ဒီတစ်ပတ်မှာတော့ ရခိုင်ပြည်နယ်ထဲက ခမီလူမျိုးတို့ရဲ့ ရိုးရာဝတ်စုံနဲ့ အဆင်တန်ဆာတွေအကြောင်း တင်ဆက် ပေးသွားမှာပါ။

သူတို့တွေရဲ့ ၀တ်စုံတွေမှာ ပုံဖော်တဲ့ ပန်းတွေအရောင်တွေက ဘယ်လို ထူးခြားချက်တွေပါသလဲ၊ သူတို့တွေ ဘယ်လို ၀တ်စားဆင်ယင်ကြသလဲ၊ ရှေးခေတ်က ၀တ်စုံတွေနဲ့ အခုခေတ် ၀တ်စုံ အဆင်တန်ဆာတွေ ဘယ်လိုကွာခြားချက် ရှိလာသလဲ စတာတွေကို မြောက်ဦးမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ထဲက ခမီတိုင်းရင်းသားတွေနဲ့ တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

ခမိ တိုင်းရင်းသားတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အများဆုံးနေထိုင်ကြပြီး အများစုကတော့ တောင်တန်း ဒေသတွေမှာ တောင်ယာလုပ်ငန်းနဲ့ အသက်မွေးကြတာပါ။ ရခိုင်ပြည်နယ်ထဲမှာ ရှေးယခင်ထဲက နေထိုင်လာတဲ့ လူမျိုးဖြစ်ပြီး ကိုယ်ပိုင် ယဉ်ကျေးမှုနဲ့ ရပ်တည်နေနိုင်တဲ့ တိုင်းရင်းသားတွေလဲ ဖြစ်ပါတယ်။ ခမီတိုင်းရင်းသားတွေဟာ အမျိုးသား အမျိုးသမီး ရိုးရာဝတ်စုံ အဆင်တန်ဆာတွေကို ကိုယ်တိုင်ရက်လုပ်ပြီး မြတ်မြတ်နိုးနိုး ၀တ်ဆင်ပြီး ဂုဏ်ယူလေ့ရှိပါတယ်။

ခမီတိုင်းရင်းသား နေအိမ်တိုင်းလိုလိုမှာ လက်ရက်ကန်း ဆောင်ထားလေ့ရှိပြီး အမျိုးသမီးတွေက ကိုယ့်စိတ်ကူး စိတ်သန်း အတိုင်း ပန်းကွက်တွေ အရောင်တွေ ပုံဖော်ရက်လုပ်တတ်ကြပါတယ်။

ကိုအင်္ဂါအောင်က ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး တက်ကြွလှုပ်ရှားသူတယောက်ပါ။ ခမီလူမျိုးတို့ရဲ့ ဂီတ၊ အနုပညာနဲ့ ရိုးရာဓလေ့ ထုံးစံတွေကို စောင့်ရှောက်ဖို့ ဦးဆောင်သူ တယောက်လဲဖြစ်ပါတယ်။

ခမီလူမျိုးတို့ရဲ့ ၀တ်စုံအကြောင်း သူက အခုလိုပြောပါတယ်။

“ကျွန်တော်တို့မှာ အမျိုးသား အမျိးသမီးဝတ်စုံဆိုတာ ရှိပါတယ်။ အရင်ကဆို တောတောင်ထွက်တဲ့ ၀ါဂွမ်းကို သီးသန့် ချည်မျှင်လုပ်ပြီး ၀တ်စုံ ၀တ်ကြပါတယ်။ မိန်းမ၀တ်စုံရှိတယ်၊ ယောကျာ်းဝတ်စုံရှိတယ်၊ သူ့အရွယ် အလိုက် ယောကျာ်းက ဘယ်လိုဝတ်ရမလဲ၊ မိန်းမက ဘယ်လိုဝတ်ရမလဲ ခွဲခြား ထားပါတယ်။ ယောကျာ်းမှာ ပါတရီ လို့ခေါ်တဲ့ ၇ တောင်လောက်ရှိတဲ့ အ၀တ်ပေါ့ အဲ့ဒါမျိုးရှိခဲ့ပါတယ်။ နောက်ပိုင်းတော့ ခေတ်နဲ့လျော်ညီအောင် ဘောင်းဘီဝတ်တယ်၊ ပုဆိုးဝတ်တာလဲ ရှိပါတယ်။”

