ကိုအောင် ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒီတပတ်မှာတော့ ရခိုင်ပြည်နယ်ထဲက ကမန် တိုင်းရင်းသားတို့ရဲ့ မင်္ဂလာလက်ထပ်ပွဲဓလေ့ထုံးစံတွေ အကြောင်းကို တင်ဆက်ပေးမှာပါ။

ကမန်တို့ဟာ ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲနဲ့ သံတွဲမြို့နယ်တွေထဲမှာ အများဆုံးနေထိုင်ကြပြီး လယ်ယာ လုပ်ငန်းနဲ့ အသက်မွေးကြသူများပါတယ်။ တပ်မတော်သား၊ အစိုးရ၀န်ထမ်း၊ ကုန်သည် စသည်ဖြင့် လုပ်ကိုင်ကြသူတွေလဲ ရှိပါတယ်။ ရခိုင်စကားကို ပြောဆိုကြပြီး ၀တ်စားဆင်ယင်မှု၊ ယဉ်ကျေးမှုနဲ့ လူမှု ဆက်ဆံရေး ဓလေ့ထုံးစံတွေကလည်း ရခိုင်တို့နဲ့ အတူတူပဲ ဖြစ်ကြပါတယ်။ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြပေမယ့် သူတို့ဟာ ဘာသာရေးကို အခြေမခံတဲ့ ရိုးရာဓလေ့ထုံးစံတွေ၊ ရိုးရာပွဲသဘင်တွေကို အလေးထား လေ့ရှိပါတယ်။ ဓလေ့ထုံးတမ်း အစဉ်အလာအတိုင်း လိုက်နာဆောင်ရွက်လေ့ရှိပြီး ပြောင်းလဲမှု မရှိသလောက်ဖြစ်သလို ယခင်အစဉ်အလာတွေအတိုင်း လုပ်ဆောင်နေကြဆဲပါ။ သူတို့ရဲ့ ဓလေ့ထုံးစံတွေထဲက လက်ထပ် မင်္ဂလာဆောင်နှင်းတဲ့ ဓလေ့ထုံးစံအကြောင်းစစ်တွေမြို့ သက္ကယ်ပြင် ရွာမကျေးရွာက ကမန်လူမျိုးတွေနဲ့ တွေ့ဆုံမေးမြန်းပြီးတင်ဆက်ပေးပါမယ်။

ကမန်တို့ လက်ထပ်မင်္ဂလာဆောင်နှင်းတဲ့အခါ သားသမီးတွေ နှစ်သက်တဲ့သူကိုသာ မိဘတွေက တောင်းယူ လက်ထပ် ပေးတတ်ကြပါတယ်။ သားဖြစ်သူက နှစ်သက်တဲ့အမျိုးသမီးတစ်ယောက်ယောက်ရှိနေရင်၊ ဒါမှမဟုတ် နှစ်ဦးသဘောတူ ချစ်ခင် နှစ်သက်သူရှိနေပြီဆိုရင် တောင်းယူ လက်ထပ်ပေးဖို့ မိဘကိုအသိပေးကြရပါတယ်။ ဒါပေမယ့် သတို့သမီးကို တောင်းပေးဖို့ သားကိုယ်တိုင်ကမိဘတွေကိုတိုက်ရိုက် အသိပေးတဲ့ ထုံးစံတော့ မရှိပါဘူး။ မိန်းကလေးတွေဘက်ကလဲ မနှစ်သက်သူကို ငြင်းနိုင်သလို မိဘကလဲအတင်းစီစဉ်တဲ့ ထုံးစံလဲ မရှိဘူးလို့ စစ်တွေမြို့ နယ် သက္ကယ်ပြင် ရွာမကျေးရွာမှာ နေထိုင်တဲ့ အသက် ၇၁နှစ်အရွယ် ဦးစိန်ပြည့်က ပြောပါတယ်။

