Arakan Yoma |

နွေရာသီရောက်တိုင်း ရေရှားပါးမှုများ ဖြစ်ပေါ်လေ့ရှိသည့် ရခိုင်ပြည်နယ်အတွင်းမှ လက်လှမ်းမီသည့် ကျေးရွာနှင့် မြို့ပေါ် ဒေသများသို့ ရေများ လိုက်လံလှူဒါန်းလျှက်ရှိကြောင်း ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့က ပြောသည်။

ဧပြီလ ၄ ရက်နေ့မှ စတင်ပြီး လက်ရှိအချိန်ထိ လှူဒါန်းလျှက်ရှိရာ ရခိုင်ပြည်နယ်အတွင်းမှ ရေရှားပါးမှု မဖြစ်ပေါ် သေးသည့် ကျောက်ဖြူ ခရိုင်တစ်ခုမှအပ ကျန်ခရိုင် ၄ ခုရှိ မြို့ပေါ်နှင့် ကျေးရွာများသို့ ရေဂါလံစုစုပေါင်း ၄၂၀၀၀ ကျော် လှူဒါန်းထားပြီး ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသော်ဒါက “ကျနော်တို့က တစ်ပတ်တစ်ခါလှူတာကို သောကြာနေ့ကျရင် ၁၉ ရက်နေ့ အထိက စစ်တွေခရိုင်မှာ ၂၇၅၀၀ ဂါလံ၊ မြောက်ဦးခရိုင်မှာ ဂါလံ ၆၀၀၀၊ မောင်တော ခရိုင်မှာ ဂါလံ ၅၆၀၀၊ သံတွဲခရိုင်မှာ ၃၆၀၀ စုစုပေါင်း ၄၂၄၀၀ ဂါလံ ၄ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ လှူထားတာ။ ဒီနေ့လည်း တောက်လျှောက်လှူနေတာပဲ။ မောင်တောတို့၊ စစ်တွေတို့ သောကြာနေ့ ရောက်တိုင်း တစ်ပတ်တစ်ခါ စာရင်းချုပ်ပြီး ဌာနချုပ်ကိုပို့ပေးတယ်။ အစိုးရအဖွဲ့လည်းပို့တယ်။”ဟု ပြောသည်။

မီးသတ်ဦးစီးဌာန အနေဖြင့် လက်ရှိလှူဒါန်းနေခြင်းမှာ မီးသတ်ကားဖြင့်သွားရောက်၍ အဆင်ပြေသည့် ဒေသများသို့သာ သွားရောက်နေ ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် လက်လှမ်းမမှီနိုင်သည့် ဒေသများသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနများက တာဝန်ယူထားကြောင်း ဆိုသည်။

ယင်းအပြင် ဒေသခံပြည်သူများနေထိုင်သည့် ရပ်ကွက်၊ ကျေးရွာများအတွင်း ရေရှားပါးမှုဖြစ်ပေါ်ကလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး များမှတဆင့် တိုင်ကြားနိုင်သလို သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနသို့ ဆက်သွယ် တိုင်တန်းနိုင်ကြောင်း ဦးသော်ဒါက ဆက်ပြောသည်။

“ရပါတယ်။ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေဆီက တစ်ဆင့်အကြောင်းကြားတာပဲ တို့ဆီကို။ အုပ်ချုပ်ရေးမှူးတွေ ကလည်း မြို့နယ်အုပ် ချုပ်ရေးမှူးတွေကို ပြောတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကလည်း ကျနော်တို့ဆီကို လှမ်းပြောတယ်။ တို့ဆီ တိုက်ရိုက်အကြောင်းကြား လည်းရပါတယ်။ ကားသွားလို့ရတဲ့ နေရာတွေက လှူလို့ရပါတယ်။”

မီးသတ်ဦးစီးဌာနအနေဖြင့် ထိုသို့လှူဒါန်းကူညီမှုများလုပ်ဆောင်ရာတွင် အဓိကအားဖြင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး စည်ပင်သာရေးနှင့် ကျေးလက်ဦးစီးဌာနတို့နှင့်လည်း လိုအပ်လျှင်လိုအပ်သလို ပူးပေါင်းဆောင်ရွက်လျှက်ရှိ ကြောင်း သိရသည်။

 526 total views,  1 views today