ကိုအောင် ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်ကလူငယ်တွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းအမူအကျင့်တွေ ပြောင်းလဲလာပြီး အောင်မြင်တိုးတက်စေဖို့၊ ဒေသခံ အမျိုးသမီးတွေ၊ အိမ်ရှင်မတွေ စီးပွားရေးအခွင့်အလမ်းရရှိစေဖို့၊ နေထိုင်မှု ပုံစံပြောင်းလဲလာစေဖို့ ဦးဆောင်ကြိုးစားနေသလို စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို ကိုယ်တိုင် ဦးစီးလုပ်ကိုင်နေတဲ့ ရခိုင်အမျိုးသမီး တယောက်ရဲ့ အကြောင်းကို ပြောပြချင်ပါတယ်။

သူကတော့ ကျောက်ဖြူမြို့သူ ဒေါ်သင်းသင်း ဖြစ်ပါတယ်။

ဥပဒေပညာရှင်၊ တရားသူကြီးတယောက် ဖြစ်ခဲ့ပေမယ့် အရာရှိအဖြစ်ကိုစွန့်လွှတ်ခဲ့ပြီး အောင်မြင်တဲ့ လုပ်ငန်းရှင် တယောက် ဖြစ်လာအောင် ကြိုးစားခဲ့သူပါ။ ကျောက်ဖြူမြို့ရဲ့ တခုတည်းသော Shopping Center ကို တည်ထောင်သူ ဖြစ်သလို၊ အမျိုးသမီးတွေကို အခြေခံပြီး နေထိုင်မှုပုံစံတွေကို ပြောင်းလဲလာအောင် စည်းရုံး လှုံ့ဆော်နေသလို ဒေသတွင်းစီးပွားရေး ဖွံဖြိုးတိုးတက်ဖို့ နည်းလမ်းပေါင်းစုံကိုရှာဖွေကြိုးစားနေသူလဲ ဖြစ်ပါတယ်။

ဒီလုပ်ငန်းတွေလုပ်ကိုင်ဖို့ ကိုယ်တိုင် ရံပုံငွေမတည်ပြီး ဖောင်ဒေးရှင်းတခုကိုလည်း ဖွဲ့စည်း တည်ထောင်ခဲ့ ပါတယ်။ သူဘယ်လို ကြိုစားခဲ့ရသလဲ၊ အခက်အခဲတွေ ဘယ်လိုကျော်ဖြတ်ခဲ့သလဲ၊ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေ လုပ်ကိုင်ဖြစ်ဖို့ ဘယ်လိုအကြောင်းအရာတွေက တွန်းအားပေးခဲ့သလဲ စတဲ့ အကြောင်းအရာတွေက စိတ်ဝင်စားစရာပါ။

“ထုတ်ကုန်မရှိသော အရပ်ဒေသဟာ ၀င်ငွေမရှိသော မိသားစုနဲ့ တူပါတယ်။ မိသားစုတခုသည် ၀င်ငွေ မရှိရင် ကျန်တဲ့မိသားစုတွေရဲ့ အောက်ကိုနိမ့်ကျသွားမယ်။ အဲ့လိုပဲအရပ်ဒေသတခုဟာအဲ့ဒီဒေသရဲ့ ထုတ်ကုန် မရှိ၊ ထုတ်လုပ်မှုလုပ်ငန်းမရှိ၊ စက်ရုံအလုပ်ရုံမရှိဆိုရင် အဲ့ဒီဒေသကနိမ့်ကျနေမှာပဲ။ ဟိုတုန်းကတော့ ကုန်ထုတ်လုပ်ငန်း မလုပ်နိုင်ဘူးလေ။ မီးမရှိလို့၊ အခု လျှပ်စစ်မီးရလာတယ် ဘာကြောင့် မလုပ်ကြသေးလဲ။ လုပ်ဖို့အတွက် တွန်းအားလဲလိုတယ်၊ ဆွဲအားလဲလိုတယ်။ ကျွန်မတို့ကတော့ တွန်းလဲတွန်းတယ် ဆွဲလဲဆွဲတယ်၊ ကိုယ်နဲ့ နီးစပ်ရာကိုပေါ့။”

