သတင်းဓာတ်ပုံ - မေလ၂၁ ရက်နေ့ကပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သက္ကမစာပေနှင့် ယဉ်ကျေးမှုပွဲတော်ဖြစ်မြောက်ရေး အကြိုတွေ့ဆုံပွဲ (ဓာတ်ပုံ - အောင်အောင်ထူး)

Arakan Yoma |

အပြည်ပြည်ဆိုင်ရာ သက္ကမစာပေနှင့် ယဉ်ကျေးမှုပွဲတော် ကျင်းပနိုင်ရေးအတွက် အကြိုတွေ့ဆုံဆွေးနွေးမှုတစ်ခုကို မေလ ၂၁ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စုပေါင်းရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါပွဲတော်အား ဒုတိယအကြိမ်အဖြစ် မြန်မာနိုင်ငံတွင် ကျင်းပရန်စီစဉ်နေကြခြင်းဖြစ်ပြီး ပထမအကြိမ်ကို အိန္ဒိယနိုင်ငံတွင် ၂၀၁၈ နှစ်ကုန်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

နေရာဒေသအလိုက် ကွဲပြားနေကြသည့် သက္ကမလူမျိုးတို့၏ စာပေ၊ ရိုးရာယဉ်ကျေးမှုနှင့် ဘာသာစကားများကို မူရင်းပုံစံကဲ့သို့ တသားတည်း ဖြစ်အောင် ပြန်လည်ပေါင်းစပ်နိုင်ဖို့  ရည်ရွယ်ပြီး ကျင်းပရန် ကြိုးပမ်းနေကြခြင်းဖြစ်ကြောင်း သက္ကမတိုင်းရင်းသားမျိုးနွယ်စုခေါင်းဆောင်များက ပြောသည်။

“ဦးဇင်းတို့မှာဆိုလို့ရှိရင် အရှေ့သက်၊ အနောက်သက် ရခိုင်သမိုင်းမှာလည်း ရှိတယ်။ တောက်လျှောက်။ အဲဒီကဏ္ဍတွေ နည်းနည်းကွဲပြားနေတာ ရှိတယ်။ အဲဒါတွေကို ပြန်ပေါင်းစပ်မှာ။ ဘာသာစကားဆိုလည်း အဲဒီအတိုင်းပဲ နေရာဒေသအလိုက် ကွဲပြားနေတယ်။ အဲဒါတွေကို ဒစ်ရှင်နရီလို ပုံစံမျိုး ပြန်ပြီးတော့ ဖော်ဆောင်နိုင်အောင် မူရင်းဘာသာစကားအနေနဲ့သုံးဖို့၊ မူရင်းယဉ်ကျေးမှုအနေနဲ့သုံးဖို့ တစ်ခုတည်းဖြစ်အောင်ပေါ့။ အဲဒီရည်ရွယ်ချက်ပါ။”ဟု ဦးဆောင်ဆရာတော် ဇောတိပါလ(သက္ကမ) က မိန့်ကြားသည်။

ထိုသို့ ကျင်းပမည့်ပွဲတော်တွင် ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြပြီး ဒိုင်းနက်ဟု ခေါ်ဆိုကြသည့် သက္ကမတိုင်းရင်းသားများအပြင် အိန္ဒိယနှင့် င်္ဘလားဒေ့ရှ်တို့၌ နေထိုင်ကြသည့် သက္ကမလူမျိုးများလည်း ပါဝင်မည် ဖြစ်သည်။

ဒုတိယအကြိမ်ကို မြန်မာနိုင်ငံထဲမှ သက္ကမတိုင်းရင်းသား အများဆုံးနေထိုင်လျှက်ရှိသည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် နန်းကျားကျေးရွာတွင် ၂၀၂၀ အစောပိုင်း၌ ကျင်းပနိုင်ရေး စီစဉ်နေကြခြင်းလည်း ဖြစ်သည်။

တိုင်းရင်းသား စာပေနဲ့ ယဉ်ကျေးမှုဦးစီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူး ဦးဦးကျော်ဝင်းက”ကျနော်တို့က ဒီကိစ္စကို ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးပုန်ဘွေ ဆီကနေတစ်ဆင့် ရခိုင်ပြည်နယ် အစိုးရဖွဲ့ကို တင်ပြပေးသွားပါမယ်။”ဟု အဆိုပါနေ့က တွေ့ဆုံစဉ် သတင်းမီဒီယာများသို့ ဖြေကြားခဲ့သည်။

၎င်းတို့၏ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းဖော်ထုတ်သည့်အခါမှာ အစိုးရအပါအဝင် ညီနောင်တိုင်းရင်းသားများကလည်း ကာယအား၊ ဥာဏအားနှင့် တတ်နိုင်သလို ပါဝင်ကူညီကြဖို့လည်း အိန္ဒိယနိုင်ငံမှ သက္ကမလူမျိုးတစ်ဦးဖြစ်သည့် အပြည်ပြည်ဆိုင်ရာ သက္ကမစာပေနဲ့ ယဉ်ကျေးမှုပွဲတော်ကျင်းပရေး ကော်မတီအတွင်းရေးမှူး Dr. Jyodir Moy Chakma က ပြောဆိုတိုက်တွန်းသည်ဟု ၎င်း၏ မြန်မာဘာသာပြန်ပေးသူမှ မီဒီယာများသို့ ဖြေကြားသည်။

အဆိုပါနေ့က ပြုလုပ်သည့် အကြိုတွေ့ဆုံပွဲကို အပြည်ပြည်ဆိုင်ရာ သက္ကမစာပေနဲ့ ယဉ်ကျေးမှုပွဲတော်ကျင်းပရေးကော်မတီဝင်များ ဖြစ်သည့် အိန္ဒိယနိုင်ငံမှ သက္ကမလူမျိုးများအပါအဝင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူးနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်ကြသည့် ရခိုင်ဒေသခံသက္ကမတိုင်းရင်းသားတို့လည်း တက်ရောက်ခဲ့ကြသည်။


 528 total views,  1 views today