“ကိုယ်တိုင်မပြောဘူး။ အဲ့လိုပြောတဲ့ထုံးစံမရှိဘူး။ အဖေနဲ့ ညီအကိုလိုရင်းနှီးတဲ့ တယောက်ယောက်ကို ပြောပြ လိုက်တယ်။ ကျွန်တော့်ကိုဘယ်မိန်းကလေးကိုတောင်းပေးဖို့ ကျွန်တော့်မိဘကိုတိုက်တွန်းပေးပါလို့ ပြောလိုက်တယ်။ အဲ့လို တောင်းပြီး ယူကြတာပါ။ ကိုယ့်သဘောနဲ့ကိုယ် ယူကြတာရှိတော့ရှိတယ်။ နည်းတယ်။ တယောက်နဲ့ တယောက် သဘောတူလို့ လိုက်သွားကြတာမျိုး အရင်ကလဲ ရှိတယ်။ ခုလဲရှိတယ်။ နည်းတယ်။ သူ့မှာ ကြင်နာသူချစ်တဲ့သူ ရှိနေတယ် ဆိုရင်လဲ မိန်းကလေးက ငြင်းပိုင်ခွင့်ရှိပါတယ်။ မိန်းကလေးကငြင်းရင် မိဘက အတင်းအဓမ္မ မလုပ်ဘူး။ အလွန်ချမ်းသာတဲ့ ယောကျာ်းဆိုရင်တော့ မိဘတွေကနင်သူ့ကိုမယူလို့ မရဘူးပြောတတ်တယ်။ မယူလို့ မရဘူးလို့ အဓမ္မလုပ်တာနဲ့ မိန်းကလေးတွေက သူ့ကိုယ်သူ ဒုက္ခပေး လိုက်တာမျိုးလဲ ရှိတယ်။”

သတို့သားလောင်းရဲ့ တောင်းဆိုချက်ကိုမိဘတွေကလေ့လာပြီးသတို့သမီးလောင်းကိုတောင်းဆိုဖို့အတွက် သတို့ သမီးရှင် မိဘတွေကို တွေ့ဆုံပြီး ကနဦးကြောင်းလမ်းဖို့ သဘောထားကိုစုံစမ်းကြပါတယ်။ သတို့သမီးရှင် မိဘတွေကလဲ သမီး ဖြစ်သူရဲ့ သဘောထားကိုမေးမြန်းပြီး နှစ်သက်လက်ခံတယ်ဆိုရင်တော့ စေ့စပ်ကြောင်းလမ်းပွဲကို ဆောင်ရွက်ကြပါ တော့တယ်။

“ပြောထားပြီးတော့ လူသိရှင်ကြားပေါ့ အားလုံးတရွာလုံးကိုခေါ်တယ်။ ကွမ်းပွဲနဲ့သွားပြီး လူကြီးစုံရာရှေ့မှာ မင်းသမီးကိုငါက ရွှေတစ်ကျပ်သား၊ ငွေ နှစ်သိန်းပေးတယ်။ သတို့သားဖခင်၊ သတို့သမီးဖခင်က လူကြီးစုံရာထဲမှာ အသွင်းလက်ဖွဲ့ ပစ္စည်းပေးပြီး စေ့စပ်ရတယ်။”

စေ့စပ်ပြီးပြီဆိုရင်တော့ နေ့ကောင်းရက်သာရွေးတာ၊ သတို့သားသတို့သမီးအရံရွေးတာ၊ မင်္ဂလာမြှောက် ဆုတောင်းပေးမယ့် သူကို ရွေးချယ်တာတွေကိုဗေဒင်ဆရာနဲ့ တိုင်ပင်ပြီးနေ့သားရက်သားကိုက်မကိုက်၊ သတ်မှတ်တဲ့ မင်္ဂလာမြှောက် ဆုတောင်း ပေးနိုင်သူဟုတ် မဟုတ် ရွေးချယ်ကြပါတော့တယ်။ မင်္ဂလာရက် သတ်မှတ်ပြီး မင်္ဂလာပွဲ ကျင်းပဖို့ စီစဉ် ရပါတော့တယ်။

လက်ထပ်မင်္ဂလာပွဲဟာသုံးရက်အထိကြာမြင့်ပါတယ်။ပွဲကြိုနေ့ကတော့ ပွဲအတွက် ကြိုတင်လုပ်ဆောင် ထားရမယ့် အစီအစဉ်တွေကို ပျော်ပျော်ပါးပါးသီဆိုကခုန်ကြပြီးစုပေါင်းလုပ်ဆောင်ကြတာပါ။ ဒုတိယနေ့မှာတော့ အရင် ကတည်းက နှစ်ဖက်စလုံး သဘောတူ ထားကြထားတဲ့ အတိုင်းစေ့စပ်ပွဲကိုလူကြီးစုံရာနဲ့ ပြုလုပ်ပါတယ်။