ရန်ကုန် ၀ိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှာ ဥပဒေ၀ိဇ္ဇာဘွဲ့ (B.A Law, LLB) ဘွဲ့ရခဲ့ပြီးရှေ့နေအဖြစ် နှစ်နှစ် လုပ်ကိုင်ခဲ့ပါသေးတယ်။ ရန်ကုန် နိုင်ငံခြားဘာသာသင် တက္ကသိုလ်မှာ ပြင်သစ်ဘာသာကို သင်ယူခဲ့ပါ သေးတယ်။ ၁၉၈၅ ခုနှစ်မှာတော့ တရားသူကြီး ရွေးချယ်ခန့်ထားရေးစာမေးပွဲကို အောင်မြင်ခဲ့ပြီး တရားသူကြီး တယောက် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီခေတ်အချိန် ရာထူးအခေါ်အဝေါ်အရ တရားရေးဝန်ထမ်း အဆင့်(၄)၊ လက်ရှိရာထူး အခေါ်အဝေါ်အရဆို ဒုတိယမြို့နယ် တရားသူကြီး ဖြစ်လာခဲ့ပါတယ်။ အစိုးရ ၀န်ထမ်းအဖြစ် အလုပ်လုပ်နေခဲ့ပေမယ့် အဲ့ဒီအချိန်ကာလ အခြေအနေအရ ၀န်ထမ်းလစာနဲ့ ရေရှည် ရပ်တည်ဖို့ အခက်အခဲ ရှိလာတဲ့အပြင် ကိုယ်ကျင့်တရားကို တန်ဖိုးထားသူဖြစ်တဲ့အတွက် အဂတိမလိုက်ခဲ့ဘဲ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကို လုပ်ကိုင်ဖြစ်ခဲ့တယ်လို့ ဒေါ်သင်းသင်းကပြောပါတယ်။

“တရားသူကြီးလို့ ပြောလိုက်ရင်ကိုလူတွေရဲ့ အမြင်နဲ့ အကြားမှာအဓိပ္ပါယ်ကောက်တာတွေကအမျိုးမျိုးပါ။ ကျွန်မက ဒါမျိုးတွေ အဖြစ်မခံပါဘူး။ အဲ့ဒီအတွက်ကြောင့် ၀န်ထမ်းလုပ်နေတဲ့ တလျှောက်လုံးမှာလည်း အားလုံး ကင်းကင်းရှင်းရှင်းနဲ့ နိုင်ငံ့တာဝန်ကို ပီပီပြင်ပြင် လုပ်တယ်။ တကယ်လို့ ၀န်ထမ်းလခနဲ့ မလောက်ခဲ့ရင် ငါ ဘယ်လို ရပ်တည်မလဲ၊ ၀င်လိုက်တဲ့အချိန်မှာလဲ ငါနဲ့ ဖြစ်ပါ့မလား ဆိုတာက ကျွန်မစိတ်ထဲမှာ ဇဝေဇ၀ါပဲ။ မတင်မကျနဲ့။ အဲ့လိုနဲ့ပဲ ၀န်ထမ်းဘ၀ထဲမှာနေတယ်၊ နှစ်ဖက်မိဘက အားလုံး ကျောထောက်နောက်ခံ အဆင်ပြေတဲ့ အတွက်ကြောင့် ရတဲ့လခနဲ့ (အမျိုးသားလဲ ၀န်ထမ်း၊ ကျွန်မလဲ ၀န်ထမ်း) ရတဲ့လခနဲ့ လုံလောက်အောင် နေလို့ရတယ်။ သူလဲ ၀န်ထမ်းဘ၀နဲ့ အကျိုးအမြတ်မရှာ၊ ကျွန်မလဲအကျိုးအမြတ်မရှာ။ ၀န်ထမ်းဘ၀မှာ အလုပ် လုပ်နေရင်းနဲ့ ဟိုပြောင်းဒီရွှေ့ ဆိုတာတွေ လုပ်လာရတယ်။ ပတ်ဝန်းကျင်မှာ အမျိုးမျိုးသော အခက်အခဲတွေကို ကြုံရတယ်။ ကျွန်မ ၀န်ထမ်းဘ၀နဲ့တော့ ရေရှည် ရပ်တည်လို့ မရတော့ဘူး ဆိုပြီးတော့ ၉၀ ခုနှစ်ကတည်းက စီးပွားရေးကို တွဲလုပ်တယ်။ ကိုယ် လုပ်နေတဲ့ စီးပွားရေးကစိတ်ချရလောက်တဲ့ အနေအထား ခြေထောက်ပေါ်မှာ ရပ်နိုင်တယ်ဆိုတဲ့ အခြေအနေကိုရောက်တော့ ၉၅ မှာ အလုပ်က ထွက်လိုက်တယ်။”