ရက်လုပ်တဲ့ အခါမှာတော့ ရိုးရာ ဒဏ္ဍာရီပုံပြင်တွေ၊ ထင်ရှားတဲ့ အမှတ်အသားတွေဖြစ်တဲ့ ရာသီပန်းတွေ၊ အမြတ်တနိုး ထားလေ့ရှိတဲ့ သဇင်ပန်းတွေကို ပုံဖော် ရက်လုပ်ကြပါတယ်။

“ရာဇ၀င်နဲ့ ဖော်ဆောင်ထားတာတွေလဲ ရှိပါတယ်။ သဇင်ပန်းဆို ရခိုင်ပြည် အတိုင်းအတာနဲ့ ရခိုင်ဖြစ်ဖြစ်၊ ခမီဖြစ်ဖြစ်၊ မြိုဖြစ်ဖြစ် သဇင်ပန်းကို အသုံးများကြပါတယ်။ သဇင် ခက်ကီ၊ ခက်ကီပါး ဆို သဇင်ပန်းလို့ ခေါ်ပါတယ်။ အဲ့ဒါကို ဖော်ဆောင်တဲ့ အနေနဲ့ အင်္ကျီတွေ၊ ထဘီတွေ၊ နောက် ခေါင်းမှာပန်တဲ့ ပန်းကအစပေါ့။   ကျွန်တော်တို့ ခမီလူမျိုးတွေမှာ နေနဲ့ လပေါ့ ကနီယို ခါ့ယို အဲ့လို ရည်ညွှန်းရက်လုပ်တာလဲ ရှိပါတယ်။” လို့ ကိုအင်္ဂါအောင်က ဆက်ပြောပါတယ်။

ခမီလူမျိုးမိသားစုတိုင်းမှာ ကိုယ်တိုင်ဝတ်ဆင်ဖို့ ၀တ်စုံတွေကို ကိုယ်တိုင်စိုက်ပျိုးတဲ့ ၀ါက ချည်မျှင်ထုတ်ယူပြီး ကိုယ်တိုင် ရက်လုပ်ကြတယ်လို့ မြောက်ဦးမြို့နယ် ဂျင်ချေရွာက အသက် ၇၀ ကျော် ဒေါ်မလှဖြူက ပြောပါတယ်။

“၀ါကို ကြိတ်ဖို့၊ ပြီးမှ နေပူလှမ်းရတယ်။ နေပူလှန်းပြီး ခါရတယ်။ ရတဲ့အမှုန့်ကို လုံးရတယ်။ ပြီးမှ ဂျင်နဲ့ မွှေ့ပြီး ခြည်ခင် လုပ်တယ်။ ရတဲ့ခြည်ကို ဆန်ကြိုထားတဲ့အရည်ထဲမှာ နှစ်ရတယ်။ ပြီးတော့ နေပူလှန်းရတယ်။ ပြီးမှ ကြိုးကို ခြည်လုံးလုံးရတယ်။”