“သတို့သားဘက်က မုန့်တွေယူပြီးတော့ ဆွမ်းအုပ်တွေနဲ့သွားတယ်။ လူကြီးတွေကလဲ ၀ိုင်းဝန်းပြီးတော့ အသွင်းပစ္စည်းက ဘယ်လောက်၊ ရွှေကဘယ်လောက် ငွေကဘယ်လောက်၊ အဲဒီမှာအဆိုပြုပြီးတော့ စေ့စပ်ကြ ရပါတယ်။ အဲ့ဒါကို ကွမ်းပွဲတင်တယ်လို့ ခေါ်တယ်။”

မင်္ဂလာကွမ်းပွဲတင်ဖို့ အစီအစဉ်ရှိပြီလို့ သေချာတာနဲ့ တရွာလုံးအိမ်တိုင်းက မုန့်မျိုးစုံလုပ်ကြပြိး သတို့သားအိမ်ကို ပို့ပေးကြ ပါတယ်။ အဲ့ဒီမုန့်တွေသတို့သမီးအိမ်ကိုပေးပို့ဖို့ မိန်းကလေးတွေက အလှဆင်ပြီး ရွာထဲမှာ စီတန်းလှည့်လည် သွားကြပါတယ်။ အဲဒီနေ့ညနေပိုင်းက စလို့ သတို့သမီးရဲ့အိမ်မှာ သူငယ်ချင်း အပျိုတွေကလည်း ညနက်အချိန်အထိ သမီးစောင့် အဖော်လုပ်ပေးကြပါတယ်။ မညွန့်သိန်းက သူတို့ရွာမှာ လုပ်ကြတဲ့ ဓလေ့ကိုအခုလိုပြောပြပါတယ်။

“တရွာလုံးမုန့်ကောက်ပြီးတော့ သတို့သားရှင်အိမ်ကိုသွားပို့ကြတယ်။ သတို့သားအိမ်က အဲ့ဒီမုန့်တွေကို အုပ်နဲ့ထည့်ပြီး သတို့သမီးရှင် အိမ်ကိုလာပို့ရတယ်။ သတို့သမီးအိမ်ကိုရောက်ပြီးတော့ တရွာသားလုံး ဝေစားကြတယ်။ အဲ့ဒီနေ့ ညဘက်ဆို သတို့ သမီးကို အပျိုတွေက တညသွားစောင့်ပေးရတယ်။ ညဆယ်နာရီ ဆယ့်တစ်နာရီလောက်ထိ ထိုင်ပြီး စောင့်ပေးကြတယ်။”

အဲ့ဒီလိုသမီးစောင့်ချိန်မှာမင်္ဂလာအခမ်းအနားမှာမပါမဖြစ်ပါရမယ့် မင်္ဂလာစကောမှာထည့်သွင်းရမယ့် မုန့်၊ ရေချမ်းအိုး၊ ပေါက်ပေါက် စတာတွေကို မိန်းကလေးတွေကကူညီဆောင်ရွက်ပေးကြပါတယ်။

“အဲ့ဒီနေ့ ညဘက်မှာ ပွဲမုန့်လုပ်တယ်…. ဓလေ့ထုံးစံပေါ့။ ဆန်တသိုက် (တသိုက်- နို့ဆီဗူးလေးလုံး၊ ပြီဝက်) ကို စိမ်ထား ရတယ်။ ပြီးတော့ ထောင်းရတယ်။ ထောင်းပြီးတော့ မုန့်အလုံးလုပ်ပြီးပေါက်ပေါက်တွေနဲ့ ရောပြီးထားရတယ်။ နောက်ပြီးတော့ ရေစင်မြက်၊ သပြေညွန့်၊ ငှက်ပျောသီး နှစ်လုံးကို၊ နောက်ပြီးကွမ်းသီး၊ ကွမ်းတွေကိုပူးပြီးချည်ရတယ်။ နောက် ဆန်ကောမှာစုပြီးထည့်ရတယ်။”

