ထူး၊ အာရ်ကန်ရိုးမ

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ရခိုင့်တပ်တော်ဟာ ပြည်နယ်မြောက်ပိုင်းက နယ်ဖက်တွေမှာ စစ်ရေးကိုသာမက အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေကိုပါ တွင်တွင်ကျယ်ကျယ် လုပ်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“နယ်တိုင်းနယ်တိုင်းမှာ တရားရုံးက ဖွင့်ထားတာကိုး။ အယ်လ်ဖာ သရီး၊ အယ်လ်ဖာ ဝင်း၊ အယ်လ်ဖာ တူး စသဖြင့် အားလုံးဖွင့်ထားတာကိုး။ အေအေအုပ်စုတစ်စု ဥပမာ စားဖိုသား ဆိုရင် စားဖိုသား၊ ပီးချောင်းမှာ ရွာသစ်ဆိုရင် ရွာသစ်။ ပုဏ္ဏားကျွန်းမှာ သဘုံဆိုသဘုံ အဲလိုမျိုးတွေပေါ့လေ။”လို့ ကျောက်တော်ဒေသခံ ဦးမောင်မောင်ဆန်းက သူတို့ကျေးရွာနဲ့ သူသိတဲ့အနေအထားကို ရှင်းပြပါတယ်။

နယ်ဒေသခံအများစုဟာ မှုခင်းတစ်ခုခုဖြစ်လာရင် မြန်မာအစိုးရတာဝန်ပေးထားတဲ့ ရဲတပ်ဖွဲ့တွေဆီမှာ မတိုင်ကြတော့ဘဲ AA ဆီမှာပဲ တိုင်ကြားကြပြီး AA ကပဲ တရားစီရင်မှုတွေ လုပ်လေ့ ရှိတယ်လို့ ဆိုကြပါတယ်။

ရခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ၁၂ နှစ်မြောက် ရခိုင့်တပ်တော်နေ့ သဝဏ်လွှာထဲမှာ အစပိုင်းမှာ စစ်ရေးကိုပဲ အဓိက လုပ်ဆောင်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာဆိုရင် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး စတဲ့ ပြည်သူ့ရေးရာကဏ္ဍတို့ကိုလည်း လုပ်ဆောင်သွားဖို့ရှိကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် တိုင်းပြည်တည်ဆောက်ရေး၊ အစိုးရယန္တရား တည်ဆောက်ရေးတွေပါ ကြိုးပမ်းသွားမယ်လို့ဆိုတဲ့ အကြောင်းတွေလည်း ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က အဲဒီသဝဏ်လွှာထဲမှာ ရေထားပါတယ်။

တရားစီရင်မှုအတွင်း မြို့နယ်အလိုက်၊ ကျေးရွာအုပ်စုတွေအလိုက် စသဖြင့် တရားရုံးတွေနဲ့ လက်အောက်ခံ သက်ဆိုင်ရာအဖွဲ့တွေ ဖွဲ့စည်းထားပြီး အဲဒီအဖွဲ့တွေက ဆောင်ရွက်လို့ မရှင်းလင်းတဲ့ အပိုင်းရှိတယ် ဆိုရင် AA က တိုက်ရိုက်လာရောက် ကိုင်တွယ် ဆောင်ရွက်တာတွေလည်း ရှိပါတယ်။

“ကျေးရွာလယ်ဆယ်၊ ကေကျေးရွာလယ်စိုက်၊ မြို့နယ်လယ်ဆယ်၊ မြို့နယ် လယ်စိုက် အဲလိုရှိပါတယ်။ လယ်ယာ မြေနဲ့ ပတ်သက်လာရင် သူတို့တာဝန်ခံပြီး လုပ်ပေးပါတယ်။ တကယ်လို့ မရှင်းလင်းဘူး ဆိုရင် တပ်တော်က လာပြီးတော့ လယ်ဆယ်ကိုခေါ်တယ်။ မြေစာရင်းကိုခေါ် ရှင်းပေးတယ်။ အဲလို သဘောမျိုးပေါ့။” လို့ ဦးမောင်မောင်ဆန်းက ပြောပါတယ်။

ဒေသတွင်း အုပ်ချုပ်ရေးတွေ အစားထိုးမှု အခြေအနေထဲ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို AA က ခန့်အပ်ထားတာ ရှိသလို အစိုးရက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ကိုယ့်ဖက်ပါအောင် စည်းရုံးတာမျိုး လည်းရှိပါတယ်။