ခြည်ရပေမယ့် လိုချင်တဲ့အရောင်ရဖို့အတွက်တော့ သစ်ခေါက်တွေကို အမှုန့် လုပ်ပြီး ကြိုချက်တဲ့ အရည်ထဲမှာ ထည့်ပြီး ဆေးဆိုးရတာပါ။ ခမီလူမျိုးတွေကတော့ လမုပင်နဲ့ ပင်လယ်ဇီးပင်က အခေါက်တွေကို ခြည်ဆေးဆိုးဖို့ သုံးကြတယ်လို့ ပြောပါတယ်။ ဆေးဆိုးပြီးတဲ့အခါတော့ ရက်လုပ်နိုင်တဲ့ အမည်းရောင် ခြည်ခင်တွေကို အောက်ခံအရောင်အဖြစ်သုံးပြီး တခြားအရောင်တွေ အဆင်တွေရဖို့အတွက်တော့ နိုင်ငံခြားက ရောင်စုံခြည်ကို ၀ယ်သုံးကြတယ်လို့ ပြောပါတယ်။ ခြည်ခင်တွေ ပြင်ဆင်ပြီးတဲ့အခါမှ တရောင်တမျိုးစီ ရစ်လုံးနဲ့ ထည့်ပြီး လက်နှစ်ဖက်နဲ့ ရက်ဖို့အတွက် ပြင်ဆင်ရတာပါ။

“ရက်ကန်းရက်တာမှာ သစ်သားနဲ့လုပ်တဲ့ လက်မ၊ ၀ါးလုံး၊ ၀ါးလုံးသေးသေး လေးတွေနဲ့ အထက်ခြည် အောက်ခြည်လုံးဖို့အတွက်သုံးတယ်။ ခေါက်ပြီး ရက်ရတယ်။ ကိုယ့်မှာရတာက ခြည်အမည်းထည်၊ အရင်ကတော့ အင်္ဂလိပ်ခြည် ဆိုတာ စစ်တွေမှာဝယ်ရတယ် အရောင်စုံ အဲ့ဒါကိုဝယ်ပြီး ဂျင်နဲ့ လိပ်ရတယ်။ ဂျင်နဲ့ ကျစ်ပြီးမှ ရက်လို့ရတယ်။ အခုခေတ် ကလေးတွေက အရင်ကလို မတတ်တော့ဘူး။ အခုခြည်တွေက ပွတယ်။ ရက်ရင် ထဘီဝတ်လို့ မရတော့ဘူး။ ခြုံစောင်ပဲ ရက်လို့ရတယ်။” ဒေါ်မလှဖြူက ဆိုပါတယ်။

လက်နှစ်ဖက်နဲ့ပဲ ရက်လုပ်ကြတာဖြစ်တဲ့အတွက် ၀တ်စုံတစ်စုံစာ ပြီးမြောက်ဖို့အတွက် အနည်းဆုံး ဆယ့်ငါးရက်က တစ်လလောက်အထိ အချိန်ယူကြရပါတယ်။ သုံးစွဲတဲ့ ခြည်အမျိုးအစားနဲ့ အလေးချိန်အပေါ် မူတည်ပြီး ၀တ်စုံရဲ့ တန်ဖိုးကလဲ မြင့်မားလာတာပါ။ အိမ်မှာ ကိုယ်တိုင်ရက်လုပ်နေတဲ့ မသန္တာအေးက အခုလိုပဲ ရှင်းပြထားပါတယ်။

“ပုဝါတစ်ထည်ကို တစ်သောင်းခွဲပါ။ စီလွန်ခြည်နဲ့ ရက်ရပါတယ်။ လခွဲ တလလောက်ရက်ရတယ်။ အင်္ကျီတွေဆိုရင်လဲ တခါရက်ရင် နှစ်ထည်စာပါတယ်။ အဲ့ဒါလဲ လခွဲ တလ လောက်ရက်ရပါတယ်။ အဲ့ဒါလဲ ခုနစ်ထောင် ရှစ်ထောင်ပေးရတယ်။ တစ်ပေကို နှစ်သောင်းခွဲ တစ်သောင်းခွဲ စသည်ဖြင့် တောင်းကြတယ်။ သုံးတဲ့ခြည်ကိုလိုက်လို့ပေါ့ ခြည်ကောင်းရင် ကောင်းသလောက် ဈေးကြီးတယ်။ ခုနစ်သောင်း ရှစ်သောင်းလောက်ထိပေါက်တယ်။ မိန်းမ ၀တ်စုံကတော့ ဈေးပိုများတာပေါ့။ ယောကျာ်းက အင်္ကျီ တစ်ခုတည်းပါ။ မိန်းမလောက်ဈေးမများဘူး။ တသောင်းခွဲလောက်ဆို ၀တ်လို့ရပါတယ်။ မိန်းမမှာဆို ငါးသောင်း ခြောက်သောင်း အနည်းဆုံးပါ။ ဒါတောင် ရိုးရိုးခြည်နဲ့ပဲရက်တာ။ အကောင်းစားခြည်နဲ့ဆို ခုနစ်သောင်း ရှစ်သောင်းလောက်ပေါက်ပါတယ်။”