နောက်တနေ့ကတော့ မင်္ဂလာလက်ထပ်မယ့် နေ့ဖြစ်ပါတယ်။ အဲ့ဒီနေ့ မနက်စောစောမှာ မင်္ဂလာအချိန်ကို သတ်မှတ်ပြီး မင်္ဂလာမြှောက် ဆုတောင်းပွဲအစီအစဉ်ကိုသတို့သားသတို့သမီးနေအိမ်တွေမှာလုပ်ကြရပါတယ်။ မနက်နေထွက်ချိန်၊ ရေတက်ချိန်မှာ မင်္ဂလာမြှောက်လေ့ ရှိပါတယ်။မင်္ဂလာမြှောက်တယ် ဆိုတာကတော့ သတို့သားသတို့သမီးတို့ကို ကြီးပွား ချမ်းသာအောင်၊ မင်္ဂလာရှိအောင် မင်္ဂလာဆန်ကောမှာ ဆီမီးခွက်ထွန်းပြီး ဆုတောင်းပေးရတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုဆောင်ရွက်ပေးရတာကတော့ လင်မယား ကွဲကွာဖူးသူ၊ သေဆုံးဖူးသူ မဖြစ်ရပဲလင်စုံ၊ မယားစုံရှိနေပြီး သားဦးမွေးဖွားထားတဲ့ မိသားစုက အိမ်ရှင်မကပဲ သတို့သားနဲ့ သတို့သမီး နှစ်ယောက်စလုံးရဲ့ အိမ်တွေမှာမင်္ဂလာမြှောက် ဆုတောင်းပေးရပါတယ်။ အဲ့ဒီလို အိမ်ထောင်ဦး လင်မယားဖြစ်ပြီး သားဦးယောကျာ်းမွေးထားတဲ့သူကို အညွန့်ဆောင်သူ မင်္ဂလာရှိသူလို့ သတ်မှတ်ပြီး မင်္ဂလာအစီအစဉ်တွေမှာ ပါဝင်ဆောင်ရွက်ပေးရပါတယ်။

“မင်္ဂလာရှိတဲ့ မိန်းမဆိုတာအိမ်ထောင်နဲ့ ဖြစ်ရမယ်။ မင်္ဂလာမြှောက်ပေးရတဲ့ မိန်းမကိုပြောတာ။ ဥပမာ ကျွန်တော့်အိမ်ရှင်မ ဆိုပါတော့ ကျွန်တော့်မှာသားဦးရှိတယ်၊ မယားလဲမိဦးပထမဆုံးမယား၊ နောက်ထပ် ကျွန်တော့်မှာမယားမရှိဘူး။ အဲ့လိုမိဦးသားဦးရှိတဲ့ မိန်းမက မင်္ဂလာ မြှောက်ရတယ်။ ရေထမ်းဖို့ဆိုရင်လဲ အဲ့ဒီမိန်းမနဲ့ အဲ့ဒီယောကျာ်းသားဦးရှိတဲ့ အိမ်ထောင်ဦးမယားရှိတဲ့ လူမျိုးကပဲရှေ့က ဒါးထမ်းပြီး ရေထမ်း ရပါတယ်။ သတိုးသားကိုမင်္ဂလာမြှောက်ပေးတဲ့ မိန်းမကပဲ သတို့သမီးကို မင်္ဂလာခုံမှာထိုင်ပြီးတော့ မင်္ဂလာမြှောက်ရပါတယ်။”