တကယ်နှုတ်ထွက်တဲ့ အချိန်မှာတော့ လွယ်လွယ်ကူကူ ထွက်ခွင့်ရခဲ့တာမဟုတ်ဘဲ ပေးဆပ်မှုတွေ၊ ဆုံးရှူံးမှုတွေလည်း ရှိခဲ့ရပါတယ်။

“အလုပ်ကထွက်တဲ့အချိန်မှာ ကျွန်မမှာတရာရုံးချုပ် ရှေ့နေလိုင်စင်ရှိတယ်။ အဲ့ဒီတရားရုံးချုပ် ရှေ့နေလိုင်စင်ကို စွန့်လွှတ်ပြီးမှ ထွက်ခွင့်ရတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မယောက္ခမက နိုင်ငံရေးသမား ဖြစ်နေလို့တဲ့။ အခုအချိန်ထိလဲ ကျွန်မပြန်မလျှောက်ရသေးဘူး။ ဒါက ကျွန်မတို့ မိသားစုမှာ ကြုံရတဲ့ အခက်အခဲပေါ့။”

ဝန်ထမ်းအဖြစ်က နှုတ်ထွက်ပြီးတဲ့အခါ မွေးရပ်မြေကျောက်ဖြူကိုအခြေခံပြီးလုပ်ငန်းတွေထူထောင် လုပ်ကိုင် ခဲ့ပါတယ်။ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း၊ ပွဲရုံလုပ်ငန်း၊ ဆေးလိပ်လုပ်ငန်းတွေကို ဆယ့်ငါးနှစ်ကျော် ကြိုးစား လုပ်ကိုင်ပြီးတဲ့ အချိန်မှာတော့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းကိုတိုးချဲ့လုပ်ကိုင်နိုင်တဲ့ အခြေအနေအထိ တိုးတက်လာခဲ့ပါပြီ။အဲ့ဒီအချိန် ၂၀၁၀ ၀န်းကျင် မှာပဲကျောက်ဖြူမြို့မှာလဲ အပြောင်းအလဲတွေ ဖြစ်လာခဲ့ပါပြီ။ ဒေသရဲ့ စီးပွားရေးအခွင့်အလမ်းတွေ၊ လုပ်ပိုင်ခွင့် တွေကြောင့် နိုင်ငံခြားသားတွေ အ၀င်အထွက်များတဲ့ ဒေသတခု ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအခါ ကျောက်ဖြူရဲ့ လိုအပ်ချက်၊ ဒေသခံတွေ ရရှိလာနိုင်တဲ့ အလုပ်အကိုင် အခွင့်အလမ်း၊ သမားရိုးကျ နေထိုင်ကြတဲ့ လူမှုဝန်းကျင်ရဲ့ နေထိုင်မှုပုံစံရဲ့ အားနည်း ချက်တွေ သတိပြုမိပြီး ကျောက်ဖြူမြို့ပေါ်မှာတခါမှ မရှိဖူးသေးတဲ့ လုပ်ငန်းအသစ်တခုကိုတည်ထောင်ဖို့ ဖြစ်လာခဲ့ပါတယ်။ ကျောက်ဖြူမြို့ နာရီစင်နားမှာ Summit Center အမည်နဲ့ Shopping Center (ကုန်တိုက်) တခုတည်ရှိပြီးအဲ့ဒီ Center ကလည်း ကျောက်ဖြူမြို့ရဲ့ တခုတည်းသော ဈေးဝယ်စင်တာ ဖြစ်ပါတယ်။