ခမီအမျိုးသမီးတွေဟာ ငွေထည်အဆင်တန်ဆာနဲ့ ချည်သားဝတ်စုံကို တွဲဖက်ပြီး ၀တ်ဆင်ကြပါတယ်။ အမျိုးသမီးတွေရဲ့ ၀တ်စားဆင်ယင်မှုကို ကိုအင်္ဂါအောင်က အခုလို ရှင်းပြထားပါတယ်။

“အမျိုးသမီးဝတ်စုံအကြောင်း ပြောရရင် ကျွန်တော်တို့ ခမီတွေက ငွေကို ၀တ်ဆင်လေ့ရှိပါတယ်။ ဆွဲကြိုးကတော့ ငွေဒင်္ဂါးပြားပေါ့။ အခုကတော့ ငွေဒင်္ဂါးပြားတွေ ရှားသွားပြီ ဒါပေမယ့် အရေးကြီး ပွဲလမ်း သဘင်တွေ မှာတော့ ၀တ်ကြပါသေးတယ်။ ဆွဲကြိုးအရှည်က အမျိုးသမီးရဲ့ ချက် နေရာလောက်အထိ ၀တ်ကြတယ်။ ငွေပြားတွေ ကြားမှာ ရီစာမီ ခေါ်တဲ့ ကြိုးနဲ့ သီလို့ရတဲ့ ပုံစံ ၀တ်ကြတယ်။ အင်္ကျီကျတော့ ပုခုံးတစ်ဖက်ပဲ စလွယ်သိုင်းဝတ်တယ်။ ဘယ်ဘက်ကို အဓိကထားဝတ်တယ်။ လုံလုံခြုံခြုံဖြစ်အောင် ခြုံပုဝါကို ခြုံထည်အနေနဲ့ ခြုံလေ့ရှိတယ်။ ခါးပတ်ကတော့ ငွေကြိုးကို ၂၄ ပင် ၂၅ ပင် အပင် ၃၀ ထိ ၀တ်လေ့ရှိတယ်။ ထဘီကျတော့ ကွင်းလိုက် မဟုတ်ပဲနဲ့ တစ်ဖက်ကို သိမ်းပြီး ၀တ်ကြတယ်။ ဒူးအောက်အဆင့်ထိရှိပါတယ်။”

ဒီလိုဝတ်ဆင်တဲ့နေရာမှာလည်း ရာသီအလိုက် ၀တ်စုံကို ရာသီပန်းပွင့်တွေနဲ့ ပုံဖေါ်ရက်လုပ်ပြီး ၀တ်ဆင်ကြတယ်လို့ ဆိုပါတယ်။

“ပန်းဆိုတာက သဇင်ပန်း၊ ကံ့ကော်ပန်း၊ စကြာ၊ ရှေးရာဇ၀င်နဲ့အညီ ပန်းတွေကို ဖော်ဆောင်တတ်ပါတယ်။ နွေအခါ ၀တ်ဖို့ အ၀တ်အစား၊ နွေအခါ ဘာနဲ့လိုက်ဖက်တယ်၊ မိုးအခါ ဘာနဲ့ လိုက်ဖက်တယ်စသည်ဖြင့် ၀တ်စားဆင်ယင်မှုပါ ပန်းတွေပါ ပြောင်းလဲသွားတာကို တချို့နေရာတွေမှာ မြင်တွေ့ရပါသေးတယ်။” ကိုအင်္ဂါအောင်က ပြောပါတယ်။