အဲ့ဒီနောက် မင်္ဂလာသတို့သမီးသတို့သားတို့ နှစ်အိမ်စလုံးမှာရောက်လာတဲ့ ဧည့်သည်တိုင်းကို ဧည့်ခံကျွေးမွေးကြပါတယ်။ အဲဒီအစီအစဉ် ပြီးတဲ့အခါ အညွန့်ဆောင်သူလို့ သတ်မှတ်တဲ့ ယောကျာ်းမိန်းမတို့က ဦးဆောင်ရပါတယ်။ ဦးဆောင်တဲ့ ယောကျာ်းကဒါးကို ကိုင်ဆောင် လာရပြီး ရေခပ်မယ့်ရေကန်မှာရေကိုဒါးနဲ့ ၇ ချက် ခုတ်ပြီးမှ သတို့သမီးသတို့သားတို့ ရေချိုးဖို့အတွက် သန့်စင်တဲ့ရေကို ခပ်ပေးရပါတယ်။ အဲ့ဒီအခါ ရေအိုး ၇ လုံး၊ ၅ လုံးစသည်ဖြင့် ခယ်ယူရပြီး သတို့သား သတို့သမီးတို့ရဲ့ အပျိုရံလူပျိုရံသူငယ်ချင်းတွေက သယ်ယူလာရပြီးသူတို့ရဲ့ အိမ်တွေမှာရေချိုးပေးရပါတယ်။ ရေကို ဘာကြောင့် ဒါးနဲ့ ၇ ချက်ခုတ်ရသလဲဆိုတာ သေသေချာချာမသိပေမယ့် သူမှန်းဆတဲ့ အယူအဆ ကိုတော့ ဦးစိန်ပြည့်က အခုလိုရှင်းပြပါတယ်။

“ရေကိုဘယ်လောက်ပဲခုတ်ခုတ် ကွဲသွားတာမဟုတ်ဘူးလေ။ ဒီအတိုင်းပဲရှိနေတယ် ဆိုတဲ့သဘော။ ဘယ်လောက်ပဲ ဘယ်လို ရန်သူပဲလာလာ သူတို့လင်မယားဒီအတိုင်းရှိနေမယ် ဆိုတဲ့သဘော အဲ့လိုသဘောသက်ရောက်မယ်ထင်ပါတယ်။ ကျွန်တော့် အယူအဆကို ပြောတာပါ။”

သတို့သမီး သတို့သားတို့ ရေချိုးပြီး အ၀တ်အစား အကောင်းအသစ်တွေနဲ့ ပြင်ဆင်ပြီးပြီဆိုရင်တော့ ညနေပိုင်းအချိန် ရောက်ပါပြီ။ လက်ထပ် မင်္ဂလာ ကျင်းပမည့် သတို့သမီးရဲ့နေအိမ်ကိုသတို့သားနဲ့ မိဘတွေကအခြံအရံတွေ၊ အဆောင်အယောင်တွေ တပါတည်းယူဆောင်ပြီး အတီးအမှုတ်၊ အဆိုတွေနဲ့စီတန်းလှည့်လည်သွားရပါတယ်။

ကြံပင်ရဲ့ အညွန့်ကိုကိုင်ဆောင်ဖို့ သတို့သားအရံတယောက်၊ မင်္ဂလာဆန်ကောနဲ့ ဆီမီးကိုကိုင်ဆောင်မယ့် သတို့သား အရံတယောက်၊ ကွမ်းအုပ်နဲ့ ပန်းအုပ်ကိုကိုင်ဆောင်မယ့် အပျိုစင်မိန်းကလေး နှစ်ယောက်၊ ဖျာ၊ အိပ်ယာခင်းနဲ့ ခေါင်းအုံးတို့ကို ကိုင်ဆောင်မယ့် သတို့သား အရံတယောက်ပါဝင်ရပါတယ်။ သတို့သားက ခေါင်းပေါင်း၊ တိုက်ပုံအင်္ကျီနဲ့ ရိုးရာရခိုင်လုံခြည်ကို ၀တ်ဆင်ပြီးယပ်တောင်နဲ့ ဒါးတစ်ချောင်းကို ကိုင်ဆောင်ထားရပါတယ်။မင်္ဂလာဆန်ကောထဲမှာတော့ သပြေညွန့်နဲ့ ရေစင်မြက်အညွန့်လေးတွေ ထိုးစိုက်ထားတဲ့ ရေချမ်းအိုးငယ်၊ နှမ်းဆီ ထည့်ပြီး မီးထွန်းထားတဲ့ ဆီမီးခွက် တခွက်ပါပြီးပွဲပြီးချိန်ထိမီးမငြိမ်းအောင် သတိပြုရပါတယ်။ ဆန်ပေါက်ပေါက်၊ မုန့်ချပ်တွေ၊ ကြိုးနဲ့ပူးချည် ထားတဲ့ ငှက်ပျောသီး နှစ်လုံး၊ ကြိုးနဲ့ စည်းထားတဲ့ ကွမ်းယာတွေ ထည့်ထားရပါတယ်။ ကွမ်းအုပ်မှာတော့ ကွမ်းရွက်နဲ့ ကွမ်းသီး၊ ပန်းအုပ် ထဲမှာတော့ ပန်းမျိုးစုံ၊ အုန်းဆီနဲ့ ဘီးတို့ကိုထည့်ထားရပါတယ်။အဲ့ဒီပန်းတွေကတော့ သတို့သမီးအလှဆင်တဲ့အခါ ပန်ဆင်ဖို့ ပေးရတာလို့ မညွန့်သိန်းကပြောပါတယ်။

