်။ စက်ကညှော်နံ့နံ။ သီတင်းကျွတ်နဲ့ ဘုရား၊ စေတီတွေကလည်း ရောင်မဖွင့်ရသေးဘူး။ သီတင်း မကျွတ်အမှီ ဆိုပြီး လုပ်လိုက်တာ ဖျားပြီး။ အအေးမိပြီးဖြစ်သွားတယ်။” 

အနီးအနားကျေးရွာတွေကတော့ သီတင်းကျွတ်နဲ့ သင်္ကြန်တွေလို နေ့ကြီးရက်ကြီးတွေမှာတော့ အဲဒီကျောက်ဆောင်ကို လာရောက်ပြီး သီလဆောက် တည်လေ့ ရှိကြသလို နွေရာသီလို ပွင့်လင်းရာသီတွေကို ရောက်ပြန်ရင်လည်း ဘုရားဖူးအဖြစ်ကော အေးချမ်းတဲ့ နေရာဖြစ်တာကြောင့်ပါ ဧည့်သည်တွေ လာရောက်တတ်ကြပါတယ်။ တစ်ခါတစ်ခါဆိုရင် နိုင်ငံခြားသားတွေကလည်း လာရောက်ကြတယ်လို့ ဆရာတော်ရဲ့ မိန့်ကြားချက်အရ သိရပါတယ်။ ဒါမေမဲ့ လူသိများတဲ့ နေရာတစ်ခုတော့ မဟုတ်ပါ။

“ကိုယ်ကတစ်ပါးတည်းနေပေမဲ့လို့ အေးဆေးပဲလေ။ တစ်ပါးတည်းနေပျော်တယ်။ နေသားကျနေပြီလေ။ တစ်ပါးတည်းနေလို့ အခက်ခဲမရှိဘူး။ ပုတီး စိပ်တဲ့အခါ စိပ်တယ်။ အချိန်ရရင် ကျန်းမာနေရင် တရားထိုင်တယ်။ အဲဒီလို နေတယ်ပေါ့။ အားရင်အားတဲ့အလျောက်။”

သံဃာတော်တွေအပါအဝင် လူသားတွေဟာ တစ်ကိုယ်တည်းနေထိုင်လို့ ဖြစ်တဲ့သူရှားပါးပါတယ်။ ဒါပေမဲ့ အရှင်သုဘောဂကတော့ တစ်ကိုယ်တည်း တရားအားထုတ်တဲ့ဘဝမှာ မွေ့ပျော်နေပြီဖြစ်သလို ရှေးရေစက်တွေကြောင့် အခုလို ဖြစ်ခွင့်ရတာကို ဂုဏ်ယူနေသူလည်း ဖြစ်ပါတယ်။ သူရဲ့ မိသားစု တွေဟာ သူသီတင်းသုံးတဲ့ ကျောက်ဆောင်ကနေ ချောင်းကူးမြောင်းကူးသွားရတာဖြစ်ပါတယ်။ အရေးကြုံရင် မိသားစုတွေကို သွားလာနိုင်ဖို့ ဆရာတော် က ဘာတွေပြင်ဆင်ထားပါသလဲ။

“လှေကလေးတစ်စင်းရှိတယ်။ ကုန်းကြောင်းကတော့ သွားတာနည်းတယ်။ လှေကလေးနဲ့ သက်သာတယ်လေ။ လှော်တက်ကလေးတစ်စင်းတော့ အမြဲ တမ်းကိုင်ထားတယ်။ အခုလည်းရှိတယ်။ အရေးပေါ်ပေါ့။”

မြစ်ချောင်းတွေရှိသလို တောတောင်တွေလည်းရှိပြီး ဘုရားပုထိုးတွေရှိသလို သုဿန်တွေလည်း အဲဒီကျောက်ဆောင်တွေကို ဝန်းရံလျှက်ရှိပါတယ်။ ဆရာတော်ဟာ တစ်ခါတစ်မှာ ဝိဥာဏ်တွေ(တနည်းအားဖြင့် မိစ္ဆာ)ကလည်း ပြကြပါသေးတယ်။