ခမီတိုင်းရင်းသားတို့ရဲ့ ၀တ်စားဆင်ယင်မှုတွေကို အခုကာလမှာတော့ ရိုးရာပွဲ သဘင်တွေနဲ့ အခမ်းအနား တချို့မှာပဲ ၀တ်ဆင်ကြတာကို တွေ့မြင်နိုင်တော့တယ်လို့လဲ သိရပါတယ်။

ရိုးရာ ပွဲလမ်းသဘင်တွေ၊ အထိမ်းအမှတ်ပွဲတွေ၊ ကောက်သစ်စားပွဲ၊ အိမ်သစ်တက်ပွဲ၊ စတဲ့ ပွဲလမ်းတွေမှာ ဒီအ၀တ်အစားတွေကို အခုထက်ထိ ၀တ်ဆင်နေကြတုန်းပဲဆိုတာတော့ မြင်ရပါသေးတယ်။” လို့ ကိုအင်္ဂါအောင်က ဆိုပါတယ်။

အခုလို ၀တ်ဆင်မှု နည်းလာတာဟာ ရိုးရာဝတ်စုံတွေရဲ့ တန်ဖိုးကြီးမြင့်တာအပြင် ရရှိဖို့ ခက်ခဲတဲ့အတွက် ရိုးရာ ပွဲလမ်းတွေမှာပဲ တန်ဖိုးထားပြီး အလေးအနက် ၀တ်ဆင်ကြတာလို့ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှာနေတဲ့ မာမာအေးက ပြောပါတယ်။

“၀တ်တော့ ၀တ်ဖြစ်တယ်။ ဒါပေမယ့် အဲ့ဒါဝတ်ရင် မလုံမခြုံဖြစ် သလို ထင်တယ်။ ၀တ်ရတာတော့ ပျော်ပါတယ်။ ကိုယ့် လူမျိုး အ၀တ်ဝတ်ရလို့ ဂုဏ်တော့ဖြစ်မိတယ်။ ၀တ်ကျင့်မရှိတော့ မလုံမခြုံ ဖြစ်တယ် ထင်တာပဲ။ တခါတလေ၀တ်ရတာ လူများအလယ်မှာ ၀တ်ပြရတာတော့ ကိုယ့် ခမီဂုဏ်ကို ဖော်ဆောင်သလို ပီတိလဲဖြစ်ရပါတယ်။”

ရိုးရာရက်ကန်း ပညာကို မိန်းကလေးတွေပဲ တတ်မြောက်ကြပြီး မိခင်တွေ၊ အဖွားတွေက သမီး မြေးမတွေကို လက်ဆင့်ကမ်း သင်ပေးကြတာပါ။

“ဒီပညာက အဆက်ဆက် လက်ဆင့်ကမ်းသင်တာပေါ့။ အဖွားကြီးတွေက သင်ပေးတယ်။ ငါ့မှာတတ်တော့လဲ င့ါသမီးကို သင်ပေးတာပေါ့။ ဒီပန်းကိုကျရင် ခြည်နှစ်ပင်ကို အထက်ကတင်၊ သုံးပင်ကို အောက်ညှပ်၊ အဲ့ဒီလို စနစ်တကျလုပ်ပြတာပေါ့ လုပ်ချင်သလို လုပ်လို့မဖြစ်ဘူးလေ။” ဒေါ်လှဖြူက ပြောပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ ပညာရေး၊ စီးပွားရေးအခြေအနေတွေ ပြောင်းလဲလာတဲ့ အတွက် သင်ယူလိုသူရှိပေမယ့် တတ်မြောက်သူကတော့ နည်းပါးလာ နေပါတယ်။ ဆယ်တန်းကျောင်းသူ မညိုညိုသန်းက သူ့အနေနဲ့ သင်လို့ တတ်ခဲ့ရင် စိတ်ကူးထဲကအတိုင်း ၀တ်စုံတစ်စုံကို ဖန်တီးကြည့်ချင်နေပါတယ်။