“ပန်းမပါလို့ မရဘူး။ ပန်းတမျိုးဆိုလဲမရဘူး။ အနည်းဆုံးသုံးမျိုးပါရတယ်။ တမျိုးတည်းဆိုဒါဏ်ငွေ အရိုက်ခံရတယ်။ အများအားဖြင့် နှင်းဆီပန်း၊ စံပါယ်အချိန်ဆိုစံပယ်၊ သစ်ခွ၊ စွယ်တော်၊ ဂန္ဓမာပန်းအမျိုးမျိုးသုံးရတယ်။”

သတို့သမီးအိမ်ကိုရောက်တဲ့အခါမှာတော့ သတို့သမီးရဲ့ ညီမအငယ်ဆုံးဒါမှမဟုတ် မောင်အငယ်ဆုံးက သတို့သားကိုခြေဆေးပေးပြီး သတို့သားကလဲ မုန့်ဖိုးအနေနဲ့ ငွေတချို့ကိုခြေဆေးခအနေနဲ့ ထုတ်ပေးရပါတယ်။ ခြေဆေးမယ့် မောင် ညီမအငယ်ဆုံးမရှိရင်တော့ ၀မ်းကွဲ မောင် ညီမအငယ်ဆုံးကဆောင်ရွက်နိုင်ပါတယ်။ လက်ထပ်မယ့် မဏ္ဍပ်ထဲမှာသတို့သားနဲ့ အတူလာတဲ့ ပရိဿတ်ကနေရာယူထိုင်နေတုန်းမှာ သတို့သားယူဆောင်လာတဲ့ ပန်းအုပ်ထဲကပန်းတွေနဲ့ သတို့သမီးကိုဖီးလိမ်းပြင်ဆင်ပေးကြပါတယ်။ အဲ့ဒီအချိန်မှာပဲကွမ်းအုပ်ထဲကကွမ်းတွေနဲ့ ရောက်ရှိနေတဲ့ ဧည့်သည်တွေကိုတည်ခင်းဧည့်ခံထားပါတယ်။ သတို့သားသတို့သမီးရဲ့ မိဘတွေကရောက်လာတဲ့ လူကြီးသူမတွေကို လက်ထပ်ပွဲမှာပေးထားတဲ့ လက်ဖွဲ့အသွင်းပစ္စည်းတွေကိုဖော်ပြပြီးသက်သေခံကြပါတယ်။

“ထိုင်တဲ့အခါ သူတို့သားကအရပ်လေးမျက်နှာကိုရှိခိုးရပါတယ်။ ရှိခိုးပြီးထိုင်နေရတယ်။ ခဏလောက်နေလို့ အားလုံးပြီးတဲ့ အခါ သတို့သမီးကိုခေါ်ယူလာတယ်။ အကြီးအကဲတယောက်ယောက်က လက်ထပ်ပေးပါတယ်။ သားဦးမယားဦးရှိတဲ့သူ တယောက်ယောက်က လက်ထပ်ပေးလို့ရပါတယ်။ ဒီလင်ဒီမယားအိုအောင်မင်းအောင် ပေါင်းရပါစေ၊ ဘ၀အဆက်ဆက် အေးအေး ချမ်းချမ်းနေရပါစေ၊ ဆွေမျိုးဉာတကာတို့၏ အကြီးအမှူးဖြစ်ပါစေ၊ ဆွေမျိုးဉာတကာအားကိုးရာဖြစ်ပါစေလို့ ဆုတောင်းပေးတယ်။”