“ဒီလိုစင်တာတခုကိုတည်ထောင်မယ် အဲ့ဒါပြီးသွားရင် မြို့ကိုလာတဲ့ လူတွေမှာရော၊ မြို့က လူတွေမှာရော အပြောင်းအလဲတခုပေါ့၊ အဲ့ဒီအပြောင်းအလဲက ဘာလဲဆိုရင် ကိုယ့်ဒေသ တိုးတက်ရာ တိုးတက်ကြောင်း အပြောင်းအလဲကို ဖြစ်စေချင်တယ်။ အားလုံးအတွက် အဆင်ပြေလွယ်ကူမယ့် စနစ်တခု ဖြစ်လာရင် နေထိုင်မှု ပုံစံLige Style တခုပြောင်းသွားအောင် ဆိုပြီးတော့ ဒါကို ကြိုးစားပြီးလုပ်တယ်။ ကိုယ့်ဘက်က ရုန်းကန်ရတာတွေ၊ ကြိုးစားရတာတွေ၊ ရင်းနှီးမြုပ်နှံရတာတွေ အများကြီးပါ။”

ဒီလုပ်ငန်းတည်ထောင်တဲ့ ရည်ရွယ်ချက်မှာကိုယ်ပိုင်စီးပွားရေးအကျိုးအမြတ်ထက် ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းဖြစ်စေဖို့၊ ကျောက်ဖြူဒေသရဲ့ အရင်းအမြစ်တွေကိုအသုံးချပြီးစီးပွားရေးလုပ်ငန်းတွေဖြစ်လာစေဖို့၊ လုပ်ငန်းလုပ်ကိုင်လိုသူတွေရဲ့ နည်းပညာလိုအပ်ချက်တွေကိုကူညီဖြည့်ဆည်းပေးဖို့ ဆိုတာတွေလဲ ပါဝင်ပါတယ်။

“အလုပ်အကိုင်အခွင့်အလမ်းပဲလူတိုင်းကလိုချင်တယ်။ အဓိကအချက်ကဒါပါပဲ။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ပေါက်လာဖို့အတွက် အပြင်ကလူတွေ၊ လုပ်ငန်းကြီးကြီးလုပ်နိုင်တဲ့လူတွေ၊ ငွေရင်း ငွေနှီးများတဲ့ လူတွေ၊ လာပါ၊ လုပ်ပါ။ အဲ့ဒီလိုပဲကိုယ့်အရပ်ဒေသမှာရှိတဲ့၊ တိမ်မြုပ်နေတဲ့ အလုပ်တွေ၊ မွမ်းမံပြီးတော့ ကုန်ချောထုတ်နိုင်တဲ့ဟာတွေ၊ ဒါတွေကို ထုတ်ဖော်ပေး လိုက်မယ်ဆိုရင်လဲ ကျွန်မတို့မှာအခြေခံ သဘာဝကုန်ကြမ်းတွေရှိပါတယ်။ သယံဇာတတွေဟာနည်းတော့ နည်းနေပြီ၊ ဒါပေမယ့် မပျောက်ဆုံးသေးဘူး။ ဒီသယံဇာတတွေ မပျောက်သေးခင်မှာ၊ ဒီသယံဇာတတွေကိုအခြေခံပြီးတော့ ကျွန်မတို့က ကုန်ထုတ်လုပ်ငန်းတွေ လုပ်နိုင်ရမယ်။ နည်းပညာနဲ့ ဘယ်လိုလုပ်နိုင်မလဲဆိုတာ ကျွန်မတို့ဘက်က လေ့လာနိုင်ရမယ်။ အဲ့ဒီအတွက် ပညာပေးဖို့လိုတယ်။”

ရည်ရွယ်ချက်တွေကိုအကောင်အထည်ဖေါ်ဖို့ ကြိုးစားတဲ့အခါမှာတော့ တယောက်တည်းကြိုးစားတာထက် အဖွဲ့တစ်ခု တည်ထောင်ပြီး ကြိုးစားတာကပိုပြီးထိရောက်မယ်လို့ ယူဆတဲ့အတွက် ၂၀၁၇ နှစ်ကုန်ပိုင်းမှာ လုပ်ဖော်ကိုင်ဖက်၊ ငယ်သူငယ်ချင်းတွေကို စည်းရုံးပြီး သန္တာမြေဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကို တည်ထောင်ပြီး လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး ပညာပေးလှုပ်ရှားမှုတွေ၊ လုပ်ငန်းစတင်သူတွေကိုကူညီပေးတဲ့ အလုပ်တွေကိုဆက်တိုက်တခုပြီးတခုလုပ်နိုင်ခဲ့ပါတယ်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ယဉ်ကျေးမှု၊ ဘိုးဘွားရိပ်သာကူညီထောက်ပံ့ရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပညာပေး၊ ဒေသထွက်ကုန် အသေးစားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်ဝင် စားသောက်ကုန် ထုတ်လုပ်နည်းသင်တန်းတွေကို ဆက်တိုက်ပြုလုပ်လာနိုင်ခဲ့ပါတယ်။ အထူးသဖြင့် မိသားစုမှာအရေးပါတဲ့ အိမ်ရှင်မတွေကို အခြေခံပြီး လုပ်ငန်း လုပ်ကိုင် လာနိုင်အောင် ဦးတည်ဆောင်ရွက်ခဲ့တာပါ။