“သင်လို့ တတ်ခဲ့ရင်တော့ အခုသွားလာနေတဲ့ ဒီဇိုင်နာတွေ လုပ်သလိုမျိုး နွေရာသီ ၀တ်စုံ တစ်စုံတော့ လုပ်ကြည့်မယ်လို့ စိတ်ကူး ထားပါတယ်။” လို့ မညိုညိုသန်းက ပြောပါတယ်။

ခမီ အမျိုးသမီးတွေမှာတော့ ရင်ကပ်အင်္ကျီ၊ ထဘီ၊ ခြုံထည်တို့အပြင် ငွေသားနဲ့ ပြုလုပ်ထားတဲ့ အဆင် တန်ဆာတွေကိုလည်း တွဲဖက်ဝတ်ဆင်ကြပါတယ်။ ခမီလူမျိုတို့ဟာ ရွှေကို သုံးဆောင်လေ့ မရှိပဲ ငွေသားထည်တွေကို တန်ဖိုးထားဆင်ယင်လေ့ရှိပါတယ်။ ငွေသားကို သုံးစွဲတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့လည်း ယုံကြည်ကြတဲ့အကြောင်း ဒေါ်မလှဖြူက ပြောပါတယ်။

“အရင်ကဆို ငွေကြိုးနဲ့၊ ငွေခြေကျင်း၊ ငွေလက်ကောက်၊ ဆံထိုးတွေ ဘီးတွေဆိုလဲ ငွေနဲ့ပဲ လုပ်တာ။ ခေါင်းမှာပန်တဲ့ ငွေပန်းပွင့်တွေလဲ ရှိတယ်။ အဲ့ဒီခေတ်က ငွေနဲ့သုံးတာများလို့ ခြေဆစ်လက်ဆစ်တွေ ကိုက်ခဲတာမျိုး မရှိဘူး။ အခုမသုံးကြတော့ ကိုက်ခဲတာတွေ ဖြစ်ကြတယ်။ ဘုန်းကြီး ဆွမ်းကပ်ရင်တောင် ငွေလက်ကောက်မပါရင် မကပ်ရဘူး။ ဆံထုံးမှာလဲ ညောင်ရွက်ခက်တွေ၊ ညောင်ရွက်လိုပုံစံမျိုး ထိုးရတာပေါ့။ ငွေပြားကျပ်သား လေးဆယ် ငါးဆယ်၊ တရာ အဲ့လိုလုပ်ကြတယ်။ ခြေကျင်းမှာဆို တစ်ဘက်ကို ဆယ့်ငါးကျပ်သား အဲ့လိုဝတ်ကြတယ်။ မရှိတဲ့လူကတော့ ငါးကျပ်သား၊ ခုနစ်ကျပ်သား ဆိုသလို ၀တ်ကြတယ်။”

မြောက်ဦးမြို့နယ် ဂျင်ချေကျေးရွာက ကိုကျော်ဆန်းဝင်းကတော့ ခမီရိုးရာ ငွေသား အဆင်တန်ဆာတွေ ရောင်းချတဲ့သူပါ။ ခေတ်ကာလ အခြေအနေအရ ငွေစင် ငွေသားဒင်္ဂါးပြားတွေကို မသုံးနိုင်ကြတော့ပေမယ့် ငွေနဲ့ ကြေးစပ်ပြီး ပုံစံတူ အဆင်တန်ဆာတွေ ပြုလုပ်ပြီး ရောင်းချတယ်လို့ ရှင်းပြပါတယ်။