အခုလိုလက်ထပ်ပေးပြီးတာနဲ့ မင်္ဂလာပွဲအစီအစဉ်တွေလဲ ပြီးဆုံးပါပြီ။ သတို့သားနဲ့ သတို့သမီးတို့ နေထိုင်ကြမယ့် နေအိမ်ကို သွားရောက် ရပါတော့မယ်။ နှစ်ဘက်မိဘဘယ်အိမ်မှာမဆိုနေထိုင်နိုင်သလိုကိုယ်ပိုင် အိမ်ယာရှိပြီးရင်လဲ သွားရောက် နေထိုင်နိုင်ပါပြီ။ လက်ထပ်ပွဲပြီးလို့ သုံးရက်နဲ့ ခုနစ်ရက်ကြားမှာတော့ မင်္ဂလာမောင်နှံတို့က ငွေကြေးတတ်နိုင်တဲ့ အလျှောက် မင်္ဂလာထမင်းကို ဖိတ်ခေါ်တည်ခင်းလေ့ရှိပြီး ရပ်ရွာထဲက အကြီးအကဲ ဆွေမျိုးမိတ်ဆွေတို့ နေအိမ်ကို ရှိခိုးကန်တော့ဖို့ သွားကြရပါတယ်။ အဲဒီအချိန်မှာဆွေမျိုးမိတ်သင်္ဂဟတွေက မင်္ဂလာ မောင်နှံ အတွက် တတ်နိုင်သလောက် မင်္ဂလာလက်ဖွဲ့ လက်ဆောင်တွေ ပေးကမ်းကြလေ့ရှိပါတယ်။ လက်ထပ်မင်္ဂလာ ဆောင်နှင်းတဲ့ အချိန်မှာတော့ လက်ဖွဲ့ လက်ဆောင်တွေ ပေးလေ့ မရှိကြပါဘူး။

“အဲ့ဒီလိုအိမ်တွေလိုက် ရှိခိုးကြရင် ဥပမာ ကျွန်မအိမ်ကိုလာရှိခိုးကြရင် ကျွန်မဆီက တသောင်းပေးချင်ပေးမယ်။ ငါးသောင်း ပေးချင်ပေးမယ်။ တသိန်းပေးချင်ပေးမယ်။ အမျိုးအလိုက် ပေးကြပါတယ်။ အဲ့ဒါတွေကသူတို့နှစ်ယောက် အပိုင်ပေါ့။”

ကမန်တို့မင်္ဂလာလက်ထပ်ပွဲကျင်းပနိုင်တဲ့ လရာသီတွေကတော့ ရခိုင်တို့နဲ့ အတူတူပဲ ဖြစ်ပါတယ်။ ၀ါဆိုလက သီတင်းကျွတ် လထိ ၀ါတွင်း အချိန်နဲ့ တန်ခူး၊ နတ်တော်နဲ့ ပြာသိုလတွေမှာမင်္ဂလာလက်ထပ်ပွဲ လုပ်လေ့မရှိပဲ တန်ဆောင်မုန်း၊ တပို့တွဲ၊ တပေါင်း၊ ကဆုန်နဲ့နယုန် လတွေမှာပဲ လုပ်လေ့ရှိပါတယ်။ဒါပေမယ့် အခြေအနေအရ နှစ်ဦးသဘောတူ ခိုးရာလိုက်လာခဲ့ရင်တော့ ဘယ်ရာသီဘယ်လပဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ပေးကြတယ်လို့ ဦးစိန်ပြည့်က ပြောပါတယ်။

အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ မညွန့်သိန်းကတော့ သူသာလက်ထပ်ဖြစ်ခဲ့ရင် ဘယ်လိုမင်္ဂလာဆောင်ပွဲကို ကျင်းပမလဲဆိုတာ စိတ်ကူးနေဆဲပါ။

“မိဘပေးတာကိုစိတ်ကူးတယ်။ ကိုယ်ကလဲ ကြိုက်ရမယ်။ မိဘကလည်းပေးရမယ်။ မိဘပေးပေမယ့် ကိုယ်ကြိုက်ရင်လဲမယူချင်။ ဒီထက်အများကြီးပိုပြီးစည်စည်ကားကားလုပ်ပစ်လိုက်ချင်တယ်။ စိတ်ထဲမှာ။”

 443 total views,  2 views today