“ကိုယ့်မှာရင်းနှီးတဲ့ ပတ်ဝန်းကျင်၊ ကိုယ်နဲ့ အတူတူရှိတာကအမျိုးသမီးအုပ်စု။ ဒီအမျိုးသမီးတွေကလည်း တကယ်ကို ပညာတတ်အုပ်စုတွေ။ သူတို့တွေမှာလဲ နှစ်အဆက်ဆက် လုပ်ငန်းခွင်ထဲမှာလုပ်လာတဲ့ အတွေ့အကြုံတွေရှိတယ်။ နေရာဒေသပေါင်းစုံကို ရောက်ဖူးတယ်။ ကျွန်မတို့ တက္ကသိုလ်တက်တဲ့အခါက Hostel Life (အဆောင်နေကျောင်းသူဘ၀) အပြည့်အစုံရှိခဲ့ဖူးတယ်။ အရပ်ဒေသပေါင်းစုံကလူပေါင်းစုံနဲ့ ပေါင်းတတ်တယ်။ ယဉ်ကျေးမှုပေါင်းစုံကို ကျွန်မတို့တွေ့ရတယ်။ ဒါတွေကိုအခုခေတ် လူငယ်တွေကိုသင်ပေးသင့်တဲ့ အချက်တွေ။ ကျွန်မတို့ တွေ့ရတဲ့ အထဲမှာအဆိုးဆုံးဖြစ်နေတဲ့ အချက်ကဘာလဲဆိုတော့ တဖက်စွန်းရောက်နေတဲ့ အယူအဆတွေ။ တော်တော်ဆိုးတယ်။ ကျွန်မတို့သည် အစွန်း ရောက်တဲ့ဟာထက် သမာသမတ်ကျကျ အားလုံးကို မှန်မှန် ကန်ကန် တွေးခေါ်မြှော်မြင်ပြီးတော့ ကိုယ့်မြို့ရွာ ဘယ်လို တိုးတက်ဖို့လဲဆိုတဲ့ စိတ်ထားရှိရမယ်။ ဒါကမှ ကိုယ့်မြို့ကိုရော ကိုယ့်လူမျိုးကိုရော ကိုယ့်အရပ်ဒေသ ကိုယ့်ပြည်နယ်တခုလုံး အမှန်တကယ် ဆောင်ကျဉ်း ပေးနိုင်တဲ့ လမ်း။ ကျွန်မပြန်စဉ်းစားတော့ တဦးတည်းလုပ်တယ်ဆိုတာထက် အဖွဲ့အစည်း တရပ်အနေနဲ့ လုပ်လိုက်တဲ့အခါကျရင် ကျွန်လက်လှမ်းမမီတဲ့ ကျန်တဲ့နေရာတွေကိုပါ ဒီဟာရောက်သွားနိုင်တယ် ဆိုပြီးတော့ ကျွန်မကအဖွဲ့ဖွဲ့ဖို့ မဖြစ်မနေ ကြိုးစားတယ်။ ကြိုးစားတော့ ၂၀၁၇ ဒီဇင်ဘာ ၁၈ ရက် ကျွန်မရဲ့ ဆိုင်သက်တမ်း တနှစ်ပြည့်တဲ့နေ့မှာ ကျွန်မဒီအဖွဲ့ကိုအကြမ်းဖျဉ်းစပြီးဖွဲ့တယ်။ ဖွဲ့ပြီးတော့ တရားဝင်မှတ်ပုံတင် လျှောက်တယ်။”