“အခြားပုဂ္ဂိုလ်တွေလည်း လာနေကြတယ်။ အဲဒီပုဂ္ဂိုလ်တွေ အသံပေးတယ်။ ခေါင်းရင်းက ခြေရင်းကလေ။ ဦးဇင်းကိုတော့ ဘာအသံမှမပေးကြဘူး။ အရင်ကတော့ အိပ်မက်တစ်ခုပေးထားတယ်။ အဲဒီအိပ်မက်မှာ ဒီကအစောင့်အရှောင့်ပုဂ္ဂိုလ်တွေဖြစ်မယ်။ စစ်ဗိုလ်ကြီးလို အရုပ်ကနေ လူခန္ဓာကိုယ်နှစ်ခု လောက်ရှိတယ်။ အသားတွေလည်း မဲတူးပြီးတော့ အဲဒီပုဂ္ဂိုလ်တစ်ပါးရှိတာပြတယ်။”

၎င်းလက်ရှိတောရဆောက်တည်နေတဲ့ ကျောက်ဆောင်ဟာ ယခင်က ပင်လယ်ထဲမှာ ရှိခဲ့ကြောင်း အမှတ်အသားတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီနေရာရဲ့ အောက်ဖက်မှာ ရေပြင်နဲ့ ဒီရေတောတွေရှိတာကြောင့် မျိုးစုံသောငှက်တွေနဲ့ လှေသမားတွေ၊ တံငါသည်တွေရဲ့ မြင်ကွင်းတွေကို တွေ့မြင်နိုင် သလို အနီးအနားမှာ တော၊ တောင်တွေ ရှိတာကြောင့်လည်း တောတောင်တွေရဲ့ သဘာဝကို ခံစားနိုင်ပါတယ်။ ကျောက်ဆောင်တွေပေါ်မှာ တည်ဆောက်ထားတဲ့ အမျိုးမျိုသော စေတီ၊ ဘုရားတွေကို ဖူးတွေ့နိုင်မှာဖြစ်ပြီး ကျောက်စာတစ်ချို့ကိုလည်း မြင်တွေ့နိုင်ပါ တယ်။

ဒါကြောင့်လည်း အရှင်သုဘောဂက လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်လိုက်ပါသေးတယ်။

“ဒီအနီးတဝိုက်မှာ ဒီနေရာကသဘာဝအကျဆုံးလေ။ မြင်တဲ့အတိုင်းဘဲ။ ဒါကြောင့် ဒီနေရာကို ပြည်တွင်းကဖြစ်ဖြစ်၊ ပြည်ပကဖြစ်ဖြစ်၊ ခရီးသည်တွေ လာရောက်ပြီးတော့ လေ့လာစေချင်တယ်။ ဒီလောက်လှပတဲ့ သဘာဝတွေကို ဦးဇင်းကမြင်စေချင်တယ်။ ဒီလိုလာကြဖို့အတွက်လည်း ဦးဇင်းက သာယာ အောင်လုပ်ထားတယ်။ သစ်ပင်တွေ စိုက်ပျိုးထားတယ်။ နေဖို့ထိုင်ဖို့ကောင်းအောင်။ သူတို့တွေအကုန်လုံးကို လာစေချင်တယ်။”

သူတောရဆောက်တည် သီလကျင့်ကြံနေတဲ့ ကျောက်ဆောင်ကို ဘယ်သူတွေကပဲလာလာ။ မလာလာ။ အရှင်သုဘောဂကတော့ ဘုရားပုထိုးတွေကို အမြဲတစေစောင့်ရှောက်ပြီး ရှိနေဦးမှာဖြစ်ပါတယ်။

 777 total views,  1 views today