“ကျနော်တို့ ဖက်မှာတော့ အရင်အုပ်ချုပ်ရေးမှူးပဲ။ ဘယ်လိုဆိုရမလဲ တပ်တော်ဖက်ကလည်း ဖွဲ့စည်းထားပါတယ်။ ရပ်မိဘတွေနဲ့ ဥက္ကဌနဲ့ ညှိနှိုင်းပြီးမှပဲ ဘယ်ကိစ္စ မဆိုပေါ့။ ငွေကြေး ကိစ္စသော်လည်းကောင်း၊ ကိုဗစ်-၁၉ ကိစ္စသော် လည်းကောင်း ပူးပေါင်းဆောင်ရွက်ပြီး သွားကြတယ်။ ဟိုဖက်(အေအေ)ကိုပဲ တိုင်တာလေ။ ဒီဖက်မှာက ရှိမှမရှိတော့တာ။ ရုံးမရှိရင် ဘာမှ မရှိတော့ဘူး။”

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန်ကတော့ ကျေးရွာတွေမှာ အေအေက အုပ်ချုပ်ရေးမှူး သီးသန့် ချပေးထားမရှိဘဲ အစိုးရကခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကိုပဲ မိမိဘက်ပါအောင် စည်းရုံးတာမျိုးတွေ့ရတယ်လို့ ဆိုပါတယ်။

ကျေးရွာတွေမှာ အေအေကရော၊ အာဏာရအစိုးရကပါ အုပ်ချုပ်ရေးမှူးတွေ ခန့်ထားကြသလားဆိုတဲ့ မေးခွန်းကို ဦးထွန်းသာစိန်က “အဲဒီလို အပြိုင်မရှိဘူး။ အစိုးရက အသိအမှတ်ပြုထားတဲ့လူသည် သူ့လူ ဖြစ်အောင် ကြိုးစားတယ်။ အဲဒီလို”လို့ ပြောပါတယ်။

တရားစီရင်ရေးကဏ္ဍမှာလည်း ခိုးမှုကအစ၊ မုဒိန်းမှုနဲ့ လူသတ်မှုတွေအထိ လုပ်ဆောင်လာတာ မြင်တွေ့ ရတယ်လို့ သူက ပြောပါတယ်။

“တရားဥပဒေအရ ခိုးမှုကအစ လူသတ်မှု၊ မုဒိန်းမှုတွေအထိ ကိုင်တွယ်လာတာကို မြင်ရတယ်။”

လက်ရှိ အေအေက သွားနေတဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေနဲ့ ပတ်သက်ပြီး ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကို မေးမြန်းပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

တကယ်တော့ ဒီကိစ္စရပ်တွေကို အေအေက ရခိုင်ပြည်နယ်မှာ စတင်အခြေချလာစဉ်တည်းက တချို့ကျေးရွာတွေမှာ ဆောင်ရွက်ပြီးသား ဖြစ်နေခဲ့သလို တချို့ဒေသတွေမှာလည်း နောက်ပိုင်းမှ လုပ်လာခဲ့တာပါ။

၂၀၁၅ နောက်ပိုင်း ရခိုင်ပါတီက အနိုင်ရပေမယ့် ရခိုင်ပါတီက ပြည်နယ်ကို အုပ်ချုပ်ခွင့်မရတာ၊ နောက်တခါ ရခိုင်ခေါင်းဆောင်တွေကို ဖမ်းဆီးတာနဲ့ အတိတ်က ခမ်းနားခဲ့တဲ့ ရခိုင့်အထိမ်းအမှတ်နေ့တွေကို ကျင်းပခွင့် ပိတ်ပင်တာတွေကို ရခိုင်ဒေသခံတွေက များစွာကြုံတွေ့လာခဲ့ကြရပါတယ်။

ဒီလိုအကြောင်းကြောင်းတွေကြောင့် ရခိုင်လူထုဟာ အစိုးရကို အယုံအကြည်မဲ့လာကြပြီး မိမိတို့လူမျိုးနဲ့ ဖွဲ့စည်း ထားတဲ့ အေအေအပေါ် ထောက်ခံမှုများလာခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ရခိုင်စစ်ရေးကာလအတွင် ထောက်ခံမှုအားနည်းနေခဲ့တဲ့ ပြည်နယ် တောင်ပိုင်းကပါ အေအေအပေါ် ထောက်ခံမှုရှိကြောင်း ထုတ်ဖော်ချက်တွေလည်း ရှိလာခဲ့ပါတယ်။

 1,497 total views,  2 views today