ဖောင်ဒေးရှင်းကိုဖွဲ့စည်းနိုင်ပြီဆိုတာနဲ့ အထူးသဖြင့် လူငယ်တွေအတွက် ပညာရေးနဲ့ စီးပွားရေး အခွင့်အလမ်းတွေ ရရှိနိုင်ဖို့ ချက်ခြင်းအကောင်အထည်ဖော်နိုင်ပါတယ်။ ဘာသာရပ်ဆိုင်ရာ ပါမောက္ခတွေ ဖိတ်ခေါ်ပြီးဟောပြောပို့ချပေးတာ၊ ဒေသထွက်ကုန် အစားအသောက်တွေ အဆင့်မီထုတ်လုပ်နိုင်ဖို့နဲ့ ဈေးကွက်ဝင်ဖို့ ကူညီပေးတာ၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ စားသုံးသူ ကာကွယ်ရေးဥပဒေ ပညာပေး ဆောင်ရွက်တာနဲ့ အပတ်စဉ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေး လှုပ်ရှားတာတွေကို လုပ်ကိုင်နေကြပါတယ်။ သူတည်ထောင်တဲ့ သန္တာမြေဖောင်ဒေးရှင်းမှာဦးဆောင်သူတွေ အားလုံးက ပညာတတ် အမျိုးသမီးအငြိမ်းစား အရာရှိကြီးတွေနဲ့ အငြိမ်းစားဆရာမတွေဖြစ်ကြပါတယ်။ ဦးဆောင်သူအမျိုးသမီးကြီး ၂၀၊ အဖွဲ့ဝင် ၅၀ ကျော်နဲ့ ဖွဲ့စည်းတဲ့ သန္တာမြေဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကတော့ နိုင်ငံရေး၊ ဘာသာရေး၊ အမျိုးသားရေး ကျောထောက်နောက်ခံလုပ်တဲ့ အဖွဲ့အစည်းတခုမဟုတ်ဘဲ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး နေထိုင်မှုပုံစံ ဖွံ့ဖြိုးလာရေးအတွက်

“အဲ့ဒီတော့ မိန်းမတွေ ဘာဖြစ်လို့ ဒီလိုဦးစီးပြီးလုပ်ရလဲ။ မြန်မာပြည်မှာ အမျိုးသမီးဦးရေဟာ ငါးဆယ်ရာခိုင်နှုန်းကျော်ပါတယ်။ ဒီငါးဆယ်ရာခိုင်နှုန်းကျော်သောလူတွေကကိုယ့်မှာရှိတဲ့ ကိုယ်စွမ်း ဉာဏ်စွမ်းတွေကို စိုက်ထုတ်ပြီးတော့ လုပ်ပေးလိုက်ရင် တိုင်းပြည်ကမနည်းတိုးတက်လာမယ်။ ဒီငါးဆယ် ရာခိုင်နှုန်းကျော်သော မိန်းမတွေက ငါတို့ကမိန်းမပဲယောကျာ်းတွေရဲ့ နောက်တန်းမှာနေမယ်ဆိုရင် တိုးတက်ဖို့နှေးမယ်။”

ဆရာမဒေါ်သင်းသင်းက သူကိုယ်တိုင်လဲအောင်မြင်အောင် ကြိုးပမ်းနိုင်ခဲ့သလို သူ့ပါတ်ဝန်းကျင်၊ သူ့မျိုးဆက်၊ လူမှုအသိုင်းအ၀ိုင်းတခုလုံးရဲ့ အတွေးအခေါ် အမူအကျင့်တွေ ပြောင်းလဲလာဖို့ မျှော်လင့်ချက်တွေ သူ့ရဲ့ယုံကြည်ချက်တွေ အတိုင်းဖြစ်လာနိုင်အောင် ကြိုးပမ်းနေဆဲပါ။

“မှန်မှန်ကန်ကန် အတွေးအခေါ်မရှိရင် ဒီဟာသည် ဘယ်လိုဟာလဲဆိုတော့ ရှေ့ကသွားတဲ့ လူတွေက အတွေး အခေါ်အမှားတခုကို ထည့်ပေးလိုက်ရင် နောက်ကလိုက်လာတဲ့ လူတွေသည် အဲ့ဒီ အတွေးအခေါ် အမှားနောက်ကို လိုက်သွားကြရင် လူမျိုး အားလုံးဒုက္ခရောက်မှာပဲ”

 32 total views,  2 views today