“ကျွန်တော့်မှာ ခါးပါတ်ပါတယ်။ ပြီးတော့ ခြေကျင်းပါပါတယ်။ ကလေးတွေအတွက် သုံးတဲ့ မောင်းလဲပါတယ်။ ငွေပြားလဲ ပါတယ်။ ခါးပတ်ကတော့ ရှစ်သောင်းသတ်မှတ်ပါတယ်။ ခြေကျင်းက တသောင်းခွဲပါ။ လက်ကောက်က တကွင်းကို ငါးရာပါ။ မောင်းက တခုကို သုံးထောင်ပါ။ ငွေဒင်္ဂါးပြားကတော့ ၂ မျိုးရှိတယ်။ ငါးရာတန် တမျိုးရှိတယ်။ သုံးထောင်တန်တမျိုးရှိတယ်။ ဘာလို့ဈေးကွာရလဲဆိုတော့ အသားချင်းလည်း မတူသလို အရွယ်အစားလဲ ကွာပါတယ်။ ပုံစံကတော့ တပုံစံတည်းပါပဲ။”

ရိုးရာပုံစံလဲ မပျက်ရအောင် ပုံစံတူပြုလုပ်ရောင်းချနေရပေမယ့် တန်ဖိုးမြင့်နေသေးတာကြောင့် လူတိုင်းမ၀ယ်နိုင်တာကလဲ ရိုးရာဝတ်စုံနဲ့ အဆင်တန်ဆာတွေ လူသုံးနည်းလာရတဲ့ အကြောင်းတခု ဖြစ်နေတယ်လို့ ကိုအင်္ဂါအောင်က ပြောပါတယ်။

“ရိုးရိုးသာမန် ၀တ်စုံတစ်စုံကို နှစ်သိန်းခွဲအထိ ရှိလာတယ် ဆိုကတည်းက ၀တ်စားဖို့ အခက်အခဲတွေက ရှိလာတယ်။ တကယ့် ပွဲလမ်းသဘင် ဆိုရင်တော့ ၀တ်ကြပါတယ်။”

ခမီလူမျိုးတွေအနေနဲ့ အခုလို ရိုးရာဝတ်စုံတွေ ၀တ်ဆင်မှုနည်းလာတာဟာ ခေတ်နဲ့ ဆီလျော်မှု မရှိတော့တာလဲ အကြောင်းတခုလို့မြင်ပြီး အခုအချိန်မှာတော့ သာမန်နေ့စဉ် ၀တ်စုံလို ဖြစ်လာဖို့အထိ ဖန်တီးဆောင်ရွက်ဖို့ အိပ်မက်တွေ ရှိနေတယ်ဆိုတာ အသေအချာပဲဖြစ်ပါတယ်။

ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး တက်ကြွလှုပ်ရှားသူ ကိုအင်္ဂါအောင်ကတော့ “ရိုးရာပွဲတွေမှာ ပွဲလမ်းသဘင်တွေမှာ ၀တ်တယ် ဆိုတာကလည်း ၀တ်စုံတစုံကို ဈေးကြီးကြီးပေးပြီး ၀တ်ရတာဆိုတော့ ဒိပွဲတွေမှာပဲ ၀တ်နိုင်တာပေါ့။ နောက်ပြီး ဒီဝတ်စုံတွေကလဲ ရှေးဟောင်း အမွေအနှစ် တခုလို ခေတ်နောက်ကျပြီး ကျန်ခဲ့တယ်လို့ မြင်ပါတယ်။ ဒီခေတ်လိုဝတ်ဖို့ ဆိုတာ ကလည်း မသင့်တော်သေးပါ။ ရခိုင်မှာ ခေတ် လေးခတ်အ၀တ်အစားကို လမ်းမှာဝတ်လို့ မဖြစ်သလိုမျိုး ကျွန်တော်တို့ ၀တ်စုံတွေကလည်း လမ်းမှာဝတ်ဖို့ မဖြစ်တာလဲရှိတယ်။ ဘာလို့လဲဆိုတော့ ခေတ်နဲ့ မလျော်ညီ တော့ဘူးလေ။ နောက်ပိုင်းဆိုရင်တော့ ခေတ်နဲ့ညီအောင် ဘယ်လိုဝတ်ကြမလဲ ဘယ်လို ခေတ်စားလာမလဲဆိုတာ ကြိုးစားနေပါတယ်